အင်ဂျန့်ယန်မြို့နယ် ကျေးရွာတစ်ခုကို စစ်တပ်က ဗုံးကြဲလို့ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရ
ရွေးကောက်ပွဲနေ့မှာ ရွေးကောက်ပွဲ မဖြစ်နိုင်တော့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေ အင်ဂျန့်ယန်မြို့နယ် (Njang Yang) ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၈ ရက် ည ၉ နာရီခွဲလောက်မှာ မြစ်ဆုံအထက် အင်ဂျန်းယန်မြို့သို့ သွားလမ်းပေါ်ရှိ တန်ဘောင်ယန် (Tangbau Yang) ကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၂ လုံး မီးလောင်ပျက်စီးသွားကာ အရပ်သား ၄ ဦး ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“မြစ်ကြီးနားကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တန်ဘောင်ယန်ရွာကို ဗုံးလာကြဲသွားတယ်။ ညမီးပုံမှာ မီးလှုံနေကြတဲ့အချိန် အဲဒီဘေးမှာ ဗုံးကျလို့ ၄ ယောက်ထိခိုက်သွားတယ်။ အဲဒီနောက်မှာပဲ တန်ဖရဲရွာကုန်းကနေ စစ်တပ်တွေ လက်နက်ကြီးနဲ့ ၄ ကြိမ်လောက် ပစ်ခတ်ပေးတယ်”ဟု မြစ်ဆုံဒေသခံတစ်ဦးက KNG ကို ပြောပြလာပါတယ်။
စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ပျက်စီးသွားကာ ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ အခြေအနေ အသေးစိတ်ကို KNG က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ပြီးနောက် တစ်ပြိုင်နက် မြစ်ဆုံ တန်ဖရဲကျေးရွာစစ်တပ် စခန်းကုန်းကပါ လက်နက်ကြီးနဲ့ ၄ ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
မြစ်ဆုံကနေ ၅ မိုင်လောက်အကွာမှာရှိတဲ့ တန်ဘောင်ယန်ကျေးရွာမှာ ဒေသခံရွာသားတချို့နဲ့ ရွှေးတူးဖော်တဲ့သူတွေသာ အများအားဖြင့် နေထိုင်ကြတယ်လို့ ဆိုပါတယ်။
“ဘာမှ တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိ စစ်တပ်က အဲလိုအကြောင်းမဲ့ ဗုံးလာကြဲတာ။ အဓိကတော့ အင်ဂျန်းယန်က KIO အစိုးရအောက်နယ်မြေ ဖြစ်လို့လေ။ အဲဘက်ကို စစ်တပ်ရဲ့ လေကြောင်းဗုံးလာကြဲတာလည်း အခု ပထမဆုံးအကြိမ်ပဲ။ တန်ဘောင်ရွာက ရွာဆိုပေမဲ့ ရွာသားအများပိုင်းက စစ်ရှောင်နေကြတာဟုတ်တယ်။ အခုက ရွှေမှော်ရွာလိုဖြစ်သွားတဲ့ နေရာဟုတ်တယ်”ဟု မြစ်ဆုံဒေသခံက ဆက်ပြောပါတယ်။
အင်ဂျန်းယန်မြို့နယ်ဟာ ၂၀၂၃ ခုနှစ်ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားခြင်းမရှိပဲ စစ်တပ်၊ ရဲ ၊ အစိုးရဝန်ထမ်း စသဖြင့် စစ်ကော်မရှင်အပေါင်းအပါအားလုံး အလံဖြူထောင်ကာ ဆုတ်ခွာသွားကြပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်ထိန်းချုပ်လိုက်ကာ KIO အစိုးရယန္တရားအောက် လည်ပတ်နေတဲ့ ဒေသဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲ စတင်တဲ့ နေ့ညမှာတင် KIA ထိန်းချုပ်ထားတဲ့နယ်မြေတွေကို လေကြောင်းကနေ ဗုံးကြဲနေတာလည်းဖြစ်ပါတယ်။ KIA/KIO ထိန်းချုပ်ထားတဲ့ မြစ်ဆုံအထက် အင်ဂျန်းယန်မြို့နယ်ဟာ စစ်တပ်အလိုကျ ရွေးကောက်ပွဲ မကျင်းပနိုင်တော့တဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။
By – ဂျာဘောက်ရာ



