နောင်းမီ ကချင်လူငယ် ၄ ဦး သတ်ဖြတ်ခံရပြီးနောက် ဒေသခံတွေ ဘာတွေကြုံနေရလဲ

တနိုင်းလီဒိုလမ်းမပေါ်ရှိ နောင်းမီဒေသခံ ကချင်လူငယ် ၄ ဦး သတ်ဖြတ်ခံရပြီးနောက် ဒေသခံပြည်သူတွေကြား လုံခြုံရေးစိုးရိမ်မှု ပိုမိုမြင့်တက်လာပါတယ်။

အထူးသဖြင့် ဝါရာဇွပ်၊ ရှဒူးဇွပ်၊ နောင်းမီနဲ့ ဒွန့်ဘန့်တစ်ဝိုက်မှာ နေထိုင်သူတွေဟာ အပြင်ထွက်သွားလာတဲ့အခါ စစ်ဆေးခံရတာ၊ ဖမ်းဆီးခံရတာတွေအပြင် အသက်အန္တရာယ်အထိ စိုးရိမ်နေရပြီး လိုအပ်တဲ့ကိစ္စရှိမှသာ သွားလာနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုဆိုရင် ဒီဘက်မှာ ပြည်သူ့စစ်အဖွဲ့တွေကို တအားကြောက်နေရတဲ့ အခြေအနေဖြစ်နေပြီ။ သူတို့က ရှဒူးဇွပ်၊ ဝါရာဇွပ်၊ နောင်းမီ၊ ဒွန့်ဘန့်တစ်ကြောက ပြည်သူတွေက တစ်ခုခုဆိုရင် သွားလာဖို့ ဂရုစိုက်ပြီး သွားလာနေရပြီ။ အခုလည်း ယောက်ထပ်သတ်ခံရတယ်။ အရင်တုန်းကလည်း အမြဲအဲ့လိုလုပ်တယ်။ သတ်ခံရတဲ့ထဲမှာ ကျမတို့သိတဲ့သူတွေတောင် တော်တော်များလာပြီ။ အခုသူတို့ထိုင်ထားတဲ့ လဝါးဂိတ်တွေမှာလည်း ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်တွေလည်းရှိတယ်။ မသိလိုက်တဲ့ ဖြစ်စဉ်တောင် ဘယ်လောက်ထိရှိမလဲ။ အဲ့ဒါကြောင့် အခုဆိုရင် တစ်နေရာကို သွားလာဖို့တောင် အရမ်းကြောက်နေရတယ်လို့ နောင်းမီဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

ဒေသခံတွေ သွားလာဖို့တောင် ကြောက်ရွံ့လာရတဲ့ အခြေအနေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဝါရာဇွပ်ဒေသမှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေ နယ်မြေထိန်းချုပ်မှု တိုးချဲ့လာတာနဲ့အတူ အရပ်သားပြည်သူတွေ ဖမ်းဆီးခံရတာ၊ သတ်ဖြတ်ခံရတာနဲ့ ငွေကြေးပေးပြီး ပြန်လည်လွတ်မြောက်လာရတဲ့ ဖြစ်စဉ်တွေ ပိုများလာတာကြောင့်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာမသိမ်းခင်အထိ လီဒိုလမ်းမပေါ်ရှိ နောင်းမီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ်၊ ဘန်ကောက်၊ စံပြနဲ့ အောင်ရာကျေးရွာတွေဟာ စစ်ရေးကင်းမဲ့ပြီး အနီးဝန်းကျင် ရွှေမှော်ဒေသတွေဆီ အတားအဆီးမရှိ အလွယ်တကူသွားလာလုပ်ကိုင်နိုင်တဲ့ ကျေးရွာတွေ ဖြစ်ကြပါတယ်။

ဒါပေမယ့် စစ်တပ်အာဏာသိမ်းထားတဲ့ ၅ နှစ်တာအတွင်း ဝါရာဇွပ်ပြည်သူ့စစ်အမည်ခံအဖွဲ့တွေက တနိုင်းသွားလီဒိုလမ်းမကြီးတစ်လျှောက်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ရွှေမှော်ဒေသတွေကိုပါ နယ်မြေထိန်းချုပ်ဖို့ စစ်ရေးဖော်ဆောင်လာတာကြောင့် ဒေသဟာ စစ်ရေးနယ်မြေတစ်ခုလို ပြောင်းလဲလာခဲ့ပါတယ်။

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေဟာ နယ်မြေထိန်းချုပ်နိုင်ဖို့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျေးရွာအဝင်အထွက်နေရာတွေမှာ ဂိတ်ချတပ်စွဲလာပြီး သွားလာတဲ့ ပြည်သူတွေကို မသင်္ကာမှုနဲ့ ဖမ်းဆီးတာ၊ စစ်ဆေးတာတွေအပြင် သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်တွေလည်း ရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်း ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ အင်အားပိုပြီး ကြီးထွားလာတာနဲ့အတူ ဒေသအတွင်း KIA နဲ့ ဆက်စပ်မှုရှိတယ်လို့ ယူဆရတဲ့သူတွေကို ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်တွေအပြင် ဖမ်းဆီးခံရသူတွေကို ငွေကြေးနဲ့ ပြန်ရွေးခိုင်းပြီး လွတ်မြောက်လာတဲ့ ဒေသခံတွေလည်း ရှိပါတယ်။

အခုတစ်ခေါက် ဩဂုတ်လ ၉ ရက်နေ့မှာလည်း ကချင်လူငယ်အမျိုးသား ၄ ဦးကို အလောင်းဖျောက် သတ်ဖြတ်မှု ထပ်မံကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူတွေဟာ အသက် ၂၅ နှစ်အရွယ် ဦးဒေါင်လွမ်း၊ အသက် ၂၁ နှစ်အရွယ် လမိုင်ဂွမ်းမိုင်၊ အသက် ၁၉ နှစ်အရွယ် ဆွတ်အောင်နဲ့ အသက် ၁၈ နှစ်အရွယ် ထွယ်ဆန့်အောင်တို့ ဖြစ်ပါတယ်။

သူတို့ ၄ ဦးဟာ ဩဂုတ်လ ၇ ရက်နေ့မှာ ရွှေမှော်ထဲ ကျင်းသားလုပ်ဖို့ အိမ်ကနေထွက်လာကြချိန် နောင်းမီနဲ့ ဝါရာဇွပ်ကျေးရွာနှစ်ခုကြားမှာ ပြည်သူ့စစ်အဖွဲ့က မသင်္ကာမှုနဲ့ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သတင်းကြောင့် မိသားစုဝင်တွေနဲ့ ကျေးရွာတာဝန်ရှိသူတွေက ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ထံ သွားရောက်ပြီး ပြန်လည်လွတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ပြန်လည်လွတ်မြောက်လာခြင်း မရှိခဲ့ပါဘူး။

နောက်ပိုင်းမှာ ပြည်သူ့စစ်အဖွဲ့ဘက်ကစခန်းအတွင်းက ထွက်ပြေးတာကြောင့် လက်လွန်လိုက်မိတယ်လို့ ပြောဆိုခဲ့မှ လူငယ် ၄ ဦး သေဆုံးကြောင်း မိသားစုဝင်တွေက သိရှိခဲ့ရတယ်လို့ နောင်းမီဒေသခံတွေက ပြောပါတယ်။

လူငယ် ၄ ဦးရဲ့ ရုပ်အလောင်းတွေ ပြန်ရရှိဖို့ မိသားစုဝင်တွေနဲ့ ရပ်မိရပ်ဖတွေက ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကနေတစ်ဆင့် ကချင်ပြည်နယ်ဝန်ကြီးနဲ့ တိုင်းမှူးအထိ တောင်းဆိုခဲ့ပေမယ့် အလောင်းတွေကို ပြန်မရခဲ့ဘူးလို့ ဆိုပါတယ်။

အလောင်းပြန်မပေးဘဲ ငွေနဲ့ ကြေအေးခိုင်းခဲ့ကြောင်း နောင်းမီဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

သတ်လိုက်တဲ့ ဦးရဲ့ ရုပ်အလောင်းတောင်းပေမယ့် မပေးဘူး။ မပေးလို့ဆိုပြီး PCG ကို အကူအညီတောင်းတယ်။ PCG ကနေတစ်ဆင့် ကချင်ပြည်နယ်ဝန်ကြီးဆီပြောတယ်၊ ဝန်ကြီးကနေ တိုင်းမှူးအထိပြောတယ်။ ဒါပေမယ့် အလောင်းပြန်မပေးဘူး။ တစ်ယောက်ကို သိန်း ၂၀၀ ပေးပြီး ကြေအေးခိုင်းလိုက်တယ်။ ဖြစ်စဉ်က ဒီလိုဟုတ်ပါတယ်လို့ ပြောပါတယ်။

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က သေဆုံးသူတစ်ဦးစီအတွက် ငွေသိန်း ၂၀၀ ပေးပြီး ကြေအေးခိုင်းခဲ့တာကြောင့် မိသားစုဝင်တွေဟာ အလောင်းမရရှိဘဲ တစ်ဦးချင်းစီအတွက် ဆုတောင်းပွဲတွေကို တစ်ရက်ခြားစီ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူ ၄ ဦးကို သတ်ဖြတ်ပြီး ငွေပေးကြေအေးခိုင်းတဲ့အပေါ် ကျေနပ်မှုမရှိပေမယ့် လက်ခံလိုက်ရတဲ့ အခြေအနေမှာ ဖြစ်ခဲ့ရတယ်လို့ နောင်းမီဒေသခံတွေက ပြောပါတယ်။

လူငယ် ၄ ဦး ဖမ်းဆီးခံရပြီးနောက် ဩဂုတ်လ ၈ ရက်နေ့မှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ တည်ရှိရာ စံပြကျေးရွာ ပြည်သူ့စစ်စခန်းနေရာကို KIA က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒီနောက် လူငယ် ၄ ဦးကို သတ်ဖြတ်ခဲ့တာလို့ နောင်းမီဒေသခံတစ်ဦးက ပြောပါတယ်။

အခုဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ထဲမှာ KIA နဲ့ ပတ်သက်တဲ့သူတစ်ယောက်မှ မပါဘူး။ သိရသလောက်က ဖမ်းဆီးခံရပြီး ရက်နေ့မနက်မှာ စံပြပြည်သူ့စစ်နေရာကို KIA က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အဲ့မှာ အထိနာတာတွေရှိခဲ့လို့ ဖမ်းဆီးထားတဲ့ ယောက်ကို သတ်ဖြတ်လိုက်တာလို့ပဲ သိကြတယ်လို့ ပြောပါတယ်။

KIA တပ်မဟာ ()၊ တပ်ရင်း (၁၄) နယ်မြေအဖွဲ့က ဝခါးကျေးရွာဘက်ခြမ်းကနေ ပြည်သူ့စစ်နေရာကို ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ စစ်သင်တန်းပို့ချတဲ့နေရာ ထိခိုက်ပျက်စီးမှုရှိခဲ့သလို တပ်သားတချို့လည်း သေဆုံးမှုရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီအခြေအနေတွေကို ကြည့်ရင် မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဟာ တပ်စခန်းတွေ တိုက်ခိုက်ခံရတဲ့အခါ စစ်ရေးကို စစ်ရေးနဲ့ တုံ့ပြန်တာထက် အရပ်သားပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာလည်း ဖမ်းဆီးထားတဲ့ ကချင်အမျိုးသား ၃ ဦးကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်မှာ KIA တပ်တွေက ရှဒူးဇွပ်ကျေးရွာရှိ မင်းဇေသန့်နေအိမ်နဲ့ စံပြကျေးရွာရှိ ပြည်သူ့စစ်စခန်းတွေကို တပြိုင်နက် တိုက်ခိုက်ခဲ့ပြီးနောက် ဦးဇော်လွမ်းတူး၊ ဖရော့ဘရန်မိုင်နဲ့ အင်ခွမ်တူးအောင် စတဲ့ ၃ ဦးကို သတ်ဖြတ်လိုက်တာ ဖြစ်ပါတယ်။

နောက်ပြီး ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေဟာ ရှဒူးဇွပ်၊ ဝါရာဇွပ်၊ ဘန်ကောက်၊ အောင်ရာနဲ့ စံပြကျေးရွာတွေမှာ သွားလာတဲ့ ပြည်သူတွေကို KIA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံရတဲ့ အမျိုးသားတချို့ကိုလည်း ရိုက်နှက်ပြီး ငွေကြေးနဲ့ ပြန်လည်ရွေးယူခိုင်းတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့တယ်လို့ စံပြကျေးရွာနေ ပြည်သူတွေက ပြောပါတယ်။

ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ၂၀၂၃၂၀၂၆ ခုနှစ်အတွင်း KIA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံရတဲ့ အမျိုးသား စုစုပေါင်း ၃၀ နဲ့ ၅၀ ဝန်းကျင်ကြားမှာ ရှိလာပြီလို့ ပြောပါတယ်။ အဲဒီထဲမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ သတ်ဖြတ်ခံရသူ အယောက် ၂၀ ထက်မနည်း ရှိပြီလို့ ဖြစ်စဉ်သိရှိတဲ့ ဒေသခံတွေက ပြောပေမယ့် KNG အနေနဲ့ အသေးစိတ်အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တချို့က ပြန်လည်လွတ်မြောက်လာပေမယ့် ဖမ်းဆီးခံရတဲ့အချိန်အတွင်း ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် လွတ်မြောက်လာပြီးနောက် သေဆုံးသွားတဲ့သူတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ရေးပဋိပက္ခမှာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ဒေသခံတွေကို ဓားစာခံအဖြစ် ဖမ်းဆီးသတ်ဖြတ်တာဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့ Kachin Human Rights Watch (KHRW) က ဒေါ်ဆိုင်းမိုင်က ထောက်ပြပြောဆိုပါတယ်။

အခုလို ပြည်သူတွေကို ဓားစာခံလုပ်ပြီး သတ်၊ ဖြတ်၊ ဖမ်းဆီးပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးတဲ့ ဖြစ်စဉ်တွေက လူမျိုးသုန်းသတ်ဖြတ် ကျူးလွန်နေတာဖြစ်တယ်။ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဓားစာခံလုပ်နေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ပေးပါ။ အခုချိန်မှာ ကျနော်တို့ ဘာမှမလုပ်နိုင်သေးပေမယ့် နောင်တစ်ချိန်ကျရင် ကိုယ်လုပ်တဲ့ပြစ်မှုတွေကို ခံရလိမ့်မယ်ဖြစ်တယ်။ ပြည်သူတွေ တရားမျှတမှုမရရှိတဲ့ ဖြစ်စဉ်တွေက ဘယ်တော့မှ ဖုံးကွယ်ထားနိုင်မှာမဟုတ်လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်ခံရတဲ့ မိသားစုဝင်တွေ စိတ်ကျေနပ်မှုရရှိတဲ့အထိ တာဝန်ယူဖြေရှင်းပေးပြီး တောင်းပန်ပေးရမှာဖြစ်တယ်လို့လည်း ဆက်ဆိုပါတယ်။

ဝါရာဇွပ်၊ ရှဒူးဇွပ်၊ နောင်းမီ စတဲ့ ဒေသအတွင်းနေထိုင်တဲ့ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တဲ့ လုပ်ရပ်တွေကြောင့် အဲဒီဒေသမှာ နေထိုင်တဲ့ အမျိုးသားအများစုက ကျေးရွာအတွင်းကနေ တိမ်းရှောင်သွားကြသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းဇေသန့် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဖားကန့်သွားလမ်းပေါ်က လဝါးကျေးရွာအထိ နယ်မြေတိုးချဲ့ထိန်းချုပ်လာပြီး ကျေးရွာအဝင်အထွက်နေရာတွေမှာ ဂိတ်တွေချထားကာ ကုန်ကားတွေအပါအဝင် ခရီးသည်ယာဉ်နဲ့ ဒေသအတွင်းသွားလာတဲ့ ပြည်သူတွေကို အဓိကကြပ်မတ်စစ်ဆေးတာ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယခင်က ဝါရာဇွပ်ကျေးရွာအုပ်စုထဲက ရှဒူးဇွပ်နဲ့ စံပြကျေးရွာနှစ်ခုရဲ့ အဝင်အထွက်နေရာတွေမှာ လုံခြုံရေးရယူပြီး စစ်ဆေးရေးတင်းကြပ်ခဲ့ပေမယ့် လက်ရှိမှာ တနိုင်းလီဒိုလမ်းမတစ်လျှောက် နမ္မတီးမြို့အဝင် လဝါးကျေးရွာအထိ နယ်မြေတိုးချဲ့ပြီး တနိုင်းလမ်းနဲ့ ဖားကန့်လမ်းပိုင်း နှစ်ခုစလုံးကို ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။

ပြည်သူ့စစ်တပ်စခန်း အခိုင်အမာတည်ရှိထားတဲ့ စံပြကျေးရွာနဲ့ ရှဒူးဇွပ်ကျေးရွာနှစ်ခုမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ဝန်းကျင်အထိ ပြည်သူ့စစ်အင်အား ၁၀၀ နဲ့ ၂၀၀ ဝန်းကျင်လောက်သာ ရှိပါတယ်။

ဒါပေမယ့် လက်ရှိမှာ ပြည်သူ့စစ်အင်အား ၄၀၀ နဲ့ ၅၀၀ အထိ အင်အားများပြားလာပြီး ကျေးရွာတိုင်းမှာ တပ်နေရာတွေ ဖြန့်ချထားကာ KIA နဲ့ PDF အဖွဲ့တွေ ဝင်ရောက်လှုပ်ရှားလို့မရအောင် ထိန်းချုပ်ထားတယ်လို့ ရှဒူးဇွပ်ဒေသခံတွေက ပြောပါတယ်။

နောက်ပြီး ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ အဓိကတည်ရှိတဲ့ စံပြကျေးရွာမှာ စစ်တပ်လက်အောက်ခံဖြစ်တဲ့ ဝိုင်းမော်လီဆူပြည်သူ့စစ်၊ ဇခုန်တိန့်ယိန်း ပြည်သူ့စစ်အမည်ခံအဖွဲ့တွေရဲ့ စစ်သင်တန်းလေ့ကျင့်ရာ စစ်ဒေသတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

ရှဒူးဇွပ်ဒေသခံတွေရဲ့ ပြောပြချက်အရ မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့မှာ စစ်အင်အား ၄၀၀ နဲ့ ၅၀၀ ကြားမှာရှိပြီး ကျန်ပြည်သူ့စစ်အဖွဲ့တွေရဲ့ စစ်အင်အားနဲ့ ပေါင်းလိုက်ရင် ပြည်သူ့စစ်အင်အား တစ်ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

ဝါရာဇွပ်၊ ရှဒူးဇွပ်ဒေသဟာ မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေရဲ့ တည်ရှိရာဒေသတစ်ခုသာ မဟုတ်တော့ဘဲ စစ်တပ်လက်အောက်ခံတပ်တွေဖြစ်တဲ့ လီဆူပြည်သူ့စစ်၊ ဇခုန်တိန့်ယိန်းပြည်သူ့စစ်တို့အတွက်ပါ စစ်အင်အားမွေးထုတ်ပေးနေတဲ့ အရေးပါတဲ့ စစ်ဒေသတစ်ခု ဖြစ်လာပါတယ်။

စစ်အာဏာမသိမ်းခင် ၂၀၂၀ ဝန်းကျင်အထိ စစ်ရေးကင်းမဲ့ခဲ့တဲ့ ဒေသဟာ ၅ နှစ်တာအတွင်း ပြောင်းလဲလာတဲ့ စစ်ရေးအခြေအနေတွေကြောင့် ဒေသခံတွေဟာ ဓားစာခံဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းသွားလီဒိုလမ်းမပေါ်မှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခင် ပြည်သူ့စစ်မရှိသေးတဲ့အချိန်တုန်းကလို လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာပြီး နှစ်ဖက်စစ်တပ်ကြားမှာ ရှင်သန်နေထိုင်ဖို့ ခက်ခဲလာကြတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

By – နော်ထွယ့်

Show More

Leave a Reply

Back to top button