ရွှေကူမြစ်ကမ်းဘေးကျေးရွာတွေ လေကြောင်း၊ မြေပြင်ကပါဗုံးကြဲခံနေရ

ကချင်ပြည်နယ် ရွှေကူမြို့နယ်ကို စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောအုပ်စုရောက်ရှိလာတဲ့ ဒီကနေ့မှာပဲ ဧရာဝတီမြစ်ကမ်းနား တဝိုက်ကကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်ကနေဗုံးကြဲခံရတာတွေဆက်ဖြစ်နေပြီး အရပ်သားသေဆုံးမှု တွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကူမြို့နယ်ရဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာတော့ ဆင်တပ်၊ ရေလဲ၊ မိုးစစ်၊ ကျွန်းတော်၊ ဘိုကုန်း၊ သာယာကုန်း၊ ကျောက်တလုံး၊ ချောင်းဝ၊ မိုးတားနဲ့ မြို့ကုန်း စတဲ့ကျေးရွာတွေတည်ရှိပါတယ်။

ရေလဲရွာက အခုပစ်ချသွားတာ။ ရွာတွေကတော့ အကုန်လုံးပစ်ခံရတာ။ ရွှေကူနဲ့တစ်ဝှိုက်ပတ်ပတ်လည်က အကုန်လုံးနီးပါး လေကြောင်းပစ်ခံနေရတာပဲ။ သင်္ဘောလမ်းကြောင်းတစ်လျှောက်လုံးပေါ့။ အဓိကတော့ သင်္ဘော အခုရွှေကူရောက်ပြီဆိုတော့ ရွှေကူနားတစ်ဝှိုက်က ရွာတွေက တောက်လျှောက်ပစ်ထားတာပေါ့လို့ ရွှေကူမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်သင်္ဘောအုပ်စုဟာ ဩဂုတ်လ ၂၁ ရက်က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ ထွက်ခွာလာပြီး သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်နဲ့ ကသာမြို့တွေကို ဖြတ်သန်းကာ ဩဂုတ်လ ၂၇ ရက်မှာ ကသာကနေ ရွှေကူဘက်ကို ဆက်လက်ဆန်တက်လာတာ ဖြစ်ပါတယ်။

ရွှေကူမြို့ခံရဲ့ ပြောပြချက်အရ လက်ရှိတော့ စစ်သင်္ဘောတွေကို ရွှေကူမြို့တွင်း သင်္ဘောဆိပ်နဲ့ ဘလက်ဆိပ်မှာ ကပ်ထားပြီး ကုန်ပစ္စည်းတွေချဖို့အတွက် မြို့တွင်းက ကုန်တင်ကားတွေနဲ့ ချောဆွဲကားတွေကို စာရင်းကောက်ယူပြီး ခေါ်ထားတယ်လို့ သိရပါတယ်။

စစ်သင်္ဘောတွေက သင်္ဘောဆိပ်နဲ့ ဘလက်ဆိပ်မှာ ကပ်ထားတာပေါ့။ သင်္ဘောဆိပ်မှာတော့ ကုန်ချမယ်လို့ ထင်တာပဲ။ အဲ့ဒီမှာ ကုန်ကားတွေ၊ ချောဆွဲထားတဲ့ကားတွေ မြို့ထဲက ကားအတော်များများကို စာရင်းကောက်ပြီးခေါ်ထားတာ။ အလှည့်ကျနဲ့ အဲ့မှာ တန်းစီပြီး ကုန်တင်ကြမှာလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

သင်္ဘောဆိပ်ဟာ ရွှေကူမြို့ အမှတ် ၂ ရပ်ကွက်မှာရှိပြီး ဘလက်ဆိပ်ကတော့ အမှတ် ၁ ရပ်ကွက်မှာ ရှိတယ်လို့ သိရပါတယ်။

အခုလို စစ်သင်္ဘောအုပ်စု ရွှေကူမြို့အတွင်း ရောက်ရှိနေချိန်မှာပဲ မြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး အရပ်သားထိခိုက်သေဆုံးမှုအခြေအနေကိုတော့ ဒေသခံတွေဆီက ဆက်လက်စုံစမ်းနေပါတယ်။

အရပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ အထက်ပါဒေသခံကသေဆုံးသူတွေက အနည်းနဲ့အများတော့ရှိနေတာပဲ။ တိတိကျကျတော့ စာရင်းတွေက မရထားဘူးပေါ့။ ၁၀ ယောက်ထက် မနည်းတော့ ရှိပြီလို့ထင်တယ်လို့ ပြောပါတယ်။

စစ်သင်္ဘောအုပ်စုဟာ ကသာကနေ ရွှေကူဘက်ကို ဆန်တက်လာချိန်မှာ မြစ်ရေကျဆင်းနေတဲ့အတွက် မင်းလဲကျေးရွာအထက် ဝဲကြီးကျေးရွာအနီးမှာ သောင်တင်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တချို့ရေယာဉ်တွေကလည်း ရွှေကူမြို့အနီး ကျွန်းတော်ရွာမှာ ညအိပ်ရပ်နားခဲ့ပြီး ဒီနေ့မနက်မှာ ရွှေကူမြို့ဘက်ကို ဝင်ရောက်လာတာဖြစ်ပါတယ်။

လက်ရှိရရှိထားတဲ့ အချက်အလက်တွေအရ အရပ်သားသေဆုံးသူ ၁၀ ဦးထက်မနည်းရှိတယ်ဆိုတဲ့ အချက်ကို သီးခြားအတည်ပြု နိုင်ခြင်းတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ကျွန်းတော်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရာကနေ ဒေသခံကာကွယ် ရေး တပ်တွေနဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားပြီး အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

ဒီနေ့မနက်ပိုင်းမှာ စစ်သင်္ဘောအုပ်စုရဲ့ အများစု ရွှေကူမြို့ ဆိပ်ကမ်းကို ရောက်ရှိနေပြီဖြစ်ပြီး စစ်ရေးသတင်းရင်းမြစ်တွေကတော့ စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်ဗန်းမော်မြို့ကိုဦးတည်ပြီး ကြည်း၊ ရေ၊ လေ စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောကြပါတယ်။

လက်ရှိ စစ်သင်္ဘောအုပ်စုဟာ ရွှေကူမြို့ကို ရောက်ရှိနေပြီဖြစ်ပေမယ့် ဗန်းမော်ဘက်ကို ဘယ်အချိန် ဆက်လက်ဆန်တက်မလဲ ဆိုတာကိုတော့ လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

By – အမိုး

Show More

Leave a Reply

Back to top button