“မြစ်ဆုံစီမံကိန်း နှင့် တိတ်ဆိတ်သွားသော လူထုအသံများ”
ဆန်းစစ်ချက်ဆောင်းပါး/Ah Moe
ဒေသခံတစ်ဦးက သူ့အမြင်ကို ထုတ်ဖော်ပြောဆိုရန် စိတ်ရှိနေသော်လည်း လုံခြုံရေးအပေါ် စိုးရိမ်မှုများက ထင်ဟပ်နေသည်။
စကားပြောနေချိန် တစ်လျှောက်လုံးတွင် အသံကိုအနည်းငယ်လျှော့ပြောနေသဖြင့် စကားလုံးတစ်လုံးချင်းကို သတိထားပြောဆို နေပုံပေါ်သည်။
“မြစ်ဆုံစီမံကိန်းအတွက် သူတို့စိုးရိမ်တယ်၊ ဒါပေမဲ့ အသံထွက်လာတာ မရှိတော့ဘူး။ event တက်မယ်ဆိုရင်လည်း မပါဝင်တော့ဘူး၊ ဖမ်းခံရမယ်၊ ခြိမ်းခြောက်ခံရမယ်လို့ သတိပေးနေကြပါတယ်။ ဘယ်သူမှ ကိုယ်ကို ကယ်မပေးပါဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်လိုသော်လည်း လက်တွေ့တွင် ဒေသခံအသံများ တိတ်ဆိတ်သွားနေခြင်းကို ထိုဒေသခံက ရင်ဖွင့်လာခြင်းဖြစ်သည်။
မြစ်ဆုံစီမံကိန်းအပေါ် ဒေသခံများ၏ စိုးရိမ်ပူပန်မှုများသည် မပျောက်ကွယ်သေးပေ။ ထိုစီမံကိန်းကို နှစ်ပေါင်းများစွာ ကန့်ကွက် လာခဲ့သည့် လူထုများ၏ အသံသည် ယနေ့တွင် တဖြည်းဖြည်း တိတ်ဆိတ်သွားရသည်။
အကြောင်းမှာ လူထုအနေဖြင့် မိမိတို့၏ လုံခြုံရေးကို ဦးစားပေးစဉ်းစားလာရခြင်းကလည်း အရေးကြီးသော အကြောင်းရင်းတစ်ခု ဖြစ်နေသည်။
ဒေသအတွင်းစစ်ရေးအခြေအနေမတည်ငြိမ်မှု၊ စစ်ကော်မရှင်က စီမံကိန်းများကို ကန့်ကွက်လျှင် တည်ဆဲဥပဒေအရ အရေးယူမည် ဆိုသည့် ကြေညာချက်များကြောင့် ဒေသခံများသည် အချိန်မရွေး ဖမ်းဆီးခံရနိုင်ခြေရှိနေသည်။ ထို့ကြောင့် ဒေသခံလူထုများအနေ ဖြင့် မိမိတို့၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကိုယ်တိုင် ကန့်သတ်လိုက်ရသည်။
ထို့အပြင် အလုပ်အကိုင်အခွင့်အလမ်းကနည်းပါးမှုကြောင့် ဒေသခံများအများစုသည် ရွှေတူးဖော်ရေးကဲ့သို့သော သယံဇာတလုပ် ငန်းများကို ပိုမိုမှီခိုလာကြရသည်။

မိမိဘဝ တိုးတက်ဖွံ့ဖြိုးဖို့ဆိုသည့် အိပ်မက်များထက် ဝမ်းရေးနှပ်မှန်ရန်သာ ရုန်းကန်နေချိန်တွင်၊ မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်မှု သည် မိမိတို့၏ လတ်တလော စားဝတ်နေရေးကို ထိခိုက်စေနိုင်သည်ဟူသော စိုးရိမ်မှုများ ရှိနေသည်။
တစ်ချိန်က လူထုအင်အားဖြင့် ရပ်တန့်နိုင်ခဲ့သည့် မြစ်ဆုံစီမံကိန်းသည် ယနေ့တွင် ထပ်မံပြန်လည် လှုပ်ရှားလာချိန်၌အရင်လို
ပွင့်လင်းသောဆန့်ကျင်မှုများ မမြင်တွေ့ရတော့ခြင်းသည် ထင်ရှားသောပြောင်းလဲမှုတစ်ရပ်ဖြစ်သည်။
ဒေသခံများ၏ ပြောဆိုချက်များအရ စီမံကိန်းနှင့် ဆက်စပ်သူများ၏ လှုပ်ရှားမှုများကိုမြစ်ဆုံစီမံကိန်းကြောင့်ပြောင်းရွှေ့ခဲ့ရသည့် ဒေသခံတို့၏ကျေးရွာများအတွင်း ပြန်လည်မြင်တွေ့လာရသည်ဟု KNG ကစုံစမ်းသိရသည်။
“ရွာထဲမှာ သူတို့ရဲ့လူတွေ တောက်လျှောက်ရှိနေတယ်။ အရင်တုန်းက စစ်ဖြစ်တဲ့အချိန်မှာ ခဏရှောင်သွားတာပဲ… အခု ၂၀၂၆ မှာ ပြန်ပြီး လှုပ်ရှားလာတဲ့ပုံစံရှိတယ်” ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောသည်။
စီမံကိန်းနှင့် ဆက်စပ်နေသည့် China Power Investment Corporation (CPI) မှ ဝန်ထမ်းများသည် ရွာများအတွင်းဆက်လက် ရှိနေကြောင်း၊ လတ်တလောတွင် သက်ကြီးရွယ်အိုများနှင့် ကျောင်းသားများကို ဆန်၊ ဆောင်များပံ့ပိုးခြင်း၊ ကျောင်းဆုပေးပွဲများ တွင် ဆုချီးမြှင့်ခြင်းကဲ့သို့သော လှုပ်ရှားမှုများ ပြုလုပ်လာသည်ဟု သိရသည်။

သို့သော် မြစ်ဆုံစီမံကိန်းအကောင်အထည်ဖော်ဖို့ရန် အထူးသဖြင့် ရွှေ့ပြောင်းခံရသောသူများ၊ အထိခိုက်ဆုံးဒေသခံများနှင့် တိုက်ရိုက် ဆက်သွယ်မှုများ မရှိသေးကြောင်းလည်း ဒေသခံများကဆိုသည်။
“အရေးယူမယ်ဆိုပြီး ပြောထားပြီးမှ လူထုသဘောထားကို သွားမေးရင် ဘယ်သူက ဖြေရဲမှာလဲ”
မြစ်ဆုံ တွေ့ဆုံပွဲများ၏ လွတ်လပ်မှုအပေါ် စိုးရိမ်သံ
မြစ်ဆုံစီမံကိန်းသည် လူထုကန့်ကွက်မှုကြောင့် အစိုးရနှစ်ဆက် ၁၄ နှစ်ကျော် ရပ်နားထားခဲ့ရသောစီမံကိန်းတစ်ခုဖြစ်သည်။
သို့သော် စစ်ကော်မရှင်ဘက်မှ အာဏာသိမ်းပြီး ၅ နှစ်နီးပါးအကြာတွင် ထိုစီမံကိန်းကို ပြန်လည် စတင်နိုင်ရန်အသည်းအသန်ကြိုးစားလာနေသည်။
ထိုလှုပ်ရှားမှုများအနက် အထင်ရှားဆုံးမှာ မြစ်ကြီးနားမြို့နယ်အတွင်း ခပ်စိပ်စိပ်ပြုလုပ်နေသော လူထုတွေ့ဆုံဆွေးနွေးပွဲများဖြစ်သည်။
အာဏာသိမ်းစစ်တပ်၏ ပြည်ထောင်စုဝန်ကြီးများ၊ ဒေသခံကော်မတီဝင်များ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ရပ်မိရပ်ဖများ၊ ယူနန်တရုတ်ဘုံကျောင်း က ကျောင်းသား၊ ကျောင်းသူများ အပါအဝင် သူနာပြုကျောင်း၊ အရန်မီးသတ်၊ ကြက်ခြေနီအဖွဲ့၊ လူမူရေးအသင်းအဖွဲ့၊ နှင့် ဒေသခံ တချို့ကို တက်ရောက်စေခဲ့ကြပြီး စစ်ကော်မရှင်ဘက်မှ အလေးထား စည်းရုံးနေမှုကို ပြသနေသည်။
ထို့အပြင် စစ်တပ်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့လည်း တက်ရောက်ကာ မြစ်ဆုံဆည်သည် ကောင်းကျိုးများရှိနေသဖြင့် တည်ဆောက်ရေးကို ထောက်ခံသင့်ကြောင်း အမှာစကားများ ပြောကြားခဲ့သည်။

ဦးခက်ထိန်နန်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မြစ်ဆုံဆည်စီမံကိန်း လူထုဆန့်ကျင်ပွဲတစ်ခုတွင် လီဆူအမျိုးသားဝတ်စုံဝတ်ဆင်ကာ လက်မောင်းတွင် No Myitsone Dam လက်ပတ်ပတ်ပါဝင်ခဲ့ဖူးသူလည်းဖြစ်သည်။ သို့သော် အာဏာသိမ်းပြီးနောက် ပြည်နယ်စစ်ကောင်စီ ဥက္ကဋ္ဌ၊ ဝန်းကြီးချုပ်အဖြစ်နေရာပေးခံရပြီးနောက် မြစ်ဆုံစီမံကိန်းကို ပြန်လည်ဖြစ်မြောက်အောင် ကြိုးစားလုပ်ဆောင်ပေးသူ ပြန်ဖြစ်လာသည်။
ထို့အပြင် တစ်ချိန်က မြစ်ဆုံစီမံကိန်းကိုကန့်ကွက်ခဲ့သူတစ်ဦးဖြစ်ခဲ့ဖူးသည့် လက်ရှိ စစ်ကော်မရှင်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူသည်လည်း မြစ်ဆုံစီမံကိန်းကိုပြန်လည်ထောက်ခံနေသည်။
တစ်ချိန်က မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ခဲ့ဖူးသည့် ဦးခက်ထိန်နန်၊ ဒေါ်ဒွဲဘူတို့၏ ယခုထောက်ခံပြောဆိုနေမှုသည် ၎င်းတို့၏ မူလရပ်တည်ချက်မှပြောင်းလဲလာမှုကိုပြသနေပြီး၊ စီမံကိန်းအပေါ်သဘောထားများသည် နိုင်ငံရေးနှင့်စီးပွားရေးအခြေနေများ အပေါ်မူတည်၍ ပြောင်းလဲနိုင်ကြောင်းကိုလည်းထင်ဟပ်စေသည်။
ထို့အပြင် ယခုကဲ့သို့ မြစ်ဆုံစီမံကိန်း စတင်ရန် အရိပ်အယောင်များ၊ လူထုတွေ့ဆုံပွဲများ ဆက်တိုက်ပြုလုပ်လာသည်နှင့်အတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် စစ်ကော်မရှင်က စီမံကိန်းများကို အထောက်အထားမရှိဘဲ ကန့်ကွက်လျှင် တည်ဆဲဥပဒေအရ အရေးယူမည်ဟု အမိန့်ထုတ်ပြန်လိုက်သည်။
သို့သော် “စီမံကိန်းများကို အထောက်အထားခိုင်လုံမှု မရှိဘဲ ကန့်ကွက်လျှင် တည်ဆဲဥပဒေဖြင့် အရေးယူမည်” ဟုထုတ်ပြန်ထား ခြင်းသည် လူထုတွေ့ဆုံပွဲများ၏ လွတ်လပ်မှုနှင့် အဓိပ္ပာယ်ကို မေးခွန်းထုတ်စေသည်။
အမေရိကန်မှ သဘာဝအရင်းအမြစ် စီမံခန့်ခွဲရေး ဘာသာရပ်ကိုလေ့လာနေသူ ဆရာဆိုင်းခွမ် က (Free, Prior and Informed Consent – FPIC) သဘောထားအရ ဖိအားကင်း၍ လွတ်လပ်စွာ ထုတ်ဖော်နိုင်ရမည်ဟုဆိုကာ မြစ်ဆုံစီမံကိန်းလူထုတွေ့ဆုံပွဲ၏ လွတ်လပ်မှုအပေါ် မေးခွန်းထုတ်သည်။
ဆက်လက်၍ ဆရာဆိုင်းခွမ်က “ဖမ်းမယ်၊ အရေးယူမယ်ဆိုပြီး ပြောထားပြီးမှ လူထုသဘောထားကို သွားမေးရင်ဘယ်သူက ဖြေရဲမှာလဲ၊ အဲ့တာက Free မဖြစ်ဘူး” ဟု ဆိုသည်။
ဆရာဆိုင်းခွမ်သည် အမေရိကန်၊ University of Montana မှာ Resource Conservation မှာ PhD လေ့လာနေသူတစ်ဦး ဖြစ်သည်။
“မြစ်ဆုံဆည်က ဖွံ့ဖြိုးရေးလား၊ အန္တရာယ်လား”
စစ်ကော်မရှင် ဒုခေါင်းဆောင် ဦးစိုးဝင်းသည် ကချင်ပြည်နယ်ခရီးစဉ်တွင် ယခင်စီမံကိန်းအတိုင်း မဟုတ်ပဲ ဆည်အမြင့် လျှော့ချကာ ၈ ဒဿမ ၅ မဂ္ဂနီကျုငလျင်ထက် ခံနိုင်ရည်ပိုမိုကောင်းမွန်စေမည့်ပုံစံဖြင့် ပြန်လည်တည်ဆောက်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

တစ်ဖက်တွင်လည်း စစ်ခေါင်းဆောင်က မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်နိုင်ပါက နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက် များပြည့်စုံစေရန်အပြင် ပိုမိုထုတ်လုပ်နိုင်မည်ဟုဆိုသည်။
စစ်ကော်မရှင်က ပြုလုပ်ခဲ့သည့် “ဧရာဝတီ မြစ်ဆုံမြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း” လူထုတွေ့ဆုံဆွေးနွေးပွဲများအတွင်း စစ်ကော်မရှင်ဘက်က မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်နိုင်ပါက လျှပ်စစ်ဓာတ်အားလုံလောက်မှုသာမက စက်မှုဖွံ့ဖြိုးရေးအထိရရှိနိုင်မည်ဟု စစ်ကော်မရှင်ခန့် မြစ်ဆုံစီမံကိန်း ပြည်လည်စတင်ရေးကော်မတီဝင်များက တင်ပြခဲ့သည်။
ထို့အပြင် ကမ္ဘာတစ်ဝှမ်းတွင် ဆည်တည်ဆောက်မှုကြောင့် ဖွံ့ဖြိုးတိုးတက်လာသည့် နိုင်ငံများကို ဥပမာပြုကာ စီမံကိန်းအပေါ် လူထုထောက်ခံမှုရရှိစေရန် ကြိုးပမ်းနေသည်ဟု လူထုတွေ့ဆုံပွဲ တက်ရောက်ခဲ့သူများက ပြောသည်။

သို့သော် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများ၏ စိုးရိမ်မှုများ ကျန်ရှိနေဆဲဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ကျွမ်းကျင်သူများက သတိပေးနေသည်။
“ကမ္ဘာမှာဆည်ကြီးတွေ ဆောက်တိုင်း တွက်ချက်ထားတာနဲ့ အမှန်ကွာခြားတတ်ပြီး ဧရာဝတီမြစ်ကဲ့သို့ အရေးပါဆုံး မြစ်တစ်စင်းကို ထိခိုက်ပျက်စီးနိုင်သည်” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ဆရာဇုန်းတိန့်က သတိပေးသည်။
ဆရာဇုန်းတိန့်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သယံဇာတမျှတရေးဆိုင်ရာ လှုပ်ရှားမှုများတွင် နှစ်ပေါင်း ၂၀ ကျော် ပါဝင်ဆောင်ရွက်လာသူ တစ်ဦးဖြစ်သည်။
“မြစ်ဆုံဆည်လုပ်ခြင်းသည် ဧရာဝတီမြစ်ကို သတ်ခြင်းဖြစ်ပြီး၊ ဧရာဝတီကို သတ်ခြင်းသည် မြန်မာနိုင်ငံကို သတ်ခြင်းဖြစ်သည်” ဟု ဆရာဇုန်းတိန့် က ပြင်းထန်စွာသတိပေးသည်။
သဘာဝဘေးဆိုင်ရာကျွမ်းကျင်သူများကလည်း မြစ်ဆုံစီမံကိန်းတည်နေရာသည် စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောမှ ၁၈ မိုင်အကွာတွင်တည်ရှိပြီး ငလျင်ဖြစ်ပါက ရေလွှမ်းမိုးမှုနှင့်ဆက်စပ်နိုင်သည့် အန္တရာယ်များရှိကြောင်း ခန့်မှန်းထားကြသည်။

ရေလွှမ်းမိုးမည့်ဒေသ ဧရိယာမှာလည်း စင်္ကာပူနိုင်ငံအရွယ်အစားနီးပါးရှိနိုင်ကြောင်း ကန့်ကွက်သူများက ပြောဆိုထားကြသည်။
“ဒီလောက်အများကြီးဆောက်လိုက်ရင်တော့ ဒါတွေက အားလုံးတရုတ်ရဲ့နေရာဖြစ်သွားပြီလေ” ဆရာဆိုင်းခွမ်
“မြစ်ဆုံနှင့် နိုင်ငံ၏အချုပ်အခြာအာဏာ စိုးရိမ်ချက်”
မြစ်ဆုံစီမံကိန်းသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ၂၃ မိုင် (၃၇ ကီလိုမီတာ) မြောက်ဘက်တွင် တည်ရှိပြီး၊ ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ China Power Investment Corporation (CPI) ယခု State Power Investment Corporation – SPIC) နှင့် မြန်မာအစိုးရ၊ Asia World ကုမ္ပဏီတို့ ပူးပေါင်း၍ စတင်ခဲ့သည့် စီမံကိန်းဖြစ်သည်။
ထို့အပြင် မြစ်ဆုံစီမံကိန်းသည် တစ်ခုတည်းသောဆည် မဟုတ်ဘဲ မေခနှင့် မလိခမြစ်များပေါ်တွင် တည်ဆောက်မည့်ဆည် စုစုပေါင်း ၇ ခုပါဝင်သည့် ရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်ပြီး မလိခမြစ်ပေါ်တွင် ဆည် ၁ ခု၊ မေခမြစ်ပေါ်တွင် ဆည် ၅ ခုနှင့် မြစ်ဆုံတွင် အဓိကဆည် ၁ ခု တည်ဆောက်ရန် စီစဉ်ထားသည်။
မြစ်ဆုံစီမံကိန်းမှ ၆၀၀၀ မဂ္ဂါ၀ပ်၊ လိုင်ဇာ (မလိယန်) စီမံကိန်းမှ ၂၈၀၀ မဂ္ဂါဝပ်၊ ချီဖွေစီမံကိန်းမှ ၃၄၀၀ မဂ္ဂါဝပ်၊ အူဆောက် စီမံကိန်းမှ ၂၅၀၀ မဂ္ဂါဝပ်၊ ဖီဆော်စီမံကိန်းမှ ၂၄၀၀ မဂ္ဂါဝပ်၊ ခေါင်လန်ဖူးစီမံကိန်းမှ ၃၀၀၀ မဂ္ဂါဝပ်၊ ရီနန်စီမံကိန်းမှ ၁၄၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဟု SPIC က ဖော်ပြထားကြောင်း ISP Myanmar ကထုတ်ပြန်ထားသည်။
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၏ စာချုပ်အရ အစုရှယ်ယာခွဲဝေမှုတွင် တရုတ်နိုင်ငံ၏ CPIကုမ္ပဏီမှ ၈၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရ မှ ၁၅ ရာခိုင်နှုန်းနှင့် Asia World Company မှ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း သိရသည်။

ဓာတ်ပုံ – SP Myanmar
စီမံကိန်းအတွက် လိုအပ်သည့် ငွေကြေးရင်းနှီးမြှုပ်နှံမှုအားလုံးကို တရုတ်ဘက်မှ စိုက်ထုတ်မည်ဟုလည်း ဖော်ပြထားသည်။
ထို့အပြင် လျှပ်စစ်ဓာတ်အားခွဲဝေမှုအရ ထုတ်လုပ်မည့် လျှပ်စစ်အား၏ ၉၀ ရာခိုင်နှုန်းကို တရုတ်သို့ တင်ပို့ပြီး၊ မြန်မာနိုင်ငံအတွက် ၁၀ ရာခိုင်နှုန်းသာ ကျန်ရှိမည်ဖြစ်သည်။
သို့သော် စစ်ကော်မရှင်က မြစ်ဆုံဆည် စီမံကိန်းတည်ဆောက်နိုင်လျှင် မြန်မာနိုင်ငံတစ်ဝှမ်း လျှပ်စစ်ဓါတ်အား ဖူလုံသွားမည်ဟု မကြာခဏထုတ် ပြောလေ့ရှိသည်။
အကျိုးအမြတ်ခွဲဝေမှုတွင် တရုတ် CPI ၇၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရ ၂၀ ရာခိုင်နှုန်း၊ Asia World က ၁၀ ရာခိုင်နှုန်းရရှိမည် ဟု International Rivers ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
သို့သော် စီမံကိန်းနှင့် ပတ်သက်သည့် စာချုပ်အသေးစိတ်အချက်အလက်များကို အများပြည်သူသို့ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးခြင်းကြောင့် ပွင့်လင်းမြင်သာမှုအပေါ် မေးခွန်းများ ဆက်လက်ရှိနေသည်။

“တရုတ်နဲ့ ချုပ်ဆိုထားတဲ့စာချုပ်ကို ပြည်သူတွေကို ပြသသင့်တယ်၊ ပြင်ဆင်သင့်တယ်။ တရုတ်ကို အဲ့လောက်ရာခိုင်နှုန်းပေးပြီး ကျွန်တော်တို့က အဲ့လောက်သာ ရမယ်ဆိုတာ စဉ်းစားရမယ်”ဟု ဆရာဆိုင်းခွမ်က ပြောသည်။
ထို့အပြင် ၁၄ နှစ်ကျော်အကြာတွင် ရုတ်တရက်စီမံကိန်းကို ယခုအချိန်တွင် ပြန်လည်လုပ်ဆောင်ရန် ကြိုးပမ်းနေခြင်းသည်နောက်ကွယ်ရှိ နိုင်ငံရေးနှင့် နိုင်ငံတကာအပေးအယူများ ဆက်စပ်နေမည်ဟု သူက သုံးသပ်သည်။
ထို့အပြင် မြစ်များပေါ်တွင် ဆည်များစွာ တည်ဆောက်ခြင်းသည် စွမ်းအင်ထုတ်လုပ်ရေးအတွက်သာမက ပထဝီနိုင်ငံရေး (Political Ecology) နှင့် ဆက်စပ်သည့် အာဏာနှင့် အရင်းအမြစ်ထိန်းချုပ်မှု ပြဿနာများကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း ထောက်ပြသည်။
“ဒီလောက်အများကြီးဆောက်လိုက်ရင်တော့ ဒါတွေက အားလုံးတရုတ်ရဲ့ နေရာဖြစ်သွားပြီလေ။ ဒီနေရာတွေက ငါတို့ထိလို့မရ တော့ဘူးလေ။ အခု ဂတ်စ်ပိုက်လိုင်းတွေကို ထိလို့မရသလိုပေါ့။ အဲ့တာကတော့ စစ်တပ်ရဲ့ Strategy လို့မြင်တယ်။ ”ဟု နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာနှင့် ဆက်စပ်သည့် အရေးကြီးသော ပြဿနာတစ်ရပ် ဖြစ်လာနိုင်သည်ဟု သူကဆိုသည်။
မြစ်ဆုံစီမံကိန်းသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် စီးပွားရေးအကျိုးများကို ကတိပေးနိုင်သော်လည်း၊ ယနေ့တွင် ဒေသခံများ ၏ အသံတိတ်ဆိတ်သွားခြင်းသည် ထိုစီမံကိန်း၏ အမှန်တရားကို ပြန်လည်မေးခွန်းထုတ်စေသည်။
ထို့ကြောင့် ကချင်လွတ်လပ်ရေးတပ်တော် KIO/KIA ကို မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်သည့် သဘောထားကို မေးမြန်းခဲ့ရာ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို အကြောင်းပြန်ခဲ့သည်။
“လက်ရှိအချိန်အထိတော့ KIO ဌာနချုပ်ကနေ ဘာမှ သဘောထားထုတ်ပြန်ထားတာမျိုး၊ ကြေငြာထားတာမျိုး မရှိသေးတော့ ပြောဖို့ မရှိသေးဘူး။ ဒါပေမဲ့ အဓိကတော့ မြစ်ဆုံစီမံကိန်းကို အရင်ကလည်း ပြည်သူလူထုက အင်အားနဲ့ ဆန့်ကျင်ခဲ့ကြတာ ဖြစ်တဲ့အတွက် အခုလည်း ပြည်သူတွေအနေနဲ့ လူထုအင်အားနဲ့ အားစိုက်ပြီး ဆန့်ကျင်လိမ့်မယ်လို့မြင်ပါတယ်”ဟုဆိုသည်။
ထို့အပြင် ဘီဘီစီသတင်းဌာနကိုမူ “KIA/KIO အနေနဲ့ ပြည်သူလူထုကို အားကိုးပါတယ်။ ပြည်သူလူထုက လက်မခံဘူး၊ကန့်ကွက်မယ်လို့ ယုံကြည်ပါတယ်။ လူထုက လက်မခံတာကို ကျွန်တော်တို့ လက်မခံပါဘူး”ဟု ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကပြောဆိုထားပြန်သည်။

ထို့ကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ၏သဘောထားကို တရားဝင် ထုတ်ပြန်ခြင်းမရှိသေးကြောင်းပြောဆို သော်လည်း မြစ်ဆုံစီမံကိန်းအပေါ် လူထုဆန့်ကျင်မှုများကို အလေးထားသည့် သဘောထားတစ်ရပ်ပြသနေသည်။
မြစ်ဆုံကဲ့သို့ ရေအားလျှပ်စစ် စီမံကိန်းများသည် တရုတ်နိုင်ငံအတွက် စွမ်းအင်လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ များအတွင်း အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ်တွေ့မြင်ရပြီး ကမ္ဘာပေါ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အများဆုံး နိုင်ငံ တစ်ခုဖြစ်သည်။
အထူးသဖြင့် မြန်မာနိုင်ငံနှင့် ကပ်လျှက် နယ်စပ်စည်းရိုးတွင်တည်ရှိသော ယူနန်ပြည်နယ်အတွက် လျှပ်စစ်ဓာတ်အား ထောက်ပံ့နိုင် မှုအရ အကျိုးရှိနိုင်ကြောင်း သုတေသနများကဖော်ပြထားသည်။
သို့ရာတွင် တရုတ်နိုင်ငံသည် ပြည်တွင်း၌လည်း လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းမြင့်မားပြီး Three Gorges Dam ကဲ့သို့ ကမ္ဘာ့အကြီးဆုံး ရေအားစီမံကိန်းများရှိနေသဖြင့် မြစ်ဆုံစီမံကိန်း မရှိပါက လျှပ်စစ်ဓာတ်အားအတွက် အရေးပေါ်အခက်အခဲများ ဖြစ်ပေါ်မည် မဟုတ်ကြောင်း လေ့လာချက်များတွင်ဖော်ပြထားသည်။
“တရုတ်ပြည်မှာ မီးအဲ့လောက်မလိုဘူး။ အထူးသဖြင့် ယူနန်ပြည်နယ်က ကျနော်တို့ဆီကမီးမလိုဘူး။ သူတို့ဆီမှာလျှပ်စစ်မီးတွေ ပိုလျှံတယ်။ ဆိုတော့ ဒီလျှပ်စစ်မီးတွေကဘာအတွက်လဲဆိုတဲ့ မေးခွန်းရှိတယ်။” ဟု တရုတ်နိုင်ငံသည် လျှပ်စစ်မီး မလိုအပ်ကြောင်း ဆရာဆိုင်းခွမ်ကလည်း ဆိုသည်။

အမည် မဖော်လိုသည့် မြစ်ဆုံစီမံကိန်း ကန့်ကွက်သူတစ်ဦးက “မြစ်ဆုံလည်း နိုင်ငံရေးနဲ့တော်တော်လေး လင့်ခ်ဖြစ်တယ်လို့ ခံယူတယ်ပေါ့နော်။ ပြီးရင် စစ်ကောင်စီကလည်း သူတို့ရဲ့ထောက်ပံ့မှုတွေကို တရုတ်ဘက်က အားကိုးရသလို ကျမတို့ ကချင်ဘက်က တော်လှန်ရေးအဖွဲ့တွေကရော တရုတ်ရဲ့လွှမ်းမိုးမှုတွေပံ့ပိုးမှုတွေအများကြီးရှိနေတယ်ပေါ့နော်။ စိုးရိမ်မှုကတော့ အများကြီးပေါ့နော်” ဟု ဆိုသည်။
မိုင်ပေါင်း ၁၃၀၀ ကျော်ရှည်လျားသည့် ဧရာဝတီမြစ်သည် မြန်မာတစ်နိုင်ငံတည်းတွင်းသာ စီးဆင်းပြီး မြစ်တစ်စင်းလုံးကို မြန်မာနိုင်ငံကသာ အလုံးအလျားပိုင်ဆိုင်ထားသည်။
မြစ်ဖျားခံရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီးတွင် မေခမြစ်နှင့် မလိခမြစ်တို့ ပေါင်းဆုံရာမှ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့အထိကျယ်ပြန့်စီးဆင်းနေသည်။
တိုင်းနှင့် ပြည်နယ် ၆ ခုကျော်ကို ဖြတ်သန်းစီးဆင်းနေသော ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ မြောက်မှတောင်အထိ တစ်နိုင်ငံလုံး ကို ချိတ်ဆက်ထားပြီး ထို့ကြောင့် နိုင်ငံ၏ အသက်သွေးကြော၊ အသဲနှလုံး၊ ရာဇဝင်များရဲ့သတို့သမီး ဟုအမျိုးမျိုးဖွဲ့ဆိုကာ တင်စားကြသည်။
ထို့ကြောင့် မြစ်ဆုံစီမံကိန်းအပေါ် လူထုစိုးရိမ်မှု၊ နိုင်ငံရေးဆက်စပ်မှုနှင့် တရုတ်မြန်မာနှစ်ဖက်နိုင်ငံများ၏ အကျိုးသက်ရောက်မှု တစ်ခုချင်းစီတိုင်းကို အလေးထားစဥ်းစားရန် လိုအပ်နေသည်။
By – အမိုး




