စစ်ယာဉ်တန်းတွေ မပခဆီ ဆက်တိုက်ဝင်ရောက်နေမှုက ဘာကိုပြသနေသလဲ
မန္တလေး−မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ် စစ်ယာဉ်တန်းတွေ အကြိမ်ကြိမ် ဖြတ်သန်းသွားလာနိုင်နေတာဟာ လမ်းကြောင်းတစ်ခု ပြန်ပွင့်လာတာထက်ပိုတဲ့ အဓိပ္ပာယ်တွေကို သယ်ဆောင်နေပါတယ်။
တစ်ဖက်မှာ KIA နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပေမယ့် အခြားတစ်ဖက်မှာ တော့ စစ်တပ်ရဲ့ ထောက်ပို့ယာဉ်တန်းတွေနဲ့ စစ်ယာဉ်တန်းတွေဟာ မြစ်ကြီးနားမှာရှိတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ဆီ အကြိမ်ကြိမ် ဝင်ရောက်နိုင်နေပါတယ်။
မေလ ၆ ရက်နေ့မှာ စစ်တပ်ဘက်က မန္တလေး–မြစ်ကြီးနား လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကြေညာပြီးနောက် မေလ ၉ ရက်နေ့မှာ ယာဉ်အစီးရေ ၄၀၀ ကျော် ပါဝင်တဲ့ ယာဉ်တန်းတစ်ခု မြစ်ကြီးနားမြို့ရှိ မပခဆီ ဝင်ရောက်လာခဲ့ပါတယ်။
မေလ ၃၁ ရက်နေ့မှာလည်း ယာဉ်အစီးရေ ၂၀၀ ခန့်ပါဝင်တဲ့ နောက်ထပ်ယာဉ်တန်းတစ်ခု ထပ်မံရောက်ရှိခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်
မန္တလေးဘက်ကနေ မြစ်ကြီးနားဘက်ကို စစ်ယာဉ်တန်းတွေနဲ့ ထောက်ပို့ယာဉ်တန်းတွေကို အကြိမ်ကြိမ် စေလွှတ်ခဲ့ရာ လက်ရှိ အချိန်အထိ အနည်းဆုံး ၃ ကြိမ်ခန့် ဖြတ်သန်းသွားလာနိုင်ခဲ့တယ်လို့ လမ်းကြောင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ အဆိုပါ ယာဉ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်မှုတွေ ရှိနေပေမယ့် အပြည့်အဝ တားဆီးနိုင်တဲ့ အခြေအနေ မဟုတ်သေးဘူးလို့ KNG ကို ပြောပါတယ်။
“အဲ့ဒီပြည်ထောင်စုလမ်းပိုင်းကတော့ စစ်တပ်ဘက်က ကားတွေသွားလိုက်ပြန်လိုက်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ KIA နဲ့ ပူးပေါင်းတပ်တွေလည်း ကြားဖြတ်ပြီးတော့မှ ခုခံတိုက်ပွဲတွေတော့ရှိပါတယ်။ အတက်ဘက်မှာလည်း ခုခံတိုက်ပွဲတွေတော့ ရှိတယ်။ ဒါပေမဲ့ ကားတွေအများကြီးဆိုတော့ အားလုံးရပ်တန့်နိုင်တဲ့အနေအထားတော့ မရှိဘူးပေါ့”
လို့ သူက ပြောပါတယ်။
အဲ့ဒီအခြေအနေက မန္တလေး–မြစ်ကြီးနားလမ်းကြောင်းရဲ့ လက်ရှိစစ်ရေးပုံရိပ်ကို ထင်ဟပ်နေပါတယ်။ လမ်းပိုင်းတစ်လျှောက် တိုက်ပွဲတွေ မပြီးဆုံးသေးပေမယ့် စစ်တပ်ကတော့ အရေးပါတဲ့ လမ်းကြောင်းတစ်ခုကို ပြန်လည်အသုံးပြုနိုင်တဲ့ အနေအထား တစ်ခုအထိ ရောက်ရှိလာနေပါတယ်။
ကချင်ပြည်နယ်ရဲ့ အသက်သွေးကြော
မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးဟာ ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို ဆက်သွယ်ထားတဲ့ အဓိက ကုန်းလမ်းကြောင်း ဖြစ်ပါတယ်။
ကချင်ပြည်နယ်ရဲ့မြို့တော်မြစ်ကြီးနားမြို့အပါအဝင် မိုးညှင်း၊ ဟိုပင်၊ မိုးကောင်း၊ ဖားကန့်နဲ့ အခြားမြို့နယ်တွေကို ဝင်ရောက်လာတဲ့ စားသောက်ကုန်၊ လူသုံးကုန်နဲ့ စက်သုံးဆီအများစုဟာ ဒီလမ်းကြောင်းကို အားထားနေရပါတယ်။
စစ်ရေးအရ ကြည့်မယ်ဆိုရင်လည်း ဒီလမ်းပိုင်းဟာ မြစ်ကြီးနားမှာရှိတဲ့ မပခအတွက် အဓိက ထောက်ပို့လမ်းကြောင်းဖြစ်ပါတယ်။ လူအင်အား၊ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ စစ်သုံးပစ္စည်းတွေကို အလယ်ပိုင်းဒေသကနေ ကချင်ပြည်နယ်အတွင်း ပို့ဆောင်ဖို့ အဓိက အသုံးပြုတဲ့ လမ်းဖြစ်တာကြောင့် ဒီလမ်းကို ထိန်းချုပ်နိုင်မှုဟာ နှစ်ဖက်စလုံးအတွက် စစ်ရေးအရ အရေးပါနေပါတယ်။
KIA ဘက်ကလည်း အဲ့ဒီလမ်းကို စစ်တပ်ရဲ့ ထောက်ပို့အသက်သွေးကြောအဖြစ် မြင်ထားပြီး စစ်ကောင်စီဘက်ကလည်း မပခနဲ့ ကချင်ပြည်နယ်အတွင်း ကျန်ရှိနေသေးတဲ့ တပ်စခန်းတွေကို ဆက်လက်ထောက်ပံ့နိုင်ဖို့ မဖြစ်မနေ ထိန်းထားချင်တဲ့ လမ်းကြောင်း တစ်ခု ဖြစ်ပါတယ်။
လမ်းကြောင်းထိန်းချုပ်မှု ဘယ်လိုပြောင်းလဲလာသလဲ
၂၀၂၄ ခုနှစ်အတွင်း KIA နဲ့ ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းမြောက်ပိုင်းဒေသတွေမှာ ထိုးစစ်တွေ ဆင်နွှဲခဲ့ပြီး လမ်းကြောင်းတစ်လျှောက် စစ်ရေးဖိအားတွေ မြင့်တက်လာခဲ့ပါတယ်။
ကသာ၊ အင်းတော်၊ မော်လူး၊ မော်ဟဲနဲ့ စစ်ကိုင်း–ကချင်အစပ်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မန္တလေး–မြစ်ကြီးနား လမ်းပိုင်းဟာ မကြာခဏ ပိတ်ဆို့ခံခဲ့ရပါတယ်။

ဒီနှစ် မေလအတွင်းမှာတော့ ကသာ–အင်းတော် လမ်းပိုင်းတစ်လျှောက် တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် အရပ်သား ၁,၀၀၀ ခန့်နဲ့ ယာဉ်အစီးရေ ၅၀၀ ကျော် ရက်ပေါင်းများစွာ ပိတ်မိခဲ့ရပါတယ်။
အဲ့ဒီကာလမှာ ခရီးသွားပြည်သူတွေဟာ လမ်းမကြီးကို အသုံးမပြုနိုင်ဘဲ ကွင်းလမ်းတွေ၊ တောလမ်းတွေကိုသာ အသုံးပြုခဲ့ရပြီး ကုန်စည်စီးဆင်းမှုတွေပါ ထိခိုက်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၆ ခုနှစ်အစပိုင်းကစပြီး စစ်တပ်ဘက်က ထီးချိုင့်၊ တကောင်း စတဲ့ ဧရာဝတီမြစ်ကမ်းတလျှောက် ဒေသတချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကိုင်းမြောက်ပိုင်းကနေ ကချင်ပြည်နယ်ဘက်သို့ လမ်းကြောင်းပြန်ဖွင့်နိုင်ရေး ကြိုးပမ်းလာခဲ့ပါတယ်။
လမ်းကြောင်းထိန်းချုပ်မှု ဘယ်လိုပြောင်းလဲလာသလဲ
မန္တလေး မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်က လက်ရှိစစ်ယာဉ်တန်းတွေသွားလာနိုင်နေတဲ့ အခြေအနေဟာ တစ်ရက်တည်း ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။
အခုလို အခြေအနေမတိုင်ခင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်တွေက အင်းတော်မြို့သိမ်းတိုက်ပွဲ စတင် ဆင်နွှဲခဲ့ပြီးနောက် မန္တလေး–မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက် စစ်ရေးဖိအားတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲအပါအဝင် မန္တလေး−မြစ်ကြီးနားလမ်းပိုင်းပေါ်က ဒေသတွေမှာ နှစ်တပ်တွေအကြားတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့သလို ပြည်ထောင်စုလမ်းပိုင်းကိုအကန့်အသတ်တွေနဲ့ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီး ကာကွယ်ရေးပူးပေါင်း တပ်တွေက ပိတ်ဆို့ထားခဲ့ပါတယ်။
ပြင်းထန်လာတဲ့နှစ်ဖက်တိုက်ပွဲတွေကြောင့် အဲဒီနောက်ပိုင်း မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းကို အသုံးမပြုနိုင်တော့တဲ့ အတွက် ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေဟာ အင်းတော်မြို့ကို ရှောင်ကွင်းထားတဲ့ တောလမ်း၊ ဒေသခံတွေခေါ်တဲ့ “ကွင်းလမ်း” တွေကိုသာ အသုံးပြုခဲ့ရပါတယ်။
ဒါပေမယ့် အဲဒီလမ်းတွေဟာ ယာယီအသုံးပြုဖို့ ဖောက်လုပ်ထားတဲ့ လမ်းတွေဖြစ်တာကြောင့် လမ်းအရည်အသွေး မကောင်းဘဲ မိုးရွာသွန်းချိန်တွေမှာ ဗွက်ထ၊ လမ်းချော်ပြီး ခရီးသွားတွေ သွားလာရေးအတွက် အခက် ကြုံခဲ့ရပါတယ်။
ကားသမားတွေရဲ့ အဆိုအရ ပုံမှန်အားဖြင့် နှစ်ရက်ခန့်သာ ကြာမြင့်တဲ့ မြစ်ကြီးနား–မန္တလေး ခရီးစဉ်ဟာ မိုးရာသီကာလတွေမှာ လေးရက်နဲ့အထက် ကြာမြင့်တာမျိုးတွေ ရှိခဲ့သလို ကုန်တင်ကားတွေလမ်းပေါ်မှာ ရက်ပေါင်းများစွာ ပိတ်မိနေတဲ့ ဖြစ်စဉ်တွေ လည်း ရှိခဲ့ပါတယ်။
ယခုနှစ် ၂၀၂၆ ခုနှစ်ရဲ့ အစောပိုင်းကာလတွေမှာတော့ စစ်တပ်ဘက်က စစ်ကိုင်း–ကချင်အစပ်ဒေသတစ်လျှောက် ထိန်းချုပ်မှု ပြန်လည်ရရှိဖို့ ကြိုးပမ်းမှုတွေ တိုးမြှင့်လာခဲ့ပါတယ်။
စစ်တပ်ဘက်က လက်လွှတ်ထားရသလို အလုံးစုံမထိန်းချုပ်နိုင်တဲ့ စစ်ကိုင်း−ကချင်အစပ်က ဒေသတွေဖြစ်တဲ့ ထီးချိုင့်၊ တကောင်း၊ ကသာ၊ အင်းတော်၊ မော်လူး စတဲ့ ဒေသတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အဲ့ဒီမြို့တွေကိုဖြတ်သွားတဲ့ မန္တလေး−မြစ်ကြီးနားလမ်းပိုင်းမှာ စစ်အင်အား တိုးချထားတာ၊ လမ်းကြောင်းတစ်လျှောက် လုံခြုံရေးယူတာနဲ့ စစ်ကြောင်းတွေ ဆက်တိုက် လှုပ်ရှားတာတွေစတင်လာပါတော့တယ်။
အထူးသဖြင့် ၂၀၂၆ ခုနှစ်အတွင်း စစ်တပ်က မန္တလေး–မြစ်ကြီးနား လမ်းကြောင်းကို ပြန်လည်အသုံးပြုနိုင်ရေးအတွက် စစ်ရေးအရ အားထုတ်လာခဲ့ပြီး လက်လွှတ်ခဲ့ရတဲ့မြို့တွေကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို မေလနဲ့ ဇွန်လအတွင်းမှာတော့ စစ်ယာဉ်တန်းတွေနဲ့ ထောက်ပို့ယာဉ်တန်းတွေ မပခဆီ အကြိမ်ကြိမ် ဝင်ရောက်နိုင်ခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ နှစ်နှစ်နီးပါးအတွင်း စစ်ရေးဖိအားအောက် ရှိနေခဲ့တဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်တပ်ဘက်က သွားလာ နိုင်စွမ်း တစ်စိတ်တစ်ပိုင်း ပြန်လည်ရရှိလာနေတယ်ဆိုတဲ့ အချက်ကို ပြသနေတာလည်း ဖြစ်ပါတယ်။
စစ်ယာဉ်တန်းတွေ ဘာကြောင့် ဆက်တိုက်တက်နေတာလဲ
စစ်ရေးလေ့လာသူတွေအကြားမှာတော့ အခုလို ယာဉ်တန်းတွေ ဆက်တိုက် ဝင်ရောက်နေမှုဟာ ပုံမှန်ထောက်ပို့လုပ်ငန်းထက် ပိုတဲ့ ရည်ရွယ်ချက်တစ်ခု ရှိနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။
လက်ရှိ ကချင်ပြည်နယ်အတွင်း ဗန်းမော်ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလက စတင်ခဲ့တဲ့ KIA ဦးဆောင်တဲ့ ဗန်းမော်ထိုးစစ်ဟာ ယနေ့အထိ စစ်မျက်နှာတစ်ခုအဖြစ် ဆက်ရှိနေပြီး စစ်တပ်အတွက် အရေးကြီးဆုံး စစ်မျက်နှာတွေထဲက တစ်ခုဖြစ်လာနေပါတယ်။
တစ်ဖက်မှာလည်း ရွှေကူမြို့နယ်၊ အထက်လေးလမ်းဆုံ၊ ငအိုး–ရွှေကူ လမ်းပိုင်းနဲ့ တော်လှန်ရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်ပွားနေပါတယ်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ရွှေကူဒေသဟာ ဗန်းမော်ကို ဦးတည်တဲ့ စစ်ကြောင်းတွေအတွက် ဗျူဟာမြောက်အရေးပါတဲ့ လမ်းကြောင်းဖြစ်တယ်လို့ ပြောထားပါတယ်။
“သူတို့က အဲ့လမ်းကနေ တက်သွားရင်တော့ ဗန်းမော်ဘက်ကို ဦးတည်တဲ့ စစ်ကြောင်းတွေအတွက် ဗျူဟာကျတဲ့နေရာတွေ ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ရွှေကူမြို့တွင်းရှိ စစ်တပ်အခြေစိုက်တပ်တွေအတွက် လေထီးအသုံးပြုပြီး ထောက်ပို့ပစ္စည်းတွေ ချပေးခဲ့တဲ့ ဖြစ်စဉ်တွေကလည်း မြေပြင်ထောက်ပို့တင်မက လေကြောင်းထောက်ပို့ကိုပါ အားပြုလာနေကြောင်း ပြသနေပါတယ်။
ဒါကြောင့် မပခဆီ ယာဉ်တန်းတွေ ဆက်တိုက် ဝင်ရောက်နေမှုဟာ လက်ရှိစစ်မျက်နှာတွေကို ထိန်းသိမ်းဖို့သာမက ဗန်းမော်၊ ရွှေကူနဲ့ စစ်ကိုင်း–ကချင်အစပ်ဒေသတွေမှာ ဆက်လက်လုပ်ဆောင်မယ့် စစ်ဆင်ရေးတွေအတွက် ကြိုတင်ပြင်ဆင်နေမှုလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေထွက်ပေါ်နေပါတယ်။
KIA ဘာကြောင့် အပြည့်အဝ မတားဆီးနိုင်သေးတာလဲ
KIA နဲ့ ပူးပေါင်းတပ်တွေဟာ မန္တလေး–မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင် နေဆဲ ဖြစ်ပါတယ်။
ဒါပေမယ့် စစ်တပ်ဘက်က လူအင်အားနဲ့လက်နက်ခဲယမ်းအသုံးပြုနိုင်တာ၊ လမ်းကြောင်းတစ်လျှောက် စစ်အင်အားချထားနိုင်တာ၊ လေကြောင်းအသုံးပြုနိုင်တာနဲ့ တချို့နေရာတွေမှာ စစ်တပ်က မြို့တွေကို ပြန်လည်ထိန်းထားနိုင်တာတွေကြောင့် လမ်းတစ်ခုလုံးကို အပြည့်အဝ ဖြတ်တောက်နိုင်ဖို့ ခက်ခဲနေပါတယ်။
၂၀၂၆ ခုနှစ်အတွင်း စစ်ကိုင်း–ကချင်အစပ်ဒေသမှာ စစ်တပ်ရဲ့ ထိုးစစ်တွေနောက်ပိုင်း ထီးချိုင့်၊ ကသာ၊ အင်းတော်နဲ့ မော်လူးမြို့တွေ ကို စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်လာနိုင်ခဲ့ပြီး အဆိုပါ မြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတစ်လျှောက်မှာလည်း လုံခြုံရေးတိုးမြှင့်ချထားတာတွေ တွေ့လာရပါတယ်။
တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြီးခဲ့တဲ့ မေလအတွင်း ထုတ်ပြန်ခဲ့တဲ့ မိန့်ခွန်းတွေမှာ တချို့စစ်ဆင်ရေး နယ်မြေတွေကနေ ပြည်သူလုံခြုံရေးနဲ့ နည်းဗျူဟာဆိုင်ရာ လိုအပ်ချက်တွေကြောင့် ယာယီဆုတ်ခွာမှုတွေရှိခဲ့တယ်လို့ ဝန်ခံ ပြောကြားထားပါတယ်။
ဒီလို အခြေအနေတွေကြောင့် တော်လှန်ရေးအင်အားစုတွေဟာ နေရာတိုင်းမှာ တစ်ပြိုင်နက် ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေ မဟုတ်တော့ဘဲ အရေးပါတဲ့ စစ်မျက်နှာတွေနဲ့ လမ်းကြောင်းတွေမှာ အင်အားခွဲဝေ အသုံးပြုနေရတဲ့ အနေအထားလည်း ရှိနေပါတယ်။
ဗိုလ်မှူးကြီး နော်ဘူရဲ့ အဆိုအရ မော်လူး၊ မော်ဟဲ စတဲ့ ဒေသတွေမှာလည်း စစ်တပ်က လေကြောင်းအသုံးပြုပြီး လမ်းကြောင်းလုံခြုံရေး ရှင်းလင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“မော်လူး၊ မော်ဟဲတို့ တစ်ဝိုက်မှာလည်း လေကြောင်းနဲ့တိုက်ခိုက်တာတွေရှိတယ်။ မြေပြင်ကတော့ အဲ့လောက်ထိပြင်းထန်တဲ့ တိုက်ပွဲမရှိဘူး။ လေကြောင်းနဲ့ လမ်းကြောင်းတွေကို ရှင်းလင်းတာမျိုးတော့ရှိပါတယ်”လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
တစ်ဖက်မှာလည်း KIA နဲ့ ပူးပေါင်းတပ်တွေက မြို့ပြင်နဲ့ ကျေးရွာပတ်ဝန်းကျင်တွေမှာ စိုးမိုးမှုအချို့ ရှိနေဆဲဖြစ်ပြီး စစ်တပ် ကတော့ မြို့တွင်းနဲ့ အဓိကလမ်းမကြီးတချို့ကို ထိန်းထားနိုင်ဖို့ ကြိုးပမ်းနေတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းရဲ့ အခြေအနေဟာ ဘယ်ဘက်ကမှ အပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမဟုတ်ဘဲ လမ်းကြောင်းထိန်းချုပ်မှုအတွက် နှစ်ဖက်အပြိုင် ကြိုးပမ်းနေတဲ့ စစ်ရေးအခြေအနေတစ်ခုကို ပြသနေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ပြည်သူတွေ ဘာတွေရင်ဆိုင်နေရသလဲ
ဒီစစ်ရေးပြိုင်ဆိုင်မှုရဲ့ အလယ်မှာတော့ အရပ်သားပြည်သူတွေက အကြီးမားဆုံး သက်ရောက်မှုကို ခံစားနေရပါတယ်။
ရွှေကူမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေဟာ အမြဲစိုးရိမ်နေရပါတယ်။
ဇွန် ၈ ရက်နေ့မှာ KIA ဘက်က ရွှေကူမြို့ခံတွေကို မြို့စွန့်ခွာဖို့ သတိပေးခဲ့သလို ငအိုး–ရွှေကူ လမ်းကြောင်းကိုလည်း အသုံးမပြုဖို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် တစ်ဖက်မှာ စစ်တပ်ဘက်ကတော့ မြို့တွင်းမှာ ဆက်လက်နေထိုင်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ ဒေသခံတွေနဲ့ သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
ထွက်ပြေးလိုသူတွေ အတွက်လည်း လုံခြုံတဲ့ ထွက်ပေါက်လမ်းကြောင်း ရှားပါးနေပြီး အချို့ဒေသခံတွေက “ရွှေကူဟာ ကျွန်းတစ်ကျွန်းလို ဖြစ်နေတယ်” လို့ ဆိုကြပါတယ်။
တစ်ဖက်မှာလည်း မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ယာဉ်သွားလာမှုတွေ ပြန်လည်ရှိလာပေမယ့် လုံခြုံရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကတော့ ဆက်ရှိနေဆဲလို့ယာဉ်မောင်းတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေထဲ မန္တလေး−မြစ်ကြီးနားလမ်းပိုင်းမှာတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာအပြင် လမ်းပိုင်းဆိုးရွားမှုတွေကြောင့် ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေရာနဲ့ချီပြီး လမ်းပေါ်မှာပိတ်မိခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လနောက်ပိုင်း လမ်းပိုင်းအချို့ ပိတ်ဆို့ခံခဲ့ရချိန်မှာ ကားသမားတွေနဲ့ ခရီးသွားပြည်သူတွေဟာ ကွင်းလမ်းနဲ့ တောလမ်းတွေကို အသုံးပြုခဲ့ရပြီး မိုးရာသီကာလတွေမှာ ဗွက်နစ်တာ၊ လမ်းချော်တာ၊ ရက်အတန်ကြာ ခရီးနှောင့်နှေးတာတွေကို ရင်ဆိုင်ခဲ့ရပါတယ်။
လမ်းကြောင်းတစ်လျှောက် စစ်ယာဉ်တန်းတွေနဲ့ ထောက်ပို့ယာဉ်တန်းတွေ ဆက်လက်သွားလာနေသေးတာကြောင့် အရပ်သား ယာဉ်တွေကလည်း သတိထားပြီး သွားလာနေရဆဲ ဖြစ်ပါတယ်။
“အခုက လုံခြုံမှုခံစားရပြီလားဆိုရင်တော့ အဲ့လိုပြောဖို့ စောပါသေးတယ်” လို့ ယာဉ်မောင်းတစ်ဦးက ပြောထားပါတယ်။
ရွှေကူ၊ ငအိုး၊ အထက်လေးလမ်းဆုံနဲ့ အနီးဝန်းကျင်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို လေကြောင်း တိုက်ခိုက်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။
အဲဒီအခြေအနေတွေကြောင့် ဒေသခံအများအပြားဟာ နီးစပ်ရာကျေးရွာတွေနဲ့ ဘေးလွတ်ရာဒေသတွေကို တိမ်းရှောင်နေကြရ ပေမယ့် တချို့မှာတော့ သွားလာရေးအခက်အခဲ၊ စားဝတ်နေရေးအခြေအနေနဲ့ မသေချာတဲ့ အနာဂတ်အခြေအနေတွေကြောင့် မြို့တွင်းမှာပဲ ဆက်လက်နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။
ရွှေကူမြို့နယ်ရဲ့ လက်ရှိအခြေအနေကလည်း စစ်ရေးအရ အရေးပါတဲ့ လမ်းကြောင်းတစ်ခုကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြတဲ့ နှစ်ဖက်တပ်တွေရဲ့ ပြိုင်ဆိုင်မှုအကြား အရပ်သားပြည်သူတွေဟာ လုံခြုံရေး၊ စားဝတ်နေရေးနဲ့ နေရပ်စွန့်ခွာရနိုင်တဲ့ အန္တရာယ် တွေကို တစ်ပြိုင်နက်ရင်ဆိုင်နေရတဲ့ အခြေအနေကို ထင်ဟပ်ပြသနေပါတယ်။
ပြောင်းလဲလာတဲ့ နိုင်ငံရေးအခင်းအကျင်း
မန္တလေး–မြစ်ကြီးနားလမ်းကြောင်းပေါ် စစ်ယာဉ်တန်းတွေ ဆက်တိုက်သွားလာနိုင်နေတဲ့ အခြေအနေဟာ စစ်မြေပြင်အပြောင်း အလဲ တစ်ခုတည်းနဲ့ ဖြစ်ပေါ်လာတာတော့ မဟုတ်ပါဘူး။
၂၀၂၆ ခုနှစ် ရွေးကောက်ပွဲအပြီး စစ်ခေါင်းဆောင်ဟောင်းမင်းအောင်လှိုင် သမ္မတဖြစ်လာပြီးနောက် အစိုးရသစ်က ရက် ၁၀၀ စီမံကိန်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီစီမံကိန်းထဲမှာ တည်ငြိမ်ရေး၊ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ရေးနဲ့ အဓိက ဆက်သွယ်ရေးလမ်းကြောင်းတွေ လုံခြုံရေးကို ဦးစားပေးလုပ်ငန်းတွေအဖြစ်လုပ်ဆောင်သွားမယ်လို့ဆိုထားပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့ ဇွန်လ တတိယအပတ်အတွင်း တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ သမ္မတဦးမင်းအောင်လှိုင်က မြန်မာနဲ့ တရုတ်ဟာ “ပေါက်ဖော်နိုင်ငံများ” ဖြစ်ကြောင်းနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်မြှင့်တင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
တရုတ်ဘက်ကလည်း မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို ထောက်ခံကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။
တရုတ်–မြန်မာ ပူးတွဲကြေညာချက်အရ နှစ်နိုင်ငံဟာ တရုတ်−မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်း ကျောက်ဖြူအထူး စီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေ အပါအဝင် Belt and Road Initiative (BRI) အောက်က ပူးပေါင်းဆောင်ရွက်မှု တွေကို ဆက်လက်အကောင်အထည်ဖော်သွားဖို့ သဘောတူထားတဲ့အကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် နှစ်ပေါင်းများစွာ ရပ်နားထားတဲ့ မြစ်ဆုံစီမံကိန်းအတွက်လူထုတွေ့ဆုံဆွေးနွေးပွဲတွေအပါအဝင် တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဟောင်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေလည်း ဆက်တိုက်တွေ့လာရပါတယ်။
တစ်ဖက်မှာလည်း ၂၀၂၄ ခုနှစ်နောက်ပိုင်း တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်မှုတွေနဲ့အတူ TNLA နဲ့ MNDAA တို့ရဲ့ စစ်ရေးလှုပ်ရှား မှုတွေမှာလည်း အပြောင်းအလဲတချို့ ပေါ်ပေါက်ခဲ့ပါတယ်။
ရှမ်းမြောက်ဒေသက စစ်ရေးအခြေအနေတွေ ပြောင်းလဲလာချိန်မှာ ကချင်ပြည်နယ်အတွင်း KIA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပေမယ့် မန္တလေး–မြစ်ကြီးနားလမ်းကြောင်းက စစ်ကောင်စီအတွက် အဓိကထောက်ပို့ လမ်းကြောင်းအဖြစ် ဆက်လက်အရေးပါနေပါတယ်။
ဒီအခြေနေကြားထဲမှာပဲ စစ်တပ်ဘက်ကတော့ မန္တလေး−မြစ်ကြီးနားလမ်းကြောင်းကို အသုံးပြုပြီး မပခကို စစ်အင်အားနဲ့ ရိက္ခာ တွေ ဆက်လက်ပို့ဆောင်နေဆဲဖြစ်ပါတယ်။
ကချင်ပြည်နယ်တစ်ဝှမ်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပေမဲ့လည်း ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအပြောင်း အလဲတွေ တရုတ်ရဲ့ ဒေသတွင်းအခန်းကဏ္ဍနဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အနေအထား အပြောင်းအလဲ တွေကလည်း လက်ရှိ စစ်မြေပြင်အခြေအနေကိုသက်ရောက်မှုတွေရှိနေပါတယ်။
ရှေ့ဆက် ဘာဖြစ်နိုင်သလဲ
လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင် မန္တလေး–မြစ်ကြီးနား လမ်းကြောင်းဟာ အပြည့်အဝတည်ငြိမ်သွားပြီလို့ ပြောဖို့ စောပါသေးတယ်။
တစ်ဖက်မှာ စစ်တပ်က ယာဉ်တန်းတွေ ဆက်တိုက် စေလွှတ်နေသလို အခြားတစ်ဖက်မှာ KIA နဲ့ ပူးပေါင်းတပ်တွေကလည်း ကြားဖြတ်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
အထူးသဖြင့် ရွှေကူ–ငအိုး လမ်းကြောင်းနဲ့ ဗန်းမော်စစ်မျက်နှာရဲ့ အနာဂတ်ဟာ လာမယ့်လတွေအတွင်း ကချင်ပြည်နယ် စစ်ရေးအခင်းအကျင်းကို ဆုံးဖြတ်ပေးနိုင်တဲ့ အချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
ဗိုလ်မှူးကြီး နော်ဘူကတော့ မကြာသေးခင်က မပခဆီ ဝင်ရောက်သွားတဲ့ ယာဉ်တန်းတွေအပေါ် အခြေခံပြီး ကချင်ပြည်နယ် အတွင်း တစ်နေရာရာမှာ စစ်ဆင်ရေးကြီးတစ်ခု ပြင်ဆင်နေတဲ့ လက္ခဏာတွေ တွေ့နေရတယ်လို့ သုံးသပ်ပါတယ်။
“စားနပ်ရိက္ခာတွေ၊ ခဲယမ်းတွေ၊ လူအင်အားတွေ စုပြီးမှ ဘယ်နေရာမှာ တိုက်မလဲတော့ မသိဘူး။ ဒါပေမဲ့ ကချင်ပြည်နယ် တစ်နေရာမှာတော့ စစ်ဆင်ရေးကြီးလုပ်ဖို့ ပြင်ဆင်နေသလားဆိုပြီး သုံးသပ်မိပါတယ်” လို့ သူက ပြောပါတယ်။
ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေဆဲအခြေနေနဲ့ မန္တလေး–မြစ်ကြီးနား လမ်းမကြီးပေါ် ဖြတ်သန်းသွားလာ နေတဲ့ စစ်ယာဉ်တန်းတွေဟာ လမ်းကြောင်းတစ်ခု ပြန်ဖွင့်နိုင်ခဲ့တာကိုသာမပြသဘဲ ကချင်ပြည်နယ်အတွင်း နောက်ထပ် ဘယ်စစ်မျက်နှာတွေ အရှိန်မြင့်လာမလဲ၊ ဗန်းမော်နဲ့ ရွှေကူဒေသရဲ့ စစ်ရေးအခင်းအကျင်း ဘယ်လိုပြောင်းလဲလာမလဲ ဆိုတဲ့ မေးခွန်းတွေကိုပါ ချန်ထားခဲ့ပါတယ်။
By – အမိုး