ဆန်းစစ်ချက် ဆောင်းပါးဆောင်းပါး

PDF နှင့် LPDF ပူးပေါင်းမှု မရှိရင်၊ ပူးပေါင်းခဲ့ရင် ဘာဆက်ဖြစ်မလဲ

ဗန်းမော်မြို့ဟာ ကချင်ပြည်နယ် ဒုတိယ မြို့တော်ဖြစ်တဲ့အပြင် ခရိုင်ရုံး စိုက်တဲ့ မြို့တစ်ခုဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း နေ့စဉ်ဆိုသလို စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်တဲ့ လူထုလူပ်ရှားမှု အလွန်အားကောင်းခဲ့တဲ့ မြို့တစ်ခုလို့လည်း ပြောလို့ရပါတယ်။

ဒါပေမယ့် လူထုလူပ်ရှားမှုတွေမှာ အားကောင်းခဲ့သလောက် စစ်အာဏာရှင်ကို တိုက်ထုတ်မယ့် စစ်ရေးလှုပ်ရှားမှုတွေမှာတော့ ထောက်ပြစရာအချို့ရှိနေပါတယ်။

ဗန်းမော်မြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီကနေ့ချိန်ထိ ရပ်ကွက်တွေမှာ PDF၊ NUG နဲ့ ချိတ်ဆက်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးထားသူ ပြည်သူ အယောက် ၃၀ ကျော်ရှိပါတယ်။ ဒီထဲမှာ ဆန္ဒထုတ်ဖော်စဉ်က ဖမ်းဆီးခံထားရတဲ့ အရေအတွက် မပါဝင်သေးပါဘူး။

ကချင်ပြည်နယ်အတွင်းက အခြားမြို့နဲ့ နိူင်းယှဉ်ကြည့်ရင်လည်း ဗန်းမော်မြို့ကို စစ်ကောင်စီတပ်က သိသိသာသာ ဖိနှိပ်နေဆဲဖြစ်ပြီးတော့ မြို့တွင်းမှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရဆိုပြီး ထုတ်ပြန်ခံထားရတဲ့မြို့လည်း ဖြစ်ပါတယ်။

ဒါဟာ ဘာကြောင့်လဲဆိုရင် စစ်ကောင်စီတပ်ကို အကြောက်တရားပေးနိုင်တဲ့ ဗန်းမော်မြို့တွင်း စစ်ရေးလှုပ်ရှားနေတဲ့ PDFs နှင့် LPDF အဖွဲ့တွေရဲ့ ပြတ်သားတဲ့ လုပ်ဆောင်မှုတွေကြောင့်လို့ ပြောနိုင်မယ်ထင်ပါတယ်။

PDF ဆိုတာဘာလဲ LPDF ဆိုတာဘာလဲ

နားလည်တဲ့ ပြည်သူတွေရှိသလို ဇဝေဇဝါ ဖြစ်နေဆဲသူတွေလည်း ရှိနေတာမို့ အနည်းငယ်ရှင်းပြချင်ပါတယ်။ PDF ဆိုတာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဖွဲ့စည်းထားတဲ့ တပ်ဖြစ်ပြီးတော့ သူတို့ကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ EAO ရဲ့ စစ်ရေးလေ့ကျင့်သင်ကြားပေးမှုနှင့်အတူ NUG ရဲ့ ထိန်းချုပ်မှုအောက်က တပ်ဖွဲ့တွေ ဖြစ်ပါတယ်။

ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ လို့ခေါ်ကြတဲ့ LPDF တပ်ဖွဲ့တွေကတော့ ဘယ်အဖွဲ့နဲ့မှ ချိတ်ဆက်မှု မရှိဘဲ ရရာလက်နက်နဲ့ လှုပ်ရှားနေကြတဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။

ဗန်းမော်မြို့နယ်မှာရှိတဲ့ လူငယ်တွေမှာလည်း စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ PDF နှင့် LPDF တပ်ဖွဲ့ဆိုပြီး ရှိနေပါတယ်။  ဒီလူငယ်တွေအားလုံးမှာ တူညီတဲ့အချက်လို့ပြောရမယ်ဆိုရင် စစ်အာဏာရှင်ကို အမြစ်တိုက်ထုတ်ချင်တဲ့ စိတ်ဓါတ်နဲ့ ရည်မှန်းချက်တွေပါဘဲ။

ပန်းတိုင်တူပေမယ့် ပူးပေါင်းဆောင်ရွက်မှု အားနည်း

ဗန်းမော်မြို့မှာ လှုပ်ရှားနေတဲ့ PDF တွေကြား ဘာကြောင့် မဟာမိတ်ဖွဲ့နိုင်ဖို့ ခက်ခဲနေသလဲဆိုတဲ့အချက်ကို မပြောခင် သူတို့တပ်ဖွဲ့တွေရဲ့ ဖြစ်တည်လာပုံကို ဦးစွာ သိဖို့ လိုအပ်ပါတယ်။

“အစပိုင်းတော့ ဆန္ဒပြတယ်။ သပိတ်တွေ လုပ်ကြိုးစားပြီးလုပ်တယ်။ နောက်ပိုင်းကျတော့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က စစ်တပ် ပစ်ခတ်ပြီးတော့ ကျနော်တို့  ဗန်းမော်ကပြည်သူနှစ်ယောက်ကျသွားတယ်။ နောက်ဆုံးတော့ နိုင်ငံရေးအရ တောင်းဆိုတယ်လို့ ပြောရမလား လက်နက်ကိုင်တဲ့လမ်းစဉ်ကို သွားရတော့မယ်ဆိုတာ ကျနော်တို့ သဘောပေါက်လာတယ်။ အဲကြောင့်မို့ တောထဲဝင်ဖို့ ဆုံးဖြတ်လိုက်တာ သင်တန်းသွားတက်မယ် ပြီးတော့ မြို့ပေါ်မှာ မြို့ပြပျောက်ကျားအနေနဲ့ လှုပ်ရှားမယ်ဆိုပြီး KIA ဆီမှာ စစ်ပညာကို သွားရောက်သင်ယူပြီးတော့ ဗန်းမော် PDF ကျနော်တို့အဖွဲ့တွေ စတင်ထူထောင်ဖြစ်ခဲ့ပါတယ်” လို့ BPDF ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု မဖြစ်ခင် ဗန်းမော်မြို့မှ လူငယ်တွေဟာ အခြားလူငယ်များနည်းတူ ဘဝရှေ့ရေးအတွက် အိမ်မက်တွေကို အကောင်အထည်ဖော်ခွင့် ကိုယ့်ဘဝကိုယ်တိုင် ထုဆစ်ခွင့် ရနေကြပေမယ့်လို့ စစ်တပ်မှ အာဏာသိမ်းလိုက်ပြီး နောက်ပိုင်းမှာတော့  စစ်အာဏာရှင်ကို အမြစ်ပြုတ်တိုက်ထုတ်ဖို့ ဗန်းမော်မြို့က လူငယ်အချို့ဟာ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ထံ စစ်ပညာသင်ယူခဲ့ပြီး ဗန်းမော်မြို့ထဲ မြို့ပြပျောက်ကျားလူပ်ရှားမူကို စတင်ခဲ့ကြတာဖြစ်ပါတယ်။

Bhamaw PDF နှင့် URF Bhamaw အဖွဲ့၏လှုပ်ရှားမူများ

၂၀၂၁ မေလ လောက်စပြီး Bhamaw PDF နှင့်အတူ URF Bhamaw ဆိုပြီး NUG နဲ့ ချိတ်ဆက်ပြီး ကချင်လွတ်လပ်ရေး တပ်မတော် KIA ထောက်ပံ့ပေးမှုနဲ့ မြို့ပြပျောက်ကြားစနစ်စတင် အကောင်ထည်ဖော်လာကြပါတယ်။ အစိုးရရုံးဌာနဆိုင်ရာ နေရာတွေကို ရီမုတ်မိုင်းခွဲခြင်း၊ ထောင်မိုင်းခွဲခြင်း ပြုလုပ်ကာ နိုဝင်ဘာလ ၁၄ ရက်ည ဗန်းမော်မြို့၊ ပရဟိတကန်လမ်းတွင် ကင်းလှည့်ရန်ထွက်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြပြီး နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ မြို့တွင်း စစ်ကောင်စီတပ် နှင့် ဆက်စပ်တဲ့နေရာတွေမှာ ဖောက်ခွဲမှု ၅ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ကြပါတယ်။

အဖွဲ့ရဲ့အားသာချက်ကတော့ အခြားနေရာမှ PDFs များကဲ့သို့ ရိက္ခာအခက်ခဲမရှိသည့်အပြင် လက်နက်အင်အား၊ ဖောက်ခွဲရေးအတွက်လိုအပ်တဲ့ ဖောက်ခွဲရေးပစ္စည်းများကို KIA က ထောက်ပံ့ပေးထားခြင်းဖြစ်ကာ လူငယ် အားလုံးဟာလည်း ဒေသခံတွေဖြစ်တာမို့ နယ်မြေကျွမ်းကျင်မှု အားသာချက် ဖြစ်နေပါတယ်။

Bhamaw Commando Force ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ပေါ်လာပုံ

အလားတူဘဲ ဗန်းမော်မှာ စစ်အာဏာရှင် ချေမူန်းဖို့ လက်နက်ကိုင်လမ်းစဉ်ကိုရွေးခဲ့ကြတဲ့ Bhamaw Commando Force ဆိုတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ဟာ ဘယ်အဖွဲ့နဲ့မှ ချိတ်ဆက်ထားခြင်းမရှိဘဲ စစ်အာဏာရှင်ကို တိုက်ထုတ်ချေမူန်းရန် ရင်ဘတ်ချင်းတူ၊ ရည်းမှန်းချက်ချင်းတူညီတဲ့ နောက်ထပ် ဗန်းမော်လူငယ်တွေအဖွဲ့ လည်းရှိနေပါတယ်။

“ပထမတော့ ကျနော်က CRPH ကို ကူညီမယ်။ လက်နက်ကိုင်တိုက်နေတဲ့သူတွေကို ကူညီမယ်ဆိုပြီးတော့ဘဲ ကျနော်လုပ်ထားတာ ကျနော့်အဖွဲ့တော့ရှိတယ်။ သို့ပေမယ့် Bhamaw Commando Force ကိုမဖွဲ့သေးဘူး။ ဒါပေမယ့် စစ်တပ်ကတော့ ပြည်သူတွေကို ပိုဖိနှိပ်လာတယ်။ အောက်တိုဘာလအထိက ဘာလူပ်ရှားမူမှ မရှိလာတဲ့အတွက် ကျနော်တို့ Bhamaw commando force ကို စဖွဲ့လိုက်ပါတယ်” လို့ Bhamaw commando force တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Bhamaw commando force အဖွဲ့သည်လည်း အောက်တိုဘာလ ၂၅ ရက်နေ့မှစတင်ကာ ဗန်းမော်မြို့ ၂မိုင်လမ်းဆုံတွင် စစ်ကောင်စီတပ်အား စတင်ဗုံးခွဲကာ မြို့ပြလူပ်ရှားမှုစတင်ခဲ့ကြပြီး အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ ၆ ကြိမ်တိတိ မြို့ပြလှုပ်ရှားမှု ပြုလုပ်လာကြပါတယ်။

အဖွဲ့ရဲ့ အားသာချက်ကတော့ ဒေသခံလူငယ်များဖြစ်တဲ့အတွက် နယ်မြေကျွမ်းကျင်မူအပြင် သတင်းအချက်အလက်များ ပိုမိုရယူနိုင်တာဖြစ်တဲ့အတွက် မစ်ရှင်အားကောင်းရန်အထောက်အပံ့ဖြစ်စေတာဟာ သူတို့ရဲ့အားသာချက်ဖြစ်ပါတယ်။

ထို့ကြောင့်မို့ ဗန်းမော်မြို့ထဲမှာပင်လျှင် NUG,KIA နှင့် ချိတ်ဆက်ဆောင်ရွက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့ BPDF ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် မဟာမိတ်အဖြစ်ပူးပေါင်းထားတဲ့ URF bhamaw ရှိသလို မည်သည့်အဖွဲ့နဲ့မှ ချိတ်ဆက်ခြင်းမရှိတဲ့ Bhamaw commando force ဆိုပြီး ရှိနေပါတယ်။

ပြဿနာ အစကဘာလဲ

အာဏာရှင်စနစ်ကို အမြစ်ပြုတ်တော်လှန်ကြဖို့ ရည်မှန်းချက်ခြင်းတူညီကြပေမယ့် အချင်းချင်းကြားမှာ ယုံကြည်မူ၊ နားလည်မှု လွဲမှားနေတဲ့တစ်ချို့အရာတွေရှိနေသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်တစ်ဦးရဲ့ ပြောဆိုဝေဖန်မှုတွေကြောင့်လည်း မဟာမိတ်ဖွဲ့ဖို့ ခက်ခဲနေပါတယ်။

“ခုဖြစ်နေတာက တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုတွေ နားလည်မူတွေ လွှဲမှားနေတယ်။ အဲဒါကြောင့်ပူးပေါင်းလို့မရတာ နောက်တစ်ချက်က ကျနော်တို့ စပြီးမစ်ရှင်စလုပ်တဲ့အချိန်မှာ နာမည်တော့မပြောတော့ပါဘူး။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က ကျနော်တို့ကို စတိုက်ခိုက်လာတာ။ ခုထိသူတို့ရဲ့ စခရင်ရှော့တွေ သိမ်းထားတုန်းပါဘဲ အလှူခံတွေ မပေးပါနဲ့တော့။ ဘယ်သူ့ဆီက ကျနော်တို့အလှူခံဖူးလို့လဲ သူတို့ရဲဘော်တွေ ဒုက္ခရောက်မှာကြောက်လို့ ကျနော်တို့ဆီက ပေးပို့ထားတာရှိတယ်” လို့ Bhamaw Commando Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ Bhamaw Commando Force ကို ဦးဆောင်နေသူရဲ့ မိသားစုဝင်တစ်ဦးဟာ ယခင်စစ်ကောင်စီတပ််််််အောက် ဌာနတစ်ခုမှာ ကြာရှည်စွာ တာဝန်ထမ်းဆောင်ခဲ့ဖူး သူတစ်ဦးဖြစ်နေတဲ့အတွက် အများအခေါ်ဝေါ် ဒလန်များ ဖြစ်လေမလားဆိုတဲ့ သံသယတွေရှိနေကြတာတွေ့ရပါတယ်။ ဒါကြောင့်မို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား ယုံကြည်မူ တည်ဆောက်ဖို့ ပိုခက်ခဲစေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်နေပါတယ်။

“ဥပမာ ရဲဝန်ထမ်းအငြိမ်းစားရဲ့သားက ရဲ ဖြစ်ရမယ်ဆိုတဲ့အတွေးအခေါ်တွေရှိနေတာ ကျနော်တို့တော်လှန်ရေးမှာ သံသယတွေ၊ အစွဲတွေက အဲဒါတွေက တော်လှန်ရေးကို ရေချိန်ကြာစေတယ်။ ဥပမာ ဒီလူတစ်ယောက်က သူတို့ရဲ့ နောက်ကြောင်းတွေ ဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ဓမ္မနဲ့အဓမ္မကြားမှာ ဓမ္မဘက်ကိုလာတယ်ဆိုလို့ရှိရင် လက်ခံကြိုဆိုရမယ့် ဟာတွေပါ” Bhamaw Commando Force တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပူးပေါင်းဆောင်ရွက်မူအားနည်းရင် ဘာတွေဆက်ဖြစ်လာနိုင်လဲ

ဒီနွေဦးတော်လှန်ရေးဟာ ခေတ်အဆက်ဆက် ဘယ်ခေတ်မှ မရှိခဲ့ဘူးတဲ့ တော်လှန်ရေးကြီးဖြစ်သလို ပြည်သူတစ်ရပ်လုံး မျှော်လင့်ချက်ကြီးစွာထားနေကြတဲ့ စစ်အာဏာရှင်အမြစ်ပြုတ်ရေးပွဲလည်း ဖြစ်ပါတယ်။

သို့သော်တစ်ချို့သော နေရာဒေသများတွင် ပါတီစွဲ၊ လူမျိုးစွဲသူများ၏ မဆင်မခြင်ပြောဆိုမူကြောင့် ညီညွှတ်မှု ပြိုကွဲစေတာလည်း ရှိနေပါတယ်။ ဥပမာ အာဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးကျော်သူဟန်ထွန်းဟာ ပုလဲနယ်ဗိုလ်နဂါးကို တီကောင်ဆိုပြီး သုံးနှုန်းရေးသားထားတဲ့အတွက် လူငယ်တွေကြား ညီညွှတ်မူကွဲပြားစေနိုင်တဲ့အပြင် အမတ်ဟောင်းအပေါ် ပြည်သူတွေရဲ့ ဝေဖန်တုံ့ပြန်မှု ယုံကြည်မူပျက်စေခဲ့ပါတယ်။

ဒီတော်လှန်ရေးခရီးမှာ အရာရာကို စွန့်လွှတ်ပြီး တောထဲဝင်ပြီး လက်နက်ကိုင်နေကြတဲ့ ရဲဘော်တွေဟာ အဖက်ဖက်မှ ပင်ပန်းဆင်းရဲမူတွေကို ကြံ့ကြံ့ခိုင်ပြီး ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးစားနေကြရပါတယ်။ သူတို့လက်ရှိ ဖြတ်သန်းနေရတဲ့ဘဝဟာ ထင်တာထက် ပိုပြီကြမ်းတမ်းလွန်းပါတယ်။

သက်ဆိုးရှည်နေတဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်ရန် တို့တွေ ပေါင်းဆည်းမှုနဲ့သွားရမယ့်ခရီးမှာ သက်ဆိုင်ရာ ခေါင်းဆောင်သူများအနေဖြင့်လည်း စကားလုံးအသုံးအနူန်း၊ အပြောအဆို ရှောင်ရှားသင့်ပြီး မတူညီမူတွေကို ဘယ်လိုပေါင်းစည်းသွားကြမလဲ ပေါင်းဆည်းဖို့ရန်ဘာတွေလုပ်သင့်လဲဆိုတာကို လေးလေးနက်နက် စဉ်းစားဆင်ခြင်ဖို့ လိုအပ်ပါတယ်။ အားလုံးပေါင်းဆည်းနိုင်မှသာလျှင် စစ်အာဏာရှင်ကြီးကို ဧကန်မုကျ တိုက်ထုတ်နိုင်မှာသေချာပါတယ်။

ဒီကိစ္စတွေကို သေချာစဉ်းစားကြည့်မယ်ဆိုရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား ဒေါသထွက်စရာ၊ သံသယတွေရှိနေတာထက် နှစ်ဖက်တွေ့ဆုံပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးသင့်တာဖြစ်ပါတယ်။

အားကောင်းသော ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်

ဗန်းမော်မြို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အားလုံးဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရာမှာ အဓိကအားဖြင့် မြို့ပြလူပ်ရှားမှုကို ဦးစားပေးအနေဖြင့် လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

ဒီလိုခက်ခဲပြီး အန္တာရယ်များလွန်းတဲ့ စစ်ရေးလှုပ်ရှားမှုကို ဗန်းမော်မှာရှိတဲ့ သက်ဆိုင်ရာ ပီဒီအက်ဖ်အဖွဲ့တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မစ်ရှင် ဒီထက်ပိုမို မြိုင်လာနိုင်တဲ့အပြင် “စည်းလုံးခြင်းသည် အင်အား” ဆိုတဲ့အတိုင်း စစ်ကောင်စီတပ်ကို အကြောက်တရားတွေ ပေးနိုင်မယ့် အားတစ်ခုဖြစ်လာနိုင်ပါတယ်။

ပူးပေါင်းဆောင်ရွက်နိုင်ဖို့ တစ်ကယ် ကာယကံရှင်ဖြစ်သူတွေဟာ တာဝန်ယူမူ၊ တာဝန်ခံမှုဖြင့် အမုန်းစကားဆိုခြင်းထက် အပြုသဘောဆောင်ပြီး တွေ့ဆုံဆွေးနွေးနိုင်မည်ဆိုလျှင် ဗန်းမော်မြို့ပြည်သူတွေအတွက် ပိုပြီးအားကိုး၊ အားထားရလောက်တဲ့ အင်အားကြီးအဖွဲ့ဖြစ်လာမှာ သေချာပါတယ်။ ဒီ နွေဦးတော်လှန်ရေးဟာ ခေတ်အဆက်ဆက် မရှိခဲ့ဖူးတဲ့ တော်လှန်ရေးကြီး ဖြစ်ပြီး ပြည်သူတွေကလည်း အာဏာရှင်ကို အမြစ်ပြတ်အောင်တိုက်မယ့်ပွဲလို့ ယုံကြည်ထားကြပါတယ်။

ဒါကြောင့် ဗန်းမော်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း အားလုံးရဲ့တူညီနေတဲ့ ရည်မှန်းချက်ပန်းတိုင် အခုထက်ပိုပြီး အတူတစ်ကွ လက်တွဲလုပ်ဆောင်သွားကြမယ်ဆိုရင် ဗန်းမော်မြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ဒီအရေးတော်ပုံကြီး အောင်နိုင်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုမှာ သမိုင်းတွင်ဖို့သာ ဖြစ်ပါတယ်။

ဇမီ

Show More

Related Articles

Back to top button