ဆန်းစစ်ခြင်းဆောင်းပါးသတင်း

နည်းပညာကဏ္ဍတောင်းဆိုမှုအရ စတေးခံနေရတဲ့ ကချင်ပြည်နယ်က မြေရှားသတ္တု

ကမ္ဘာ့မြေရှားတောင်းဆိုမှုအရ တရုတ်ရဲ့ လိုအပ်မှုအတိုင်း ကချင်မြေရှားတွေကတော့ ဆက်လက် စတေးနေရမှာဖြစ်ပါတယ်။

အဆင်မြင့် နည်းပညာပစ္စည်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့ မြေရှား Rare Earth Elements (REE) ကမ္ဘာ့စျေးကွက်ကို တရုတ်နိုင်ငံက လွမ်းမိုးချုပ်ကိုင်ထားပြီး အမေရိကန်၊ ဩစတြေးလျ  နဲ့ မဟာမိတ်တွေကလည်း တရုတ်ရဲ့ ချုပ်ကိုင်မှုကနေ လွတ်မြောက်ဖို့ တန်ပြန်ကြိုးစားလာနေကြပါတယ်။

United States Geological Survey (USGS) ကထုတ်ပြန်တဲ့ ၂၀၂၂ တစ်နှစ်အတွင်း မြေရှားတင်ပို့တဲ့နိုင်ငံတွေထဲမှာ မြန်မာဟာ ကမ္ဘာ့ စတုထ္တအများဆုံး မြေရှားတင်ပို့တဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။

နှစ်စဉ် မြေရှား တန်ချိန် အများဆုံး ထုတ်လုပ်တဲ့နိုင်ငံတွေရဲ့ စာရင်း(ကိုးကား – United States Geological Survey (USGS))

မြန်မာအစိုးရအနေနဲ့ မြေရှားသတ္တုကို တရားဝင်လုပ်ပိုင်ခွင့်မပေးထားသလို မြေရှားတင်ပို့တဲ့ အချက်အလက်တွေကိုလည်း ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။ ဒါပေမယ့် တရုတ်အကောက်ခွန်မှတ်တမ်းတွေအရ တရုတ်နိုင်ငံအတွက် လိုအပ်တဲ့ မြေရှားပမာဏရဲ့ ထက်ဝက်ခန့်ကို မြန်မာပြည်ကနေ ရရှိတယ်လို့ ဆိုပါတယ်။

ဒီထုတ်လုပ်မှုပမာဏာဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ်အရှေ့ဘက် ချီဖွေနဲ့ ဆော့လော်မြို့နယ်က တရားမဝင် မြေရှားထုတ်လုပ်မှုတွေကနေ ရရှိတာဖြစ်ပါတယ်။

မြေရှားသတ္တု စျေးကွက်ကို တရုတ် နဲ့ အမေရိကန် နိုင်ငံတွေက နိုင်ငံရေးအကျိုးအမြတ်အတွက် လက်နက်သဖွယ် အသုံးပြုလာနေချိန် မြေရှားအများဆုံးတူးဖော်တဲ့ ကချင်ပြည်နယ်ဒေသခံတွေကတော့ စီမံကိန်းကနေ အကျိုးအမြတ် လုံးဝ မရရှိတဲ့အပြင် ရေ၊ မြေ၊ လေ အဆိပ်သင့်တဲ့ စွန့်ပစ်ကျန် အခြေအနေတွေနဲ့သာ ရင်ဆိုင်နေကြရပါတယ်။

မြေရှားသတ္တုဆိုတာ ဘာလဲ

ဒြပ်စင်အလှည့်ကျဇယား (Periodic Table) မှာ ဒြပ်စင်နံပါတ် ၅၈ ကနေ ၇၁ အထိအစဉ်တိုင်းရှိတည်ရှိနေတဲ့ ဒြပ်စင် ၁၅ မျိုးအပြင် နံပါတ် ၂၁ နဲ့ ၃၉ တို့ပါဝင်တဲ့ စုစုပေါင်း ဒြပ်စင် ၁၇ မျိုးကို ဆိုလိုတာပါ။

Screenshot from Can Anyone Challenge China’s Near Monopoly On Metals Powering Our Tech? – Part 1/3 | Power Scramble

မြေရှားဒြပ်စင်တစ်မျိုးစီဟာ နေ့စဉ်သုံး နည်းပညာအသုံးအဆောင်သာမကာ စစ်ဘက်သုံး လက်နက်နဲ့ ပဲ့ထိန်းဒုံးထုတ်လုပ်တဲ့နေရာတွေအထိ တီထွင်မှုတွေကို အရွယ်အစားကြီးစရာမလိုဘဲ သေးငယ်တဲ့အရွယ်အစားတဲ့ စွမ်းဆောင်ရည်မြင့်မားအောင် လုပ်ပေးတာပါ။ မြေရှားကို ၁၉ ရာစုကတည်းက ကမ္ဘာမှာတွေ့ရှိခဲ့ကြပေမယ့် ၂၀ ရာစု ၁၉၆၀ ကျော်လောက်တုန်းက ကာလာတီဗီတွေ စတင်ထွက်ရှိလာချိန် မြေရှားဒြပ်စင်တွေ ပိုမို အရေးပါလာခဲ့ပါတယ်။

မြေရှားဒြပ်စင် ၁၇ မျိုးအနက် ကချင်ပြည်နယ် ပန်ဝါဒေသကနေ Dysprosium နဲ့ Terbium အမျိုးအစားအများဆုံး ထွက်ရှိပါတယ်။ Dysprosium ဟာ သံလိုက်စွမ်းအားတွေမှာ အမြင့်ဆုံးဖြစ်ပြီး လျပ်စစ်ကား၊ လေစွမ်းအင်ထုတ် လေတာဘိုင် (wind turbine) နဲ့ တိုက်ခိုက်ရေးဂျက်လေယာဉ်တွေမှာ မရှိမဖြစ်လိုအပ်ပါတယ်။ Terbium ကတော့ ခေတ်မှီ စမတ်ဖုန်းတွေနဲ့ စခရင်တွေကို ထူးခြားမှုရှိအောင် လုပ်ဆောင်ပေးပါတယ်။

မြန်မာစကားနဲ့ ‘မြေရှား’ လို့ခေါ်ဆိုနေကြပေမယ့် ဒြပ်စင် ၁၇ မျိုးဟာ ရှားပါးနေတာတော့ မဟုတ်ပါဘူး။ ကမ္ဘာ့မြေအောက်နှာပြင် နေရာတော်တော်များများမှာ ရှာဖွေရင် တွေ့နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။  လက်ရှိမှာလည်း တရုတ် ၊ ဗီယက်နမ်၊ ဩစတြေးလျ၊ အမေရိကန် နဲ့ နိုင်ငံအများအပြားမှာ တူးဖော်နေကြပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုကြောင့် နိုင်ငံတကာက ရုပ်ကြွင်းလောင်စာအသုံးပြုတဲ့ ကဏ္ဍကို လျေ့ချပြီး သဘာဝနဲ့ လိုက်လျောညီထွေမယ့် သန့်ရှင်းစွမ်းအင်ကို ရှာဖွေလာကြပါတယ်။ တရုတ်နိုင်ငံဟာ လက်ရှိ ကမ္ဘာမှာ လျပ်စစ်ကား နဲ့ လျပ်စစ်ပစ္စည်းအသုံးအဆောင်တွေကို အများဆုံး တင်ပို့တဲ့ နိုင်ငံဖြစ်သလို၊ အနောက်နိုင်ငံက ကမ္ဘာကျော်သူဌေးကြီး အီလွန်မတ်ရဲ့ Tesla ကဲ့သို့ လျပ်စစ်ကားကုမ္ပဏီတွေအတွက် လိုအပ်တဲ့ မြေရှား ၉၀ ရာခိုင်နှုန်းလောက်ကိုလည်း တင်ပို့နေတာဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ မြေရှားကို ပြည်တွင်းမှာအသုံးပြုသလို ပြည်ပကိုလည်း အများဆုံး တင်ပို့နေတာပါ။

မြေရှားလိုအပ်မှု ပိုမိုမြင့်တက်လာပေမယ့် အမေရိကန်လို နိုင်ငံတွေအတွက်ကတော့ လိုအပ်ချက်ကို ချက်ခြင်းဖြည့်ဆည်းနိုင်ဖို့ ခက်ခဲနေပါတယ်။ အဲဒါကတော့ မြေရှားတူးဖော်ဖို့ နဲ့ မြေရှားကုန်ကြမ်းတွေကို ဒြပ်စင်ရရှိတဲ့အထိ သန့်စင်တဲ့လုပ်ငန်းစဉ်တွေမှာ နှောင့်နှေးနေတာပါ။ အဲဒါကလည်းအမေရိကန်နဲ့  ဩစတြေးလျလို နိုင်ငံတွေဟာ မြေရှားသန့်စင်တဲ့ ကဏ္ဍမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဘောင်တွေကို လိုက်နာတဲ့အတွက်လို့ ဆိုပါတယ်။

မြေရှားသတ္တုကို နေရာအနှံမှာတွေ့နိုင်ပေမယ့် တခြားသတ္တုတွေနဲ့ ရောနှောတည်ရှိနေတဲ့အခြေအနေကြောင့် သူ့ကို ဓာတုနည်းလမ်းအရ ခွဲထုတ်ဖို့လုပ်ငန်းစဉ်မှာ သဘာဝပတ်ဝန်းကျင်နဲ့ လူတွေကို အဆိပ်သင့်စေနိုင်လို့ ဖြစ်ပါတယ်။

မြေရှားတူးတဲ့ လုပ်ငန်းခွင်တွေ

အပေါ်ယံ မြေလွာကို တူးဆွပြီး တူးဖော်တဲ့ (Open Pit) နည်းလမ်း နဲ့ မြေအောက်ကို အပေါက်ဖော်ပြီး ဓါတုဆေးနဲ့ စစ်ထုတ်ယူတဲ့ နည်းလမ်း (In-situ leaching) နှစ်မျိုးက လက်ရှိကမ္ဘာမှာ အသုံးများပါတယ်။ တောင်ထူထပ်တဲ့ ကချင်ဒေသအတွက်တော့ ဒုတိယနည်းလမ်းကို အသုံးပြုကြပါတယ်။

မြေရှားသတ္တုစစ်ယူသည့် အက်ဆစ်ရေကန်များ

ချီဖွေ၊ ပန်ဝါဒေသ မြေရှားသတ္တုတွင်းတွေမှာ လုပ်ကိုင်ခဲ့တဲ့ ကချင်လူငယ်တစ်ဦးပြောပြတာက တရုတ်တွေဟာ အက်ဆစ်မလောင်းထည့်ခင်မှာ အရင်ဆုံး အဲဒီတောင်မှာ မြေရှားသတ္တုရှိ မရှိ အရင်စမ်းသပ်ကြတယ်လို့ ပြောပါတယ်။

စမ်းသပ်မှုတွေကတော့ “တူးရင်းနဲ့ ၁ မီတာအနက်မှာ ​မြေကြီးနမူနာ လက်တစ်စုပ်စာယူတယ်။ နောက် ၁ မီတာချင်းစီ ယူတယ်။ ၁၀ မီတာအထိတော့ တူးရတယ်။ သူတို့ နမူနာယူထားတဲ့ထဲ မြေရှားတွေ့ပြီဆိုမှ အဲဒီတောင်ကို အပေါက်တွေဖောက်ပြီး အက်ဆစ်လောင်းထည့်တာ။” လို့ အမည်မဖော်လိုတဲ့ မြေရှားသတ္တုလုပ်ငန်းခွင်မှာ အလုပ်လုပ်ဖူးတဲ့ ကချင်လူငယ်တစ်ဦးက ပြောပြပါတယ်။

“အပေါ်ကနေ အပေါက်တူးပြီးရင် တောင်ဘေးပတ်ပတ်လည်ကနေ ဘေးကျင်းအပေါ်က် ပြန်ဖောက်တယ်။ အပေါ်ကနေ ဖောက်ထားတဲ့အပေါက်တွေတိုင်းမှာ ရေပိုက်သွယ်တယ်။ အက်ဆစ် (အမိုနီယမ် ဆာလ်ဖိတ်) ထည့်တယ်။ အဲဒီကနေ ရေတွေကို ရေကန်ဘက်ကို ပြန်စစ်ယူတာ။” လို့ ဆက်ပြောပါတယ်။

မြေရှားသတ္တုလုပ်ကွက်တစ်ခုသို့ အမိုနီယမ်ဆာလဖိတ် လာရောက်ပို့ဆောင်သည့် ကုန်တင်ကားတစ်စီး။ အရင်းအမြစ် – GLOBAL WITNESS

တောင်အောက်ကနေ အက်ဆစ်တွေနဲ့အတူ ထွက်လာတဲ့ အရည်တွေကို ပထမရေကန်ကတဆင့် ဒုတိယရေကန်မှာတော့ အမိုနီယမ် ကာဗွန်နိတ် အက်ဆစ် ထပ်ထည့်ပြီး တစ်ရက်နှစ်ရက်လောက် ထပ်စိမ်ထားပါတယ်။ ရေကုန် ၃ ဆင့် သို့မဟုတ် ၄ ဆင့်လောက်မှ အနည်ထိုင်သွားတဲ့ မြေရှားအခဲတွေကို မီးနဲ့ ထပ်ရှို့ရပါတယ်။

“အဲဒီအက်ဆစ်တွေက ကျနော်တို့တောင် မခံနိုင်ဘူး အရမ်းနံတယ်။ အရမ်းလည်း ပူတယ်။ အက်ဆစ်ရည်အရမ်းပြင်းတော့ အသာထဲအထိ ဖောက်တယ်။ ရေရှည်အတွက်ဆို ဘယ်လိုမှ မကောင်းဘူး။” လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

မြေရှားလုပ်ငန်းခွင်မှာ ရာထူးအကြီးဆုံးကတော့ တရုတ်မန်နေဂျာတွေဖြစ်ပြီး သူတို့ကတဆင့် တရုတ်စကားတတ်တဲ့ မြန်မာဘက်ခြမ်းက လုပ်သားခေါင်းဆောင်တွေက ဦးဆောင်ပါတယ်။

အလုပ်ခေါင်းတွေက တစ်လ ယွမ် ၆ ထောင် (ကျပ် ၁၇ သိန်းခန့်) ရရှိပြီး အထွေထွေလုပ်သားတွေက တစ်ရက်ယွမ် ၁၃၀ ( ကျပ် ၄ သောင်း) ဝန်းကျင်ရကြပါတယ်။ လုပ်သားအများစုကတော့ အသက်အရွယ်အားဖြင့် အသက် ၁၈ ကနေ ၃၀ ကျော်ဝန်းကျင် တွေဖြစ်ကြပါတယ်။ အဲဒီထဲမှာ အမျိုးသမီးတွေကတော့ ထမင်းချက်နဲ့ ရေပိုက်စောင့်ကြည့်တဲ့အလုပ်တွေ လုပ်ရပါတယ်။

ကချင်မှာ မြေရှားသတ္တုပိုတူးလာ၊ သယံဇာတ စီမံအုပ်ချုပ်မှုမရှိ

Global Witness ရဲ့ ၂၀၂၂ ခုနှစ်အစီရင်ခံစာအရ ချီဖွေ၊ ပန်ဝါဒေသမှာ စင်ကာပူနိုင်ငံအရွယ်အစားလောက် ကျယ်ပြန့်တဲ့ မြေနေရာမှာ မတူညီတဲ့ နေရာ ၃၀၀ ထဲက သတ္တုကန် ၂၇၀၀ ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုသိရှိဖို့အတွက် အဝေးမှ အာရုံခံခြင်း (Remote Sensing) နည်းပညာကုမ္ပဏီကို ဂြိုလ်တုတစ်လုံးပျံသန်းစေပြီး ရှာဖွေခဲ့တယ်လို့ ဖော်ပြပါတယ်။

University of Delaware ရဲ့ မကြာသေးခင်က ထုတ်ပြန်တဲ့ သုတေသနတစ်ခု မှာလည်း တရုတ်မြန်မာ နယ်စပ်မှာ မြေရှားသတ္တု တူးတဲ့လုပ်ငန်းတွေ ပိုများလာတယ်လို့ ဖော်ပြပါတယ်။ နယ်စပ်ဆိုပေမယ့် မြေရှားသတ္တုတွင်းထဲက ကားလမ်းတွေဟာ မြန်မာဘက်ခြမ်းကို မသွားဘဲ တရုတ်ဘက်ကိုသာ ဦးတည်နေတယ်လို့ ဖော်ပြပါတယ်။

အဝေးမှအာရုံခံခြင်း (Remote Sensing) နည်းပညာဖြင့် ကချင်ပြည်နယ် ချီဖွေ၊ ပန်ဝါဒေသ နဲ့ တရုတ်နယ်စပ်တစ်နေရာကို ၂၀၀၅ မှ ၂၀၂၀ အတွင်းလေ့လာထားတဲ့သုတေသနပုံ

မြေရှားတူးဖော်နေတဲ့ ချီဖွေ၊ ပန်ဝါဒေသကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ နဲ့ နယ်ခြားစောင့်တပ်တို့က စိုးမိုးထားပြီး မြေရှားလုပ်ငန်းကနေ ဝင်ငွေအများအပြား ရရှိနေတာပါ။ ဒါ့အပြင် မြေရှားလုပ်ငန်း ကန့်ကွက်တဲ့ ဒေသခံတွေကိုလည်း ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးမှုတွေ ရှိပါတယ်။ ဒါကြောင့် စစ်တပ်အာဏာသိမ်းပြီးနောက် မြေရှားတူးဖော်တဲ့ လုပ်ငန်းတွေ ပိုများလာတယ်လို့ ဒေသခံတွေ ပြောပါတယ်။

တရုတ်အကောက်ခွန်ရဲ့ မှတ်တမ်းအရ မြန်မာပြည်ကနေ တရုတ်ကို တင်ပို့တဲ့မြေရှားတန်ဖိုးဟာ ၂၀၂၁ ခုနှစ် ဒေါ်လာ ၈၀၃ သန်း၊ ၂၀၂၂ ခုနှစ် ဒေါ်လာ ၆၀၄ သန်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဒေါ်လာ ၁၂၀၂ သန်း (၁ ဘီလီယံ) အထိရှိပြီလို့ ဖော်ပြပါတယ်။

Global Witness ကတော့ မြန်မာပြည်ဟာ ၂၀၁၄ ခုနှစ်တုန်းက တရုတ်ကို ဒေါ်လာ ၁ သန်းခွဲသာ တင်ပို့ခဲ့ပေမယ့် ၂၀၂၁ မှာတော့ သန်း ၇၈၀ တင်ပို့ခဲ့တယ်လို့ ဖော်ပြပါတယ်။

ကချင်ပြည်နယ်မှာ တရုတ်စီမံကိန်းအများအပြားရှိပေမယ့် NLD အစိုးရလက်ထက်ကတည်းက ပြည်နယ်အစိုးရက ထိရောက်တဲ့ စီမံအုပ်ချုပ်မှု မရှိခဲ့ဘူးလို့ အဲဒီချိန်က ကချင်အရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ပြခဲ့ပါတယ်။

ထိုနည်းတူ မြေရှားသတ္တုတူးဖော်မှုကိုလည်း ပြည်နယ်အစိုးရက ခွင့်မပြုဘူးလို့ ငြင်းဆိုခဲ့ပေမယ့် တရားမဝင်လုပ်ကွက်တွေက ပိုများလာခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့လည်း ဗန်းမော်ခရိုင်၊ မံစီမြို့နယ်မှာ မြေရှားသတ္တုးတူးဖော်ဖို့ စမ်းသပ်တဲ့ လုပ်ငန်းတွေကို ကချင်ဒေသခံတွေ ကန့်ကွက်လို့ ၂၀၂၃ ဧပြီလမှာပဲ ဒိန်ဆင်းပါဒေသက လုပ်ကွက်တွေကို ရပ်တန့်ပေးလိုက်ရပါတယ်။ ဒါပေမယ့် တခြားဒေသတွေမှာတော့ ဆက်လက်တူးဖော်နေပါတယ်။ ဒါ့အပြင် ချီဖွေ၊ ဆော့လော KIA တပ်မဟာ ၇ ဒေသမှာလည်း မြေရှားတူးဖော်မှုတွေ လုပ်ဖို့ ကြိုးစားရင်း ဒေသခံတွေရဲ့ ကန့်ကွက်မှုကို ကြုံနေရပါတယ်။

ဖရဲဒေသ မြေရှားတူးမယ့်အစီစဉ်ကို ဒေသခံများ ကန့်ကွက်

ဒါပေမယ့် စစ်ကောင်စီထိန်းချုပ်တဲ့ ပန်ဝါဒေသနဲ့ နှိုင်းယှဉ်လောက်တဲ့ ပမာဏတော့မဟုတ်ပါဘူး။ စစ်ကောင်စီဟာ နှစ်စဉ်မြေရှားကနေ ရရှိတဲ့ ဝင်ငွေတွေဟာ မနည်းဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီ နဲ့ KIO ဘက်က မြေရှားလုပ်ငန်းကနေ ရရှိတဲ့ ဝင်ငွေကို သိနိုင်ဖို့ ခက်ခဲပါတယ်။

သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးပြီး ဒေသခံတွေ ကျန်းမာရေး ထိခိုက်

၁၉၉၂ ခုနှစ်တုန်းက မလေးရှားနိုင်ငံမှာ တစ်ခုတည်းသော မြေရှားသန့်စင်တဲ့ စက်ရုံတစ်ခုကို ဒေသခံတွေ ကန့်ကွက်လို့ ပိတ်သိမ်းလိုက်ရပါတယ်။ အကြောင်းရင်းကတော့ စက်ရုံရေဒီယိုသတ္တိကြွမှုကြောင့် မသန်စွမ်း ချို့ယွင်းတဲ့ ကလေးတွေ မွေးဖွားလာတယ်ဆိုပြီး ပိတ်လိုက်တာပါ။

မြေရှားသတ္တုတူးဖော်မှု နဲ့ သန့်စင်မှုလုပ်ငန်းစဉ်တွေကြောင့် ရေဒီယိုသတ္တကြွမှုဖြစ်ပြီး စက်ရုံပိတ်လိုက်ရတဲ့ သာဓက ကမ္ဘာမှာ အများအပြားရှိပါတယ်။ ကချင်နဲ့ အနီးဆုံး တရုတ်ပြည်ဟာ ၁၉၈၀ ကတည်းက မြေရှားတူးဖော်ရေးမှာ လွမ်းမိုးနေခဲ့တာပါ။ ဒါပေမယ့် ထိန်းသိမ်းမှုလိုက်မနာတဲ့ တရားမဝင် လုပ်ကွက်တွေကြောင့် ၂၀၁၂ နောက်ပိုင်း နိုင်ငံအတွင်းမှာ မြေရှားတူးဖော်ရေး ကဏ္ဍကို အစိုးရ တင်းကြပ်လာခဲ့ပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံမှာ မြေရှားလုပ်ငန်းတွေ ပိတ်သိမ်းလိုက်ရတော့ ကချင်ပြည်နယ်ဘက်ကို လုပ်ငန်းသစ်ရှာဖွေမယ့် တရုတ်အများအပြား ဝင်ရောက်လာတယ်လို့ လေ့လာတွေ့ရှိ ရပါတယ်။ တရုတ်ပြည်က စည်းကမ်းလိုက်မနာတဲ့ လုပ်ငန်းရှင်တွေဟာ ကချင်ပြည်နယ်ဘက်ကို ရွေ့ပြောင်းလာတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

မြေရှားတူးဖော်တဲ့ ချီဖွေ နဲ့ ဆော့လောမြို့နယ်တွေဟာ ကချင်ပြည်နယ် အရှေ့ဘက် တောင်ကုန်းဒေသတွေဖြစ်ပြီး ချီဖွေချောင်း နဲ့ အခြားချောင်းတွေဟာ မေခမြစ်ကို စီးဆင်းပါတယ်။ မေခမြစ် နဲ့ မလိခမြစ်ပေါင်းပြီး မြစ်ကြီးနားမြို့ မြောက်ဘက် ၂၈ မိုင်ခန့်အကွာ တန်ဖရဲ ကျေးရွာမှာ မြစ်ဆုံပြီး ဧရာဝတီမြစ် ဖြစ်လာပါတယ်။ ကချင်ပြည်နယ်က ဧရာဝတီမြစ်ဟာ မြန်မာပြည်အလယ်ကနေ ဖြတ်သန်းပြီး မြစ်ဝကျွန်းပေါ်ဒေသအထိ စီးဝင်ပါတယ်။

“အက်ဆစ်အနံကြောင့် အဆုပ်အသည်းတွေ အရမ်းထိခိုက်တယ်။ အရမ်းပြင်းတယ်။ တခြားသူငယ်ချင်းတွေပြောတာက နှာခေါင်းကနေ သွေးယိုတဲ့အထိ ဖြစ်ခဲ့ဖူးတယ်တဲ့။” မြေရှားလုပ်ကွက်မှာ လုပ်ကိုင်ခဲ့ဖူးတဲ့ ကချင်လူငယ်က သူ့ အတွေ့အကြုံနဲ့ မိတ်ဆွေတွေရဲ့ အဖြစ်အပျက်ကို ပြောပြခဲ့တာပါ။

ဒါ့အပြင် မြေရှားတူးဖော်တဲ့ နေရာဒေသမှာ သက်ရှိသတ္တဝါတွေ တိရစ္ဆာန်တွေ မရှိဘူးလို့ ဆက်လက်ပြောပြပါတယ်။ အဆိပ်တွေကြောင့် သက်ရှိတွေစားသောက်မယ့် အစာရေစာတွေ မရှိတော့တာပါ။

မြေရှားတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် နဲ့အတူ သက်ရှိ လူတွေပါ အဆိပ်သင့်တဲ့ ဘေးထွက် ဆိုးကျိုးကို ခံစားရမယ်လို့ သုတေသနတွေက ဖော်ပြနေပါတယ်။ အဆိပ်တွေကြောင့် လေထု၊ ရေထု နဲ့ မြေထု ကို ပျက်စီးစေတာပါ။ မြေကြီးပေါ်မှာ သီးနှံ နဲ့ နှစ်ရှည်ပင်တွေ မရှင်သန်နိုင်တော့တာကြောင့် ဒေသခံတွေရဲ့ စီးပွားရေးထောက်တိုင်တွေကို ပျက်စီးစေပါတယ်။ မြေရှားသန့်စင်တဲ့ အက်ဆစ်ရေတွေဟာ ဒေသတွင်းချောင်းရေတွေကို စီးဝင်လို့ ရေနေ သတ္တဝါတွေလည်း သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် မြေပြိုမှုတွေလည်း ဖြစ်နေပါတယ်။

အဆိုးဆုံးမှာ ချီဖွေ၊ ဆော့လော်အထက်ပိုင်းဒေသရှိ ပြည်သူများအတွက် သောက်ရေနဲ့ သုံးရေ အဆိပ်သင့်သွားတဲ့အတွက် ရေအရင်းအမြစ် ဆုံးရှုံးတဲ့ဒဏ်ကို ဒေသအလိုက် ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။

နည်းပညာအနာဂတ် မြေရှားသတ္တု

ရုပ်ကြွင်းလောင်စာအခြေပြု စွမ်းအင် လျော့ချပြီး လျပ်စစ်စွမ်းအင်အခြေခံနဲ့ နည်းပညာလုပ်ငန်း၊ ကာကွယ်ရေး စက်ပစ္စည်းတွေနဲ့ နေ့စဉ်သုံး နည်းပညာတီထွင်ထုတ်လုပ်မှုတွေတိုးမြင့်ဖို့ အရေးပါတဲ့ မြေရှားကို အင်အားကြီးနိုင်ငံတွေက ကြိုးပမ်းနေကြပါတယ်။

တရုတ်ဟာ ဆယ်စုနှစ် ၃ ခုကြာ မြေရှားလုပ်ငန်းမှာ လူ့စွမ်းအားအရင်းအမြစ်ကို မြုပ်နှံထားပါတယ်။ ဒါကြောင့် အမေရိကန် မြေရှားတူးဖော်ရေး ကုမ္ပဏီက မြေရှားကုန်ကြမ်းထည်ကို တူးဖော်နိုင်ပေမယ့် ဒြပ်စင်ရရှိဖို့ သန့်စင်ရေးလုပ်ငန်းစဉ်အတွက် ၂၀၂၃ ခုနှစ်အထိ တရုတ်နိုင်ငံကို တင်ပို့နေရဆဲ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်မှာ သမ္မတ ဒေါ်နယ်ထရမ့်က သတ္တုကဏ္ဍအတွက် အရေးပေါ်အမိန့်တစ်ခုကို ထုတ်ပြန်ပြီး တရုတ်ဆီက မြေရှား မှီခိုနေမှုကို လျော့ချဖို့ ကြိုးပမ်းခဲ့ပါတယ်။ သို့ပေမယ့် အမေရိကန်က တရုတ်ကို ဘယ်လိုမှ မယှဉ်နိုင်သေးဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

Bloomberg report အရ လာမယ့် ၂၀၂၆ မှာ တရုတ်နိုင်ငံရဲ့ ခရီးသည်တင်ကားတစ်ဝက်လောက်မှာ လျပ်စစ်စွမ်းအင်သုံး ကားတွေဖြစ်သွားမယ်လို့ သုံးသပ်ထားပါတယ်။ ဒီလိုနဲ့ တရုတ်ဟာ ၂၀၂၄ ခုနှစ်မှာပဲ ဓါတ်ဆီ ပေပါ ၃ သိန်းလောက်ကို အသုံးမပြုဘဲ လျပ်စစ်ကားတွေ အစားထိုးတော့မယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူများ

သယံဇာတအုပ်ချုပ် စီမံခန့်ခွဲမှုမှာ အစိုးရက တာဝန်အရှိဆုံး ဖြစ်ပါတယ်။ အာဏာမသိမ်းခင်အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကချင်ပြည်နယ်က သယံဇာတတွေကို နေပြည်တော်ဗဟိုအစိုးရက တိုက်ရိုက်ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

ကချင်ပြည်သူတွေအနေနဲ့ဆိုရင်လည်း KIO အစိုးရကို အဆိပ်သင့် မြေရှားတူးဖော်ပြီး တော်လှန်ရေးလုပ်မယ့်အစီစဉ်အစား ​အဆိပ်မသင့်တဲ့ ကျောက်စိမ်းတူးပြီး အဖြေရှာဖို့ ပိုသင့်တော်တယ်လို့ အကြံပြုကြပါတယ်။

မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းတွေဟာ တရားမဝင်လုပ်ငန်းဖြစ်တဲ့အတွက် တိကျသော ဥပဒေ မူဘောင်မရှိခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု တာဝန်ယူမှုမရှိခြင်း တို့ကြောင့် ဒေသအကျိုးလုံးဝ မရှိတဲ့ စီမံကိန်းတွေဖြစ်ပါတယ်။

လက်ရှိ ချီဖွေဒေသခံတွေ ခံစားနေရတဲ့ အဆိပ်သင့် ရေ၊ မြေ ၊ လေတွေကို ပြန်လည်သန့်စင်ဖို့ ဆယ်စုနှစ်များစွာ ပြန်လည်လိုအပ်သလို၊ လျော်ကြေးနဲ့ ငွေကြေးပမာဏာအများအပြားလည်း လိုအပ်တယ်။

သို့ပေမယ့် အရပ်သားအစိုးရလို့ တင်စားတဲ့ NLD ခေတ်မှာပင် နည်းနည်းမျှပင် မပြုပြင်နိုင်ခဲ့တဲ့အတွက် မရေရာသေးတဲ့ ကချင်ပြည်ရဲ့အနာဂတ်မှာတော့ ကမ္ဘာ့မြေရှားတောင်းဆိုမှုအရ တရုတ်ရဲ့ လိုအပ်မှုအတိုင်း ကချင်မြေရှားတွေကတော့ ဆက်လက် စတေးနေရမှာဖြစ်ပါတယ်။

ဆမ်နော်

Show More

Related Articles

Back to top button