ကချင်ဒေသတစ်ချို့ လေကြောင်းတိုက်ခိုက်ခံရ ၊ လိုင်ဇာဘက်မှာ လေယာဉ်ပျံဝဲခဲ့
စစ်ရေးရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၄ ရက် တစ်ရက်တည်းမှာပဲ KIO ထိန်းချုပ်ရာ လိုင်ဇာနဲ့ ဖားကန့်ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။
ဖားကန့်ဒေသ KIA တပ်မဟာ (၉) နဲ့ တပ်ရင်း (၆) နေရာတွေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ Y-12 လေယာဉ် ၂ စင်း အသုံးပြုပြီး ဒီနေ့ ညနေ ၃ နာရီခွဲဝန်းကျင်မှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
“ညနေက Y-12 ကော၊ ဂျက်ဖိုက်တာကော နှစ်စီးလာတယ်။ ကျနော်တို့ မျက်မြင်တွေ့လိုက်တာက နှစ်စီးရှိတယ်။ တပ်မဟာ (၉) နဲ့ တပ်ရင်း (၆) ကို အဓိကလာကြဲသွားတာ။ ထိခိုက်မှုက မရှိဘူးလို့တော့ ကြားပါတယ်။ ဘာလို့လဲဆိုတော့ ဒီရက်ပိုင်းက ပြည်သူတွေလည်း သတိထားပြီး နေကြတယ်လေ။ လာကြဲတဲ့အချိန်လည်း ၃ ခွဲလောက်မှာ ဟုတ်တယ်” လို့ ပြောပါတယ်။
ဖားကန့်ဘက်မှာ လေကြောင်းတိုက်ခိုက်မှု လုပ်နေချိန်မှာပဲ ကချင်နဲ့ စစ်ကိုင်းတိုင်းအစပ် ဟုမ္မလင်းနဲ့ ဆယ်ဇင်းကြား KIA တပ်ရင်း (၃၁) နေရာဘက်ကိုလည်း စစ်ကောင်စီတပ်က တပြိုင်နက် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် တပ်ရင်း (၃၁) ဘက်မှာ ထိခိုက်ပျက်စီးမှု ရှိ၊ မရှိကိုတော့ အသေးစိတ် မသိရသေးပါဘူး။
ဒါ့အပြင် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ် လေယာဉ်တွေ လာရောက်ပျံဝဲတာရှိပေမယ့် ပစ်ခတ်တိုက်ခိုက်တာတော့ မရှိဘူးလို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG ကို ပြောပါတယ်။
“လိုင်ဇာဘက်မှာက လေယာဉ်နဲ့ လာပစ်တဲ့ ဖြစ်စဉ်တွေတော့ မရှိပါဘူး” လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
KIO အနေနဲ့ လိုင်ဇာ၊ မိုင်ဂျာယာန်နဲ့ KIO သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲက မြို့နဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှု အန္တရာယ် သတိထားဖို့ သတိပေးထားပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဟာ ဗန်းမော်ဘက်မှာ အပါအဝင် တခြားဒေသတွေမှာပါ စစ်ရေးအရ ဖိအားများလာတာကြောင့် လေကြောင်းနဲ့ ဒရုန်းတွေ အသုံးပြုပြီး ပြန်လည်တိုက်ခိုက်လာနိုင်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“ပြည်သူတွေ အချိန်တိုင်း သတိထားနေထိုင်ဖို့ ဖြစ်တယ်။ အဓိကတော့ စစ်တပ်က ဗန်းမော်ဘက်မှာကော တခြားဒေသတွေမှာပါ စစ်ရေးရှုံးနေတာများနေတဲ့အတွက် ပြန်ပြီး တုံ့ပြန်လိုတဲ့ ရည်ရွယ်ချက်နဲ့ လေကြောင်း၊ ဒရုန်းတွေနဲ့ ပစ်ခတ်လာနိုင်တယ်။ ဒါကြောင့် ပြည်သူတွေ သတိထားနေထိုင်ဖို့ရန်အတွက် သတိပေးနေတဲ့ သဘောဖြစ်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်ကနေ စက်တင်ဘာ ၁၀ ရက်ကျော်အထိ မန္တလေးကနေ ဗန်းမော်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရေယာဉ်အုပ်စုတွေကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ရေယာဉ် ၂၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကချင်ဒေသမှာ စစ်ရေးဖိအားတွေ ကြုံလာတိုင်း စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်လာတာရှိတဲ့အတွက် ပြည်သူတွေ လေကြောင်းအန္တရာယ်ကို အထူးသတိထားဖို့ လိုအပ်တယ်လို့ KIO ဘက်က သတိပေးထားပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




