“လမ်းကြောင်းပိတ်ဆို့မှုကြား အသက်ရှူကျပ်လာတဲ့ မြစ်ကြီးနားအိမ်ရှင်မများ”
“ခါတိုင်းဖာလိုက်ရတဲ့ ပစ္စည်းတွေက အခုဆို အထုပ်နဲ့ပဲရတော့တာဟုတ်တယ်” စျေးနှုန်းမြင့်တက် ကုန်ပစ္စည်းတွေရှားပါးတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့ခံ အိမ်ရှင်မတစ်ဦးဖြစ်တဲ့ အခေါန်က ပြောဆိုလာတာပါ။
စားသောက်ကုန်အပါဝင် ကုန်စည်စီးဆင်းရာ လမ်းကြောင်းနေရာတွေ အရှေ့ဘက်ကရော တောင်ဘက်က လက်နက်ကိုင်တွေ ဆက်တိုက်ပိတ်ဆို့ခံထားရတာကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ကုန်ပစ္စည်းတွေ ဝင်ရောက်မှုနည်းပါးကြန့်ကြာဖြစ်နေတာပါ။
တရုတ်နယ်စပ် ကန်ပိုင်တည်ဘက်နဲ့ မန္တလေး–မြစ်ကြီးနား ကားလမ်းပိုင်းတွေမှာ ကုန်စည်သယ်ယူပို့ဆောင်မှု ပိတ်ဆို့ကန့်သတ်ခံရတာကြောင့် မြစ်ကြီးနားမြို့ကို ကုန်ပစ္စည်းဝင်ရောက်မှု လျော့နည်းကြန့်ကြာလာပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာပါတယ်။
ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့အတူ ဝင်ငွေနဲ့ အသုံးစရိတ် မမျှတတော့တဲ့အတွက် အိမ်ရှင်မတွေဟာ မရှိမဖြစ်စားသောက်ကုန်တွေကိုသာ အကန့်အသတ်နဲ့ ဝယ်ယူသုံးစွဲနေရပြီး မိသားစုစားဝတ်နေရေးကို ပိုမိုခက်ခဲစွာ ဖြေရှင်းနေရပါတယ်။
ကုန်ဈေးနှုန်းများမှာလည်း တစ်ရက်ထက်တစ်ရက် ခန့်မှန်းရခက်ခဲအောင် မြင့်တက်နေပြီး အခေါန်တို့ အိမ်ရှင်မတွေအပါ လက်လုပ်လက်စားတွေ၊စစ်ဘေးရှောင်းတွေပါ နေ့စဉ်အခက်အခဲရင်ဆိုင်နေရတာလို့ ငြီးနေကြတာဖြစ်ပါတယ်။
စက်တင်ဘာလထဲကနေ အခုအောက်တိုဘာလအထိ မရှိမဖြစ်တဲ့အခြေခံကုန်စည် ဆန်စျေးနှုန်းက သိသိသာသာခုန်တက်သွားပြီး လက်ရှိမှာ ဆန်တစ်အိတ်ကို တစ်သိန်း နှစ်သောင်းအထိပေါက်နေပြီး ၇ နှစ်သောင်းဝန်းကျင်အထိ ထိုးတက်သွားတယ်လို့ မြစ်ကြီးနားဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
တရုတ်နယ်စပ် ကန်ပိုင်တည် အရှေ့ဘက်လမ်းကြောင်းက ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းများကို ဗလမင်းထင်တံတားမှာ စစ်ကောင်စီက ကုန်ပစ္စည်းတွေကိုတားမြစ်ပိတ်ပင်ထားပါတယ်။ အာဏာမသိမ်းခင်ကတည်း ကန်ပိုင်တည်းကဝင်နေတဲ့ဆန်စားသုံးကြတာလည်းရှိပါတယ်။
အခြားအဓိက လမ်းကြောင်းတစ်ခုဖြစ်တဲ့ တောင်ဘက် မန္တလေး-မြစ်ကြီးနား ကားလမ်းပိုင်းမှာလည်း တိုက်ပွဲများကြောင့် လက်နက်ကိုင်တပ်ဖွဲ့များက ကုန်ကားများ သွားလာလို့မရအောင် ပိတ်ဆို့ထားနှစ်နဲ့ချီနေပြီ ဖြစ်ပါတယ်။
ကချင်ပြည်နယ်သည် တောင်ကုန်းတောင်တန်း ထူထပ်ပြီး မိုးစပါးကိုသာ အဓိကစိုက်ပျိုးနိုင်သဖြင့် ဒေသတွင်း ဖူလုံမှုမရှိဘဲ ဆန်ပိုလျှံစွာထွက်ရှိသည့် စစ်ကိုင်းတိုင်း (ရွှေဘိုခရိုင်) ဘက်မှ ဆန်ကို နှစ်စဉ် အဓိက အားထားတင်သွင်းနေရတာလို့ ဆန်ကုန်သည်တဦးကပြောပါတယ်။
“အရင်ခေတ်ကောင်းတုန်းက တရက်ကို ဆန်ကား သုံးလေးစီးတော့ဝင်မှရတယ် အခုကားကြီးတွေမရတော့ ကားသေးတွေနဲ့ကဲ့ရတာဟုတ်တယ်“လို့ ၎င်းကရှင်းပြပါတယ်။
လူဦးရေ တစ်သန်းကျော် နေထိုင်လျက်ရှိတဲ့ မြစ်ကြီးနားမြို့မှာ ကုန်စည်စီးဆင်းမှု ဖြတ်တောက်တားမြစ်ခံထားရတဲ့ ဂယက်ကြောင့် ခိုလှုံလာတဲ့ စစ်ရှောင်တွေရော မြို့ခံတွေရော ဝမ်းရေးအတွက် အလူးအလဲ ခံစားနေကြရတာဖြစ်ပါတယ်။
ကုန်စည်ဝင်ရောက်ခွင့် ကန့်သတ်ပိတ်ဆို့ခံထားရတဲ့ အချိန်ကာလဟာ ကိုဗစ်ကာလမှာရော အာဏာသိမ်းပြီးနောက်ပိုင်းရော ၆နှစ်နီးပါ ကြာမြင့်လာတာနဲ့အညီ ကုန်စျေးနှုန်းတွေလည်း အဆမတန်ထိုးတက်ခြင်းနဲ့ ကုန်ပစ္စည်းပြတ်လပ်ခြင်းဆိုစတဲ့ အကျပ်အတည်း နှစ်ရပ်စလုံးကို တပြိုင်နက် ရင်ဆိုင်ကြုံတွေ့ နေကြရပါတယ်။
ဖြည်းဖြည်ချင်းထိုးတက်နေတဲ့ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းတွေရဲ့ ကုန်စျေးနှုန်းတွေကြောင့် နေ့စဉ်ဝင်ငွေနဲ့ ထွက်ငွေမမျှဘဲ ကွာဟနေတဲ့အခြေအနေမှာ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်တယ်နေတယ်လို့ မြစ်ကြီးနားမြို့ခံ ပြည်သူတွေပြောပါတယ်။
ကုန်စျေးနှုန်းမြင့်တက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မိသားစုဝင် ၇ ဦးရဲ့ စားဝတ်နေရေးစီမံနေ့ရတဲ့ အိမ်ရှင်မတစ်ဦးဖြစ်တဲ့ အခေါန်က “မြစ်ကြီးနားရဲ့ ကုန်စျေးနှုန်းက ဘယ်လိုဖြစ်နေလဲဆိုတော့ ဝင်ငွေနဲ့ ထွက်ငွေလုံးဝမမျှဘူးဖြစ်နေတယ်။ ဝင်ငွေကနည်းပြီး ထွက်ငွေက ပိုများနေတယ်။ တစ်ရက်ကို ၅ သောင်းဝင်ရင် ၅ သောင်းထက်ကျော်ပြီးကုန်နေတယ်။ စျေးသွားရင် ငွေသုံးသောင်းကုန်သွားရင်တောင် အသား၊ငါးမပါသေးဘူး။အစစအရာရာအရမ်းခက်ခဲတယ်”
အရင်က မိသားစုတစ်ခုမှာ လူ ၅ ယောက်ရှိရင် အဲ့ဒီ ၅ ယောက်အတွက် တစ်ဦးရဲ့ လုပ်ခလစာနဲ့ ဖူလုံမှုရှိပေမယ့် လက်ရှိမှာ ပြောင်းပြန်ဖြစ်သွားပြီး မိသားစုဝင် ၅ ယောက်စလုံးရှာဖွေမှသာ စားဝတ်နေရေးအတွက် ဖြေရှင်းနိုင်တယ်လို့ အခေါန်က ဆိုပါတယ်။
ကုန်ပစ္စည်းတွေဝင်ရောက်တဲ့ လမ်းကြောင်းတွေ ပိတ်ဆို့ခံရမှုမတိုင်မှီ စားသောက်ကုန်ပစ္စည်းတွေကို လိုအပ်သလောက်ဝယ်ယူနိုင်ပေမယ့် လက်ရှိမှာ ဖာလိုက်ရတဲ့ ပစ္စည်းတွေကို ၁၀ ထုပ်မပိုတဲ့ အရေအတွက်ဖြင့်သာရရှိနိုင်တော့တယ်လို့ ဆက်ဆိုပါတယ်။

လက်ရှိကုန်စျေးနှုန်းအခြေအနေအရ မရှိမဖြစ်လိုအပ်တဲ့ စားသောက်ကုန်များကိုသာ ဝယ်ယူသုံးစွဲနေရပြီး တတ်နိုင်သလောက် ကုန်ကျစရိတ်ကိုဖြေလျှော့ဖို့အတွက်ပဲ ကြိုးစားလာကြတယ်လို့ သိရပါတယ်။
မိသားစုဝင် ၇ ဦးရဲ့ နေ့စဉ်စားဝတ်နေရေးအတွက် စီမံခန့်ပေးနေတဲ့ အခေါန်တို့မိသားစုက ငွေ ၅ သောင်းနဲ့ ၃ ရက်စာလောက်လောက်ငှအောင် သတ်မှတ်ပြီး ဖြတ်ကျော်နေရတယ်လို့ ဆက်ဆိုပါတယ်။
“စျေးတစ်ခါသွားရင် ၄ သောင်းကနေ ၅ သောင်းကုန် ဒါကပုံမှန်ပေါ့လေ။ ဒါတောင်ဟင်းသီးဟင်းရွက်တွေပဲဝယ်တာနော်၊ အသားနဲ့ ဆန်ဖိုးမပါသေးဘူး။ အသားငါးပါရင် ၈ သောင်းလောက်ကုန်တယ်”လို့ပြောပါတယ်။
သုံးရက်စာကို ငွေ ၅ သောင်းဖိုး သတ်မှတ်ပြီး မိသားစု စားဝတ်နေရေးဖြေရှင်းနေရတဲ့အတွက် ‘ဧသည်တွေလာရင်တောင် ဧည့်ဝတ်မကြေမှာ အရမ်းအားနာနေရတယ်’လို့ အခေါန်ရဲ့ စိုးရိမ်ပူပန်နေရတဲ့ အကြောင်းကို ပြောပြလာပါတယ်။
ခန့်မှန်းလို့မရနိုင်တဲ့ မြစ်ကြီးနားမြို့ရဲ့ ကုန်စျေးနှုန်းအခြေအနေတွေကြောင့် အခြေခံလူတန်းစားအများပိုင်းဟာ စျေးနှုန်းသက်သာပြီး မဖြစ်မနေ စားသောက်ဖို့ လိုအပ်တဲ့ စားသောက်ကုန်တွေကိုသာ မှီခိုစားသုံးနေရတယ်လို့ ပြောပါတယ်။
အသား၊ ငါးတစ်ပိဿာရဲ့ စျေးနှုန်းကလည်း နေ့စဉ်လူတစ်ယောက်ရဲ့ ဝင်ငွေနဲ့ မမျှတတော့ဘဲ အလွန်ကွာဟသွားတဲ့အခြေအနေကြောင့် အသား၊ ငါးမပါပဲ စားသောက်နေရတဲ့ အခြေခံလူတန်းစားတွေလည်း များစွာရှိနေတယ်လို့ သိရပါတယ်။
ဒါဟာ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းအခက်အခဲတွေကြောင့်ဖြစ်တယ်လို့ မြစ်ကြီးနားမြို့မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတစ်ဦးက “ကုန်တွေကတော့ပုံမှန်အတိုင်းတက်နေတာပဲ။ ဆန်ကတော့ တော်တော်လေးကိုတက်သွားတာ။ အရင်က ငွေတိုးက ၁ သိန်း လောက် ရှိတာ။ အခုက ၁ သိန်း ၇ သောင်းလောက်တက်သွားတာ။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကဆို ပေါ်ဆန်းမွေးဆို ၃ သိန်း ၂ သောင်းလောက်ရှိပေါ့”
ဆန်စျေးနှုန်းအပြင် ခရမ်းချဥ်သီး၊ကော်ဖီမစ်တို့လိုအခြေခံစားသောက်ကုန်တွေလည်း ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ တဖြည်းဖြည်း ထိုးတက်နေတယ်လို့ပြောပါတယ်။
ဩဂုတ်လအတွင်းမှာ အခြေခံလူတန်းစားများ အလွယ်တကူ ဝယ်ယူစားသုံးလေ့ရှိတဲ့ ကြက်ဥတစ်လုံးရဲ့ စျေးနှုန်းတောင် တစ်လုံး ၁၂၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ပါသေးတယ်။
အသား၊ ငါးတွေလည်း တစ်ချို့မြို့တွေထက်စာရင် စျေးနှုန်းထက်ဝက်ခန့် မြင့်မားနေပြီး ကုန်ပစ္စည်းပြတ်လပ်တဲ့အချိန်ဆိုရင် အသားတစ်ပိဿာ ၈ သောင်းနဲ့ တစ်သိန်းအထိ မြင့်တက်မှုရှိပါတယ်။
အခု အောက်တိုဘာလထဲမှာတော့ ဝက်သား၊ အမဲသား၊ ကြက်သား၊ ငါး အားလုံးက တစ်ပိဿာကို ၅ သောင်းနဲ့ ၆ သောင်းကြားမှာ အနည်းငယ်လျော့ကျသွားတယ်လို့ သိရပါတယ်။အခုအောက်တိုဘာစျေးနှုန်းလေးမေးထည့်လိုက်နော်
ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန DOCA က ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် မြို့နယ်အလိုက် ထုတ်ပြန်ထားတဲ့ ဈေးနှုန်းစာရင်းအရ တစ်နိုင်ငံလုံးအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင်လည်း မြစ်ကြီးနားရဲ့ ဆန်ဈေးနှုန်းတွေက အမြင့်ဆုံးမှာ ရှိနေတာပါ။

ကုန်စျေးနှုန်တွေ အဆမတန် ထိုးတက်နေခြင်းကြောင့် ငွေကြေးချမ်းသာတဲ့ ပြည်သူတစ်ချို့က ယခင်ကလို စိတ်တိုင်းကျ သုံးစွဲနိုင်ခြင်း မရှိတော့တဲ့အခြေအနေကို ဆိုက်ရောက်နေပြီး “မြစ်ကြီးနားမှာက ငွေကြေးချမ်းသာရင်တောင်သူဌေးလို နေရမှာမဟုတ်ဘူး”လို့ ညည်းတွားပြောဆိုတဲ့အခြေအနေတွေကိုလည်း မြင်တွေ့နေရပါတယ်။
စားဝတ်နေရေးအတွက် မရှိမဖြစ်လိုအပ်သော အခြေခံစားသောက်ကုန်များရဲ့ စျေးနှုန်းတွေဟာ သာမန်လုပ်သားတစ်ဦးရဲ့ တစ်ရက်တာ လုပ်အားခနဲ့ ညီမျှလာတဲ့ ပမာဏအထိ ထိုးတက်လာတဲ့အခြေအနေကို ကြုံတွေ့နေကြရတာဖြစ်ပါတယ်။
ရန်ကုန်၊မန္တလေးတို့လိုမြို့ကြီးနဲ့မတူဘဲ မြစ်ကြီးနားရဲ့ စျေးသုံးတဲ့ဓလေ့ စျေးဝယ်တဲ့ပုံစံက ရှားပါးကြပ်တည်းခဲ့တဲ့ မဆလဦးနေဝင်းတို့ကခေတ်ကတည်း ခရမ်းချဥ်သီးဆိုလည်းပိသာလိုက်၊အမဲသား၊ဝက်သားဆိုလည်းပိသာလိုက် ကော်ဖီမစ်ဆိုလည်း တပါကင်အထုပ်ကြီးဝယ်ကြတာဖြစ်ပါတယ်။
တဆယ်သား၊အစိတ်သားဝယ်ကြတာနည်းပါတယ် အခုနောက်ပိုင်း ကော်ဖီမစ်ဆိုတထုပ်ချင်း ခရမ်းချဥ်သီးဆိုလည်း သုံးလုံးလေးလုံစသဖြင့် ဝယ်စားနေရတာလို့ အငြိမ်းစားဝန်ထမ်းအမျိုးသမီးတဦးကပြောပါတယ်။
မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ်ထဲက လူဦးရေ တစ်သန်းနီးပါး (၈၁၀,၀၀၀) လောက်ဟာ ဘက်စုံဆင်းရဲနွမ်းပါးသူတွေ ဖြစ်နေကြပြီလို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ အောက်တိုဘာလ၈ရက်နေ့ထုတ်ပြန်တဲ့ ဆင်းရဲနွမ်းပါးမှု အလွှာများ – မြန်မာနိုင်ငံ၏ ဘက်စုံ ဆင်းရဲနွမ်းပါးမှု ခေါင်းစဥ်နဲ့ အစီရင်ခံစာအရ သိရပါတယ်။
ဘက်စုံဆင်းရဲနွမ်းပါးမှုကို တိုင်းတာတဲ့အချိန်မှာတော့ ပညာရေး၊ ကျန်းမာရေးနဲ့ လူနေမှုအဆင့်အတန်း တို့ကိုကြည့်ပြီး တိုင်းတာထားတာလို့ UNDP က ဆိုပါတယ်။
ကချင်ပြည်နယ်ကပြည်သူတွေ ဆင်းရဲရတဲ့အကြောင်းကိုတော့ ပဋိပက္ခတွေရဲ့ ရိုက်ခတ်မှုတွေနဲ့ ပထဝီဝင်အနေအထားအရ အထီးကျန်မှုကြောင့်လို့ UNDP က ဖော်ပြထားပါတယ်။
ပြည်နယ်လူဦးရေ ၂ သန်းလောက်ရှိတဲ့အနက် လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ဟာ ဘက်စုံဆင်းရဲနေတာ ဖြစ်ပြီး လူဦးရေနည်းတဲ့ တိုင်းနဲ့ပြည်နယ်ဒေသတွေထဲ ဆင်းရဲမှုက အဆင့် ၃ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။
တစ်နိုင်လုံးအနေအထားနဲ့ ကြည့်မယ်ဆိုရင်လည်း မြန်မာနိုင်ငံက လူ ၃ ယောက်မှာ ၂ ယောက်နှုန်း ဆင်းရဲနေတာ ဒါမှမဟုတ် အကျပ်အတည်း တစ်ခု ကြုံတာနဲ့ ဆင်းရဲနွမ်းပါးမှုထဲကို ကျရောက်လုနီးပါး ဖြစ်နေတာကိုတွေ့ရတယ်လို့ UNDP က အောက်တိုဘာလ၈ရက်ထုတ် အစီရင်ခံစာမှာ သတိပေးထားပါတယ်။
မြစ်ကြီးနားမြို့ပေါ်မှာ အခြေခံလုပ်သားတစ်ဦး တစ်ရက်လုပ်အားခ တစ်သောင်းနဲ့ နှစ်သောင်းကြားမှာရရှိနေပြီးတော့ ကျွမ်းကျင်အဆင့်ရှိသူတွေက ၃ သောင်းနဲ့ ၅ သောင်းကြားမှာရရှိနေတယ်လို့ သိရပါတယ်။

အဓိကအားဖြင့် မြို့တွင်းလိုနေရာမှာက လက်မှုပညာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုသာ အများဆုံးလုပ်ကိုင်ရင်း စားဝတ်နေရေးအတွက်အသက်မွေးဝမ်းကျောင်းပြုနေကြတာဖြစ်ပြီး အဲ့ဒီထဲမှာ မြစ်ကြီးနားမြို့မှာ လာစစ်ရှောင်နေတဲ့ သူတွေလည်းပါပါတယ်။
ဒါပေမယ့် ကုန်ပစ္စည်းဝင်ရောက်မှုကို ကန့်သတ်ခံထားရပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းတစ်ချို့ ရပ်နားလိုက်ရတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့ပေါ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ အမျိုးသားတစ်ဦးက”လုပ်ငန်းတစ်ခုလုပ်ဖို့ဆိုရင် ကုန်စျေးနှုန်းမှာလည်း အများကြီးမူတည်ပါတယ်။ ရင်းနှီးမြှုပ်နှံမယ့်လူတွေ၊ အဆောက်အဦးလုပ်မယ့်သူတွေက အများကြီးစဉ်းစားရတယ်။ လမ်းကြောင်းမကောင်းလို့ လုပ်ငန်းပြတ်လပ်သွားရင် တစ်ပိုင်းတစ်ပြတ်ပြစ်ထားရတယ်။ အဲ့လိုဆိုတော့လက်လုပ်လက်စားဘဝတွေကဘယ်သွားလုပ်စားကြတော့မလဲ”
ဆောက်လုပ်ရေးအတွက် မရှိမဖြစ်လိုအပ်သော ဘိလပ်မြေနှင့် အခြားအိမ်ဆောက်လုပ်ရေးသုံး ပစ္စည်းများ လုံလောက်စွာ မရရှိတာကြောင့် လုပ်ငန်းခွင်များမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။
လုပ်ငန်းခွင်တစ်ချို့ရပ်တန့်လိုက်ရပြီးနောက် ဒီလုပ်ငန်းအပေါ်မှာ အဓိက မှီခိုလုပ်ကိုင်နေကြတဲ့ နေ့စားအခြေခံ လက်လုပ်လက်စား စစ်ရှောင်တွေအပါအဝင် အောက်ခြေပြည်သူများရဲ့ နေ့စဉ်ဝင်ငွေများ ဆုံးရှုံးကာ စားဝတ်နေရေးအတွက် စိန်ခေါ်မှုဖြစ်လာခဲ့ပါတယ်။
ဆောက်လုပ်ရေးမှာ အဓိကမဖြစ်မနေ အသုံးပြုတဲ့ ဘိလပ်မြေစျေးကွက်ကလည်း လိုအပ်သလောက်မရရှိတော့သလို ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ဝက်လောက်ကနေ ၄ သောင်းကနေ ၆ သောင်းအထိ ကျသွားလိုက်၊ ပြန်တက်လိုက်နဲ့ ပုံမှန်ရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။
ကုန်စျေးနှုန်းတွေမြင့်တက်နေတဲ့အချိန် အခြေခံစားသောက်ကုန်တွေကိုလည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေတဲ့အတွက် အခက်အခဲတစ်ခုလိုဖြစ်နေတယ်လို့ အိမ်ရှင်မ အခေါန်က ဆက်ဆိုပါတယ်။
“အခုက ပိုက်ဆံရှိတယ်ဆိုပြီး ဝယ်ချင်ရင်တောင် တစ်ချို့စားသောက်ကုန်တွေက အကန့်အသတ်နဲ့သာရောင်းပေးတယ်”လို့ထပ်မံငြီးတွားပါတယ်။
မိသားစုဝင်များပြီး အထူးသဖြင့် ကလေးငယ်ကျောင်းသားရှိတဲ့ အခေါန်တို့လို မိသားစုဝင်တွေအတွက်ဆိုရင် ကုန်ပစ္စည်းတွေ အကန့်အသတ်ဖြင့်သာရရှိတာကြောင့် အစားအသောက်တွေကို ချွေတာပြီး စားသောက်နေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်သူတွေရဲ့ စားဝတ်နေရေးခက်ခဲကြပ်တည်းတဲ့အခြေအနေကို ဖြေလျှော့ပေးနိုင်ဖို့ ပိတ်ဆို့ထားတဲ့ လမ်းပိုင်းတွေကို ပြန်လည်ဖွင့်ပေးဖို့ မြစ်ကြီးနားမြို့က အိမ်ရှင်မအခေါန်က ဆက်ပြီးတောင်းဆိုနေတာဖြစ်ပါတယ်။
“ခက်တာက တအားခက်ခဲတာဟုတ်တယ်။ ကုန်စျေးနှုန်းတွေက ဒီလိုသာ ဆက်ပြီး မြင့်တက်နေမယ်ဆိုရင် ရှေ့ဆက်ပြီး ဘယ်လိုမှအဆင်မပြေဘူး။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ သေချာစဉ်စားပေးသင့်တယ်။ ကျမတို့လို အိမ်ရှင်မတွေအတွက်ဆိုရင် ကုန်စျေးနှုန်းတွေ ကျဆင်းအောင် လုပ်ပေးဖို့တောင်းဆိုချင်တာပါ”
By – နော်ထွယ့်(ဟူးကောင့်)



