-
Dec- 2024 -6 Decemberသတင်း
မြစ်ကြီးနားမြို့မှာ နှစ်ရက်ဆက်တိုက်လက်နက်ကြီးကျလို့ အရပ်သားနဲ့နေအိမ်ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့မှာ နှစ်ရက်ဆက်တိုက်လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး မြို့ခံအမျိုးသမီးတစ်ဦးအပါအဝင် လူနေအိမ်၊ ဘုရားကျောင်းဆောင်နဲ့ကားတစ်ချို့ထိခိုက်ပျက်ဆီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင် မြို့သစ်ကြီးရပ်ကွက်ထဲက အဆောက်အဦး တစ်လုံးထိမှန်ပျက်ဆီးခဲ့ပြီး မနေ့က ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ တပ်ကုန်းရပ်ကွက်အနောက်ဘက်က ရာဒါကောင့် B ရပ်ကွက်တို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ မနေ့က ဖြစ်စဥ်မှာတော့ ဒေသခံအမျိုးသမီးတစ်ဦး ဗုံးဆထိမှန်ဒဏ်ရာရခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦး က ပြောပြပါတယ်။ “လက်နက်ကြီးကျတာကတော့ ည ၁၂ နာရီဝန်းကျင်မှာဟုတ်တယ်။ အဲ့ဒီနောက် ၅ မိနစ်အကြာမှာပဲ နောက်ထပ်တစ်လုံးကျတယ်။ ရဝမ်ဒမ်း AG ဘုရားကျောင်းနားက ကားတစ်စီးလည်းထိသွားတယ်။ ပြီးတော့ အိမ်တစ်ချို့ထိသွားတယ်။ အများကြီးပါပဲ။ အုတ်တံတိုင်းထိတာတွေရောပေါ့။ လူတစ်ယောက် ကတော့ ခါးနားနဲ့မျက်စိနားမှာမိုင်းဆနည်းနည်းထိသွားတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကဖြစ်စဥ်ကတော့ နမ့်ပေါင်လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရတဲ့အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကနေ လက်နက်ကြီးတစ်ချို့ရမ်းသမ်းပစ်ခတ်ခဲ့ရာ မြို့သစ်ကြီးရပ်ကွက် ပါရဂူဆေးခန်းနောက်မှာရှိတဲ့ အဆောက်အဦးတစ်ခုထိမှန်ပျက်ဆီးခဲ့တာလို့မြို့ခံတွေကပြောပါတယ်။ ဒါပေမဲ့ မနေ့ကဖြစ်ပွားခဲ့တဲ့ ရာဒါကောင်း B ရပ်ကွက်ဖြစ်စဥ်မှာတော့ ရုတ်တရက် ပေါက်ကွဲသံနဲ့အတူ နေအိမ်တစ်ချို့ပျက်ဆီးသွားခဲ့တာဖြစ်ပြီး ဘယ်လိုလက်နက်အမျိုးအစားသုံးပြီး ဘယ်အဖွဲ့အစည်းက ပစ်ခတ်လိုက်လဲဆိုတာကိုတော့မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့နေရာကိုရောက်ရှိခဲ့သူမြို့ခံတစ်ဦးက “တစ်ခြားတော့ဘာမှမသိရပါဘူး။ ဘယ်လိုဘာညာလည်းမသိဘူး။ ကျနော်လည်းတစ်ခြားမမေးဖြစ်ခဲ့ဘူး။ လက်နက်ကြီးလို့တော့ပြောတာပဲ။ သွားတော့သွားကြည့်တာဟုတ်တယ်။ တော်တော်လေးအခြေနေလည်း ဆိုးနေတယ်။”လို့ပြောပါတယ်။ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ပြီးခဲ့တဲ့ မတ်လကစလို့ စစ်ကောင်စီတပ်နဲ့ KIA၊PDF ပူးပေါင်းတပ်တွေအကြားတိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး မြို့တော်မြစ်ကြီးနားမြို့တွင်းမှာလည်း လက်နက်ကြီးတွေကမကြာခဏပေါက်ကွဲလေ့ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်အတွင်းမှာဆိုရင်လည်း ရွှေညောင်ပင်ရပ်ကွက်နဲ့ ကြက်ပေါင်ခြံရပ်ကွက် တို့မှာလက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိခဲ့ပြီး နေအိမ်တစ်ချို့ထိမှန်ပျက်ဆီးခဲ့ရပါသေးတယ်။ By – အမိုး
Read More » -
6 Decemberသတင်း
ဗန်းမော်၊ မံစီ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ကလေကြောင်းနဲ့အပြင်းအထန်ခုခံနေ
“လေယာဉ်လာတာတော့ ၅ ရက်နေ့ကနေ လေယာဥ်စလာတယ် ဗုံးချသံလည်း ကြားရတယ် စုစုပေါင်း ၁၅ ကြိမ်အထက်တော့ လာသွားပြီ မံစီနဲ့ဗန်းမော် လှည့်ပတ်ချနေတယ်”လို့ပြောပါတယ်။
Read More » -
6 Decemberသတင်း
မန်ပိန်းရွာ စာသင်ကျောင်းမှာတပ်မစွဲဖို့ ကန့်ကွက်တယ်လို့ဆိုကာ ရွာအုပ်ချုပ်ရေးမှူးကို TNLA ဖမ်းဆီးထား
ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး မန်ပိန်းကျေးရွာစာသင်ကျောင်းမှာ တပ်မစွဲဖို့ကန့်ကွက်တယ်လို့ဆိုကာ ရွာအုပ်ချုပ်ရေးမှူးကို TNLA တပ်က ဖမ်းဆီးထားပြီး စာသင်ကျောင်းကိုလည်း ပိတ်ပေးလိုက်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ မူဆယ်မြို့နဲ့ နမ့်ဖတ်ကာမြို့ကြား ခိုမုန်းကျေးရွာအနီး မန်ပိန်းကျေးရွာ စာသင်ကျောင်းကို တအာင်းလွတ်မြောက် ရေးတပ်မတော် TNLA တပ်က နိုဝင်ဘာလ ၂၅ ရက်နေ့ အတင်းအဓ္ဓမတပ်စွဲလိုက်တာကြောင့် နိုဝင်ဘာ ၃၀ ရက်နေ့ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ ၊ ကျောင်းသားမိဘ၊ ကျောင်းကော်မတီတွေနဲ့ ကျောင်းဆရာဆရာမအားလုံး TNLA ကို ကျောင်းနေရာကနေ ဖယ်ပေးဖို့ သွားတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် TNLA တပ်ဘက်က ဒေသခံကျောင်းသားမိဘ၊ ရွာသားတွေကို သေနတ်ခြိမ်းခြောက်တာအပြင် ကလေးတွေ စာသင်နေတဲ့ကျောင်းကိုလည်း သစ်သားနဲ့ပိတ်ပေးလိုက်ပြီး ကျောင်းရှေ့ကချင်အမျိုးသားအလံကို ဆွဲဖြုတ်လိုက် တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနောက် ဒီဇင်ဘာ ၂ ရက်နေ့နဲ့ ဒီဇင်ဘာ ၃ ရက်နေ့ ကျောင်းသားမိဘတွေ TNLA ကာထားတဲ့ သစ်သားတွေကို ပြန်ဖယ်လိုက်ပြီး ကျောင်းဆက်တက်ကြပေမယ့် ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၃ နာရီခွဲမှာ TNLA တပ်က အသက် ၃၀ အရွယ်ရှိ ကျေးရွာအုပ်ချူပ်ရေးမှူး ဦးကျော်လွန်ကို နေအိမ်ကနေ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ဖမ်းဆီးသွားတာဖြစ်တယ်လို့ ပြောပါတယ်။ “ရွာက အုပ်ချူပ်ရေးတာဝန်ယူထားသူကိုဖမ်းသွားတယ်။ သူတို့လာဖမ်းတဲ့အချိန် သေနတ်တွေပစ်ဖောက်ခြိမ်းခြောက်ပြီးဖမ်းဆီးသွားတယ်။ အဲဒါအပြင် အခု ကျောင်းကိုသူတို့က ပိတ်ပေးလိုက်တယ်။ အဲဒါကြောင့် ဒီတစ်ပတ်လုံး ကလေးတွေ စာမသင်ရပဲ နေနေတယ်။ ဘယ်လိုလုပ်ရမလဲတောင်မသိတော့ပါဘူး။”လို့ မန်ပိန်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ TNLA တပ်ဖွဲ့ဟာ စာသင်ကျောင်းမှာ တပ်ချခွင့်မရလို့ဆိုပြီး ကျောင်းကို ပိတ်ထားပေးတဲ့အတွက် တစ်ပတ်လုံး ကလေးတွေကျောင်းမတက်ရပဲ ရပ်နားထားရတယ်လို့…
Read More » -
5 Decemberအင်တာဗျူး
PSLF/ TNLA အနေနဲ့ စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ချက်အပေါ် ဒေသခံပြည်သူတွေရဲ့အမြင်
ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့စစ်ရေးတင်းမာမှုအခြေအနေနဲ့ တိုက်ပွဲကြောင့် စစ်ဘေးဒဏ်ဆိုးရွားစွာခံစားနေရတဲ့ ဒေသခံပြည်သူအကျိုးကို ငဲ့ညှာထောက်ထားမှု၊ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ တိုက်ပွဲရပ်စဲရေးအတွက် တရုတ်အစိုးရရဲ့ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြုမှုအနေနဲ့ နှစ်ဖက်စစ်ရေးပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ စစ်ကောင်စီတပ်နဲ့တွေ့ဆုံဆွေးနွေးရန် အသင့်ရှိတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ TNLA က ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ခုလိုထုတ်ပြန်တာဟာ လေကြောင်းအန္တရာယ်အလူးအလဲခံနေရတဲ့ လူထုအခက်အခဲအကျပ်အတည်း၊ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့နဲ့ တရုတ်ဖိအားအလွန်ပြင်းထန်တာတွေကြောင့် စစ်ကောင်စီနဲ့ဆွေးနွေးဖို့ ကမ်းလှမ်းလိုက်တာဖြစ်တယ်လို့ PSLF/TNLA ဘက်က သတင်းမီဒီယာတွေကိုပြောဆိုထားပါတယ်။ ဒီထုတ်ပြန်ချက်အပေါ် PSLF/ TNLA ထိန်းချုပ်မှုအောက်ရှိ ဒေသခံပြည်သူတွေရဲ့ အမြင်ဘယ်လိုရှိနေလဲ KNG သတင်းဌာနက ပြည်သူတွေရဲ့အမြင်ကို စုစည်းဖော်ပြထားပါတယ်။ တအာင်းအမျိုးသမီးတစ်ဦး (Ta’ang Women Organization) “ထုတ်ပြန်ချက်အပေါ် ပြန်ကြည့်မယ်ဆိုရင် ကျမတို့မမြင်နိုင်တဲ့နောက်ကွယ်က အခြေအနေတွေ အများကြီးရှိမယ်။ အဲဒီအပိုင်းမှာ ကျမတို့တိတိကျကျပြောနိုင်ဖို့ ခက်တယ်။ ဆိုလိုချင်တာက တစ်ဖက်မှာလည်း တစ်ခြားဖိအားတွေအရမ်းများလို့ ဒါတွေထုတ်လာတဲ့အနေအထား ဖြစ်ကောင်းဖြစ်နိုင်တယ်။ တွေ့ဆိုဆွေးနွေးဖို့ ထုတ်ပြန်တယ်ဆိုပေမဲ့ တစ်ဖက်မှာ မြေပြင်အခြေအနေအရ တိုက်ပွဲဆက်ဖြစ်နေတာတော့ရှိတယ်။ နောင်ချိုဘက်၊ မိုးကုတ်ဘက် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ပြီးတော့ လေကြောင်းပစ်ခတ်မှုအခြေအနေကလည်း စာထုတ်ပြန်ပြီးမကြာဘူး တစ်ပတ်အတွင်းမှာမှ စစ်တပ်ဘက်က ပြန်ပြီး ကျောက်မဲဘက်ကို လေယာဉ်ဗုံးလာကြဲတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် တစ်ဖက်က ဆွေးနွေးဖို့ စာထုတ်ပြန်ပေမဲ့ တစ်ဖက်ကစကစရဲ့ တုန့်ပြန်မှုကို ပြန်ကြည့်ရင်တော့ အကျိုးသက်ရောက်မှုနဲ့ ဒီတွေ့ဆုံဆွေးနွေးမှုက ဘယ်လောက် အတိုင်းအတာထိ ထိရောက်မှုရှိမလဲဆိုတာတော့ သုံးသပ်လို့ရတာကို တွေ့ရတယ်။ လူထုရဲ့အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောရရင် ဒေသခံ လူထုတွေကတော့ တိုက်ပွဲဖြစ်တာမျိုးတွေတော့ မလိုလားဘူးပေါ့နော်။ တိုက်ပွဲဆိုတာ ကောင်းတဲ့အရာမဟုတ်ဘူး။ စစ်ဆင်ရေးတစ်ခုဖြစ်ပြီဆိုတာနဲ့ ထိခိုက်မှုအနည်းနဲ့အများက လူထုပေါ်မှာ သက်ရောက်မှုအများကြီးရှိတယ်။ ဒါကြောင့်အကောင်းဆုံးကတော့ တိုက်ပွဲရပ်တန့်မှာကိုတော့ လိုလားကြတာပေါ့” လူငယ်တစ်ဦး (ကွတ်ခိုင်တမန်အဖွဲ့) “TNLA က အခုထုတ်ပြန်လာတဲ့အပေါ် ဒေသခံတွေအနေနဲ့ အများစုက အံ့ဩကြတာပေါ့။ အခုလို တစ်ဖက်မှာ သူတို့နယ်မြေတွေရပြီဆိုတဲ့သဘောနဲ့ အပစ်ခတ်ရပ်လိုက်ပြီး လုပ်လာရင်တော့ ဒေသခံတွေအတွက်တော့ နေရထိုင်ရခက်သလို နောက်ပိုင်းမှာလည်း ဒေသတိုင်းရင်းသားလက် နက်ကိုင်တွေအချင်းချင်း တိုက်ပွဲတွေဖြစ်လာနိုင်မယ့်အနေအထားအထိ ဖြစ်လာမလား တွေးပူတာတွေရှိတာပေါ့။ အဓိကတော့ စစ်အာဏာရှင်စနစ်ကို ဝိုင်းဝန်းတိုက်ဖျက်နေကြတဲ့အချိန် ဖြစ်တာကြောင့် ဘယ်အဖွဲ့မဆို ကိုယ့်ကြိုးစားအားထုတ်မှုကြောင့် ရရှိတဲ့ရလဒ်ကိုတော့ ဒေသခံပြည်သူ ဘယ်သူမဆို အသိအမှတ်ပြုကြပါတယ်။ ဒါပေမဲ့ ကိုယ့်နယ်မြေကိုယ့်ပြည်နယ်ဆိုတဲ့အဆင့်ထိက နိုင်ငံရေးအခြေအနေတည်ငြိမ်တဲ့အချိန် အားလုံးကောင်းမွန်စွာ ဆွေးနွေးပြီး အတည်ပြုပြီးမှ ဒေသခံအားလုံးလည်း လက်ခံနိုင်မယ်လေ” ဒေသခံအမျိုးသမီးတစ်ဦး (ကွတ်ခိုင်မြို့) အဆုံးထိ မသွားရဲဘူးဆိုရင် အစကတည်းက မစရင်ကောင်းတယ်လို့ပဲ ကျမတို့ဒေသခံတွေက ပြောနေကြတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ကျပ်တည်း လာတာတွေရယ်၊ ထိခိုက်တာတွေများလာတာကြောင့်ပဲလေ။ မြန်မာစကားပုံအရ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဆိုသလိုပေါ့။ အခက်အခဲကြောင့်လည်း ပါတာပေါ့လေ။ ကျမတို့ဒေသခံတွေကတော့ တစ်ခါစထားတာကို အဆုံးထိ သွားစေချင်တယ်။ အခုလို တစ်ဝက်တစ်ပြတ် တစ်ပြတ်တစ်ချော်က မကောင်းဘူးလို့ မြင်တယ်။ မဖြစ်သင့်သေးဘူးလို့မြင်တယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ဆွေးနွေးရမှာပဲလေ။ သူတို့ကြိုက်သလိုလုပ်မယ်ဆိုတာတော့ မရဘူးလေ။ ဖြူသည်ဖြစ်စေ၊မဲသည်ဖြစ်စေ အဖြေတစ်ခုခုတော့ အမြန်ရချင်ပြီလို့ပဲ ပြောချင်တယ်။ မဟုတ်ရင်တော့အရမ်းခက်ခဲနေတယ်။ အသက်လုံခြုံရေးအတွက်လည်း အပေါ်ကို မော့မော့ကြည့်ပြီးနေနေရပါတယ်” ဒေသခံအမျိုးသားတစ်ဦး (နမ္မတူမြို့) “ခဏအတွင်းမှာ နည်းနည်းတော့ အံ့အားသင့်သွားတာပေါ့။ အစကတော့ TNLA အနေနဲ့ အဆုံးထိစစ်အာဏာရှင်ကို တိုက်ထုတ်မယ်လို့ မျှော်လင့်ထားတာ။ ဒါပေမဲ့ အခုတော့ သူတို့ ဒီလိုထုတ်လာတော့ တစ်ခုစိတ်ထဲဝင်လာတာက သူတို့လိုချင်တဲ့နယ်မြေအတိုင်းအဆအထိ သူတို့တိုက်ပြီးပြီဖြစ်လို့ ဒီလောက်နဲ့တင်ရပြီ တော်ပြီလို့ခံယူပြီး ဒီအာဏာသိမ်းစစ်တပ်နဲ့ဆွေးနွေးပြီး သူတို့ အေးအေးချမ်းချမ်း သီးသန့်နေချင်သွားတာလား။ ဒီအချိန်မှာက မေးခွန်းအများကြီးမေးချင်တယ်။ တွေဝေရှုပ်ထွေးနေတဲ့အချိန်လည်းဖြစ်လို့ မေးစရာမေးခွန်းတွေတော့ တော်တော်များနေတယ်” ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့စတင်လာတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊မိုင်းလုံ၊ မိုးမိတ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါမြို့နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့တွေကို TNLA ကရရှိခဲ့ပြီး လက်ရှိ နေရာတချို့မှာလည်း စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။…
Read More » -
5 Decemberသတင်း
ဗန်းမော်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး အရပ်သား သေဆုံးမှု ၁၀ ဦးခန့်ရှိလာ
ကချင်ပြည်နယ် ဗန်းမော်မြို့ပတ်ပတ်လည်မှာတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး ၂ ရက်အတွင်း အရပ်သားသေဆုံးသူ ၁၀ ဦးခန့်ရှိလာပြီလို့ ဗန်းမော်ဒေသခံတွေပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ဗန်းမော်– မံစီအကြားရှိ စစ်တပ်စခန်းအားလုံး ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ဆင်နေပြီး ကာကင်းစခန်း ၇ ခုသိမ်းပိုက်ရရှိထားကာ တိုက်ပွဲဆက်ပြင်းနေသလို တစ်ဖက်မှာတော့…
Read More » -
5 Decemberသတင်း
ဗန်းမော် ၃ မိုင်ရပ်ကွက်မှာ ဒေသခံပြည်သူထောင်ချီပိတ်မိနေ
ဗန်းမော်မြို့ ၃ မိုင်ရပ်ကွက်မှာ စစ်တပ်ကအဝင်အထွက်အားလုံး ပိတ်လိုက်တဲ့အတွက် ဒေသခံပြည်သူထောင်ချီပိတ်မိနေတယ်လို့ ၃ မိုင်ရပ်ကွက်မှာနေထိုင်တဲ့ ပြည်သူတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် ဗန်းမော်မြို့ဘက်ဝင်ရောက်လာချိန် ၃ မိုင်ရပ်ကွက်အရောက် စစ်တပ်နဲ့ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူတွေ ပိတ်မိကုန်တာဖြစ်တယ်လို့ ၃ မိုင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “KIA တွေဝင်လာပြီဆိုတာ ဘယ်သူသတင်းပေးလိုက်လဲမသိ လေယာဉ်လည်းလာကြဲတယ် နှစ်ဖက်တပ်က မနေ့ကတော်တော်လေး ပစ်ခတ်မှုဖြစ်သွားတယ်။ စစဖြစ်ချင်းက ပြည်သူတွေတစ်ဖက်ကမ်းပြေးတဲ့သူပြေး၊ မြို့ထဲပြေးတဲ့သူပြေးနဲ့ပြေးကြတာ။ ဒါပေမယ့် မနေ့ ညနေပိုင်း KIA ဘက်က တစ်ခြားနေရာရွှေ့သွားပြီ အဲဒါကိုစစ်တပ်က အဝင်အထွက်အားလုံးပိတ်ချလိုက်တာ”လို့ ပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ ၃ မိုင်ရပ်ကွက်ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့၊ဆိုင်တစ်ချို့၊စာသင်ကျောင်းဆောင်၊ ရပ်ကွက် ခန်းမဆောင်တွေ ထိခိုက်ပျက်စီးတာရှိတယ်လို့ သူကဆက်ပြောပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ ဒီနေ့မှာတော့ ရပ်ကွက်တွင်းတိုက်ပွဲမဖြစ်ပေမယ့် စစ်ကောင်စီတပ်က ရပ်ကွက်အဝင်ထွက်အားလုံးပိတ်လိုက်တဲ့အပြင် လျှပ်စစ်မီးတွေလည်း ဖြတ်ထားပေးတယ်လို့ နောက်ထပ် ၃ မိုင်ဒေသခံတစ်ဦး ဆက်ပြောပါတယ်။ “ခု မီးလည်းဖြတ်ပေးလိုက်ပြီ အားလုံးက အိမ်ထဲမှာပဲ တံခါးပိတ်ပြီးနေနေကြတယ်။ အတော်များများတော့ ပိတ်မိနေတယ်။ မြို့ဘက်နဲ့မြစ်တစ်ဖက်ကမ်းကို ပြေးသွားနိုင်တာ အနည်းအကျဉ်းပဲရှိတယ်။ ခုက ရပ်ကွက်တစ်ခုလုံး ထွက်လို့လည်း မရဘူး ထွက်တာနဲ့ သေနတ်နဲ့လိုက်ပစ်တယ်”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ၃ မိုင်ရပ်ကွက်အဝင်ထွက်ပိတ်ထားတဲ့အပြင် ရပ်ကွက်လမ်းကြားပါမကျန် ကင်းစောင့်နေပြီး ရပ်ကွက်ထဲထွက်လာသူမှန်သမျှကို ပစ်ခတ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေ မနေ့ဝင်ရောက်လာချိန် တိုက်ပွဲရုတ်တရုတ်ဖြစ်သွားတာကြောင့် စျေးသည်တွေနဲ့ခရီးသွားတစ်ချို့ လမ်းမတစ်လျှောက်ပိတ်မိသွားသူများလည်းရှိပြီး နီးစပ်ရာ ဘုန်းကြီးကျောင်း၊ဘုရားကျောင်းတွေမှာ ခိုလှုံနေသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ၃ မိုင်ရပ်ကွက်ဟာ အိမ်ခြေ ၆၀၀ ထက်မနည်းရှိပြီး လူဦးထောင်ချီရှိတဲ့ ရပ်ကွက်ကြီးတစ်ခုဖြစ်တာကြောင့် လက်ရှိပိတ်မိသူတွေလည်း ထောင်ချီရှိနိုင်တယ်လို့ ၃ မိုင်ရပ်ကွက်နေပြည်သူတွေ ပြောပါတယ်။ By – Zami
Read More » -
5 Decemberသတင်း
ဗန်းမော်တိုက်ပွဲ ကာကင်းစခန်း ၇ ခု KIA သိမ်းပိုက်၊ စစ်မျက်နှာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေဆဲ
ဗန်းမော်နဲ့ မံစီမြို့နယ်နှစ်ခုမှာ တိုက်ခိုက်ပွဲဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က မနေ့ကတစ်ရက်အတွင်း တပ်စခန်းငယ် ၇ ခုကိုသိမ်းပိုက်ထားနိုင်ပြီး စစ်မျက်နှာပြင် ၃ နေရာမှာ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ ဗန်းမော်မြို့– မံစီမြို့ကြားမှာရှိတဲ့ ခလရ ၄၇ တပ်ရင်း၊ ညောင်ပင်သာ၊ နမ်ဖာ၊ မံစီမြို့တွင်းတပ် ခမရ ၃၁၉၊ ခမရ ၆၀၁၊ ခမရ ၃၅၂ အပါအဝင် ဗန်းမော်တက္ကသိုလ်ဝင်း၊ မိုးမောက်သွားလမ်း ၃ မိုင်၊ ၄ မိုင် စတဲ့ နေရာအားလုံးကို KIA တပ်က တပြိုင်နက်ထိုးစစ်ဆင် ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။ တိုက်ပွဲစတင်ဖော်ဆောင်လိုက်တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ တပ်စခန်းအကြီးတွေကို လုံခြုံရေးယူပေးထာတဲ့ ကာကင်းစခန်းငယ် ၇ ခု သိမ်းပိုက်ရှင်းလင်းဆောင်ရွက်နိုက်ခဲ့ပြီး ဒီဇင်ဘာလ ၅ ရက်နေ့ ဒီနေ့မှာလည်း တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ကသိမ်းတဲ့ထဲမှာ တပ်စခန်းအကြီးတွေတော့မပါဘူး။ ကာကင်းစခန်းအငယ်တွေလောက်ပဲသိမ်းတယ် ကားကင်းစခန်း ၇ ခုလောက်တော့ရှိမယ်။ ဗန်းမော်တက္ကသိုလ်အပါပေါ့လေ။ ဒီမနက်မှာလည်း အစေားကြီးကတည်းက တိုက်ပွဲဖြစ်နေတဲ့ စစ်မျက်နှာတိုင်းမှာ တိုက်ပွဲဆက်ဖြစ်နေတယ်။ မံစီဘက်မှာလည်း ပြင်းပြင်းထန်ထန်ဖြစ်နေတယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်၊ မံစီ နဲ့ မိုးမောက် ၃ မိုင်၊ ၄ မိုင် စတဲ့ စစ်မျက်နှာ ၃ ခုမှာ ဒီနေ့ မနက်ပိုင်း ၅ နာရီခန့်ကနေ နှစ်ဖက်တပ်အပြန်အလှန်တိုက်ပွဲပြင်းထန်နေသလို မြို့ပြင်နေရာတစ်ချို့မှာ လက်နက်ကြီးကျကွဲတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် KIA တပ်ဘက်က သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့ ကာကင်းစခန်းတွေကို ရှင်းလင်းဆောင်ရွက်နေပြီး တပ်စခန်းကြီးတွေ ထပ်သိမ်းပိုက်ဖို့ တိုက်ပွဲဆက်ဖော်ဆောင်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ နေ့လည် ၁၂ နာရီအထိ မြို့တွင်းအထိ လက်နက်ကြီး၊လက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရပြီး တိုက်ပွဲနေရာဘက်ကို စစ်တပ်ဘက်ကလည်း လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ တိုက်ပွဲစဖြစ်တဲ့ မနေ့က တစ်ရက်အတွင်း စစ်မျက်နှာ ၃ နေရာကို စစ်တပ်က လေကြောင်းနဲ့ ၁၀ ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပေမယ့် ထိခိုက်သေဆုံးမှုအသေးစိတ် သိရဖို့ ခက်ခဲနေပါတယ်။ ဗန်းမော်ဒေသခံပြည်သူအများပိုင်းက တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ဘေးလွတ်ရာကို ရေကြောင်း၊ ကုန်းကြောင်း ရရာနည်းလမ်းနဲ့ ထွက်ပြေးတိမ်းရှောင်နေကြပေမယ့် စစ်ကောင်စီတပ်နဲ့ KIA တပ်တွေရဲ့ လမ်းပိတ်ဆို့ခံရမှု ကြုံတွေ့နေရတယ်လို့လည်း ဆက်သိရပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ဗန်းမော်ခရိုင်အဖြစ် မိုးမောက်၊ဗန်းမော်၊ မံစီ၊ရွှေကူမြို့နယ် ၄ ခုပါဝင်ပြီး မိုးမောက်မြို့နယ်ကို ဩဂုတ်လမှာသိမ်းပိုက်ထားပြီဖြစ်ပါတယ် ဒါ့အပြင် ဗန်းမော်မြို့က ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး စစ်ရေးအရ ကုန်းကြောင်း၊ရေကြောင်း အချက်ချာကျသလို သင်္ဘောဆိပ်ရာရှိရာတစ်ခုတည်းသောမြို့ဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
5 Decemberအင်တာဗျူး
၆ လခန့်အထိ လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့ရတဲ့ ပူတာအိုပြည်သူတွေရဲ့အခက်ခဲကို လူမှုကူညီရေးအဖွဲ့တွေ ဘယ်လို ဝိုင်းဝန်းဖြေရှင်းပေးခဲ့ကြလဲ။
ကချင်ပြည်နယ်မှာ စစ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် စားဝတ်နေရေးကြပ်တည်းမှုဒဏ်ကို ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရတဲ့ ပူတာအိုဒေသခံပြည်သူတွေအတွက် ဒေသအတွင်းဖွဲ့စည်းထားတဲ့ ‘စုပေါင်း လူမှုကူညီရေးအသင်း’ကနေပြီး ၆ လအတွင်း စက်သုံးဆီ ပေပါ ၂ ထောင်ကျော်နဲ့ ဆန်အိတ် ၅ ထောင်ခန့်အထိ သယ်ယူပြီး ဒေသခံပြည်သူတွေရဲ့ အခက်အခဲကို သယ်ပိုးဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းဟာ ၂၀၂၄ ခုနှစ်၊ မတ်လလောက်ကနေ ဆွမ်ပရာဘွမ့်မြို့သိမ်းတိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကြောင့် မေလအထိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၃ လအတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်စစ်တပ်က ပိတ်လိုက်တာဖြစ်ပါတယ်။ တိုက်ပွဲအခြေအနေကြောင့် နှစ်ဖက်စစ်တပ်ပိတ်ထားတဲ့ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကားလမ်းပိုင်းမှာ ရက်ကြာရှည်စွာ မည်သည့်ယာဉ်မှ သွားလာလို့မရတော့ဘဲ ပူတာအိုခရိုင်တစ်ခုလုံး မှီခိုအားထားရတဲ့ ပူတာအိုမြို့နယ်ထဲမှာတင် စက်သုံးဆီနဲ့ စားသောက်ကုန် ပစ္စည်းတွေ ပြတ်လပ်သွားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအထိ လမ်းပိုင်းပျက်စီးလို့မဟုတ်ဘဲ တိုက်ပွဲကြောင့် ပိတ်ထားတဲ့ မြစ်ကြီးနား – ဆွမ်ပရာဘွမ့် ကားလမ်းပိုင်းမှာ စက်သုံးဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေ သယ်ယူနိုင်ဖို့ရန်အတွက် ပူတာအိုဒေသထဲမှာ လူမှုအကျိုးပြုနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေ စုပေါင်းပြီး ကော်မတီတစ်ရပ်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ ပူတာအိုဒေသခံ ပြည်သူတွေရဲ့ စားဝတ်နေရေးအကြပ်အတည်းကို ကူညီဆောင်ရွက်ပေးဖို့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေဖွင့်လှစ်ထားတဲ့ ‘စုပေါင်းပေါင်းလူမှုကူညီရေးအသင်း’အမည်ရှိတဲ့ အဖွဲ့အစည်းတွေဟာ စက်သုံးဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေ ပူတာအိုမြို့နယ်ထဲကို ဝင်ရောက်လာဖို့ရန် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်စစ်တပ်ကို ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ အကူအညီနဲ့ ညှိနှိုင်းမှုရရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလဆန်းပိုင်း ၅ ရက်နေ့ ဆွမ့်ပရာဘွမ့်မြို့နယ်တစ်ခုလုံးကို KIA သိမ်းပိုက်ပြီးနောက် ဇွန်းလဆန်းပိုင်းမှာ ပူတာအိုမြို့နယ်ထဲ ကုန်ကားတွေကို အကန့်အသတ်နဲ့ ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီဇွန်လထဲမှာ ပူတာအိုမြို့ထဲကို စုပေါင်းလူမှုကူညီရေးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်နဲ့ စက်သုံးဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေကို သယ်ယူနေတဲ့ အချိန်အတွင်းမှာပဲ ဇူလိုင်လဆန်းပိုင်းကနေ စတင်ပြီး ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ရေကြီးရေလျှံဖြစ်ပြီးကာ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းပိုင်း ကုန်ကားတွေ ထပ်မံသွားလာလို့မရအောင် ကားလမ်းပိုင်းပျက်စီးသွားတာဖြစ်ပါတယ်။ တိုက်ပွဲကြောင့် ၃ လကျော်ခန့် အကြာပိတ်သွားတဲ့ မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းဟာ ဇွန်လထဲ ကုန်ကားတွေ ပြန်လည် သွားလာခွင့်ရရှိခဲ့ပေမယ့် လမ်းပိုင်းပျက်စီးမှုကြောင့် ဒုတိယအကြိမ် ၃ လခန့်အထိ ပြန်လည်ပိတ်သွားတာဖြစ်ပါတယ်။ အခုလို တိုက်ပွဲကြောင့်လမ်းပန်းဆက်သွယ်ရေးခက်ခဲသွားတဲ့အပြင် ရေကြီးရေလျှံဖြစ်ပြီး လမ်းပိုင်းပျက်စီးမှုကြောင့် အချိန်ကာလ ၆ လဝန်းကျင်ခန့် သွာလာဖို့ ခက်ခဲနေတဲ့ အချိန်အတွင်းမှာ ပူတာအိုဒေသခံပြည်သူ အရပ်ဖက်လူမှုကူညီရေးအဖွဲ့တွေ ဖွဲ့စည်းထားတဲ့ ‘စုပေါင်းလူမှုကူညီရေးအသင်း’က ပူတာအိုဒေသထဲကို ဆန်အိတ် ၅ ထောင်ခန့်အထိ၊ ဆီပေ ၂ ထောင်ကျော် သယ်ယူပြီး ကူညီပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ အချိန်အထိလည်း စုပေါင်းလူမှုကူညီရေးအသင်းအဖွဲ့ကနေ ပူတာအိုဒေသအတွင်း ခက်ခဲနေတဲ့ နေရာဒေသတွေမှာ သွားရောက်ပြီး ဆန်၊ ဆီ၊ ဆား၊ စက်သုံးဆီတွေကို အခမဲ့လိုက်လံကူညီပေးနေသလို သယ်ယူထားတဲ့ စားသောက်ကုန်ပစ္စည်းတွေကိုလည်း အပြင်စျေးနဲ့ မတူဘဲ ပြည်သူတွေဆီကို ရောင်းချပေးနေတယ်လို့ ဆက်သိရပါတယ်။ ဒါကြောင့် လက်ရှိ ပူတာအိုဒေသမှာ စစ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အဖက်ဖက်ကနေ ကြပ်တည်းနေတဲ့ ကာလအတွင်း ဒေသခံပြည်သူတွေရဲ့ အခက်အခဲတွေကို ဘယ်လို ကူညီဆောင်ရွက်ပေးခဲ့သလဲ၊ ဘာကြောင့် လူမှုကူညီရေးအဖွဲ့တွေ စုပေါင်းပြီး ကူညီဆောင်ရွက်ခဲ့ရသလဲ အခြေအနေ တစ်ရပ်လုံးကို ‘စုပေါင်းလူမှုကူညီရေးအသင်း’က တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်ပေးမြန်းထားပါတယ်။ မေး။ ။ မင်္ဂလာပါ ဆရာ။ ဆရာတို့အနေနဲ့ ပူတာအိုဒေသမှာ ခက်ခဲနေတဲ့ ပြည်သူတွေအတွက်ဆိုပြီး အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီးတော့ ကူညီရေးတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဘယ်လို နည်းလမ်းတွေနဲ့ ဆောင်ရွက်ပေးနေပါသလဲ။ ဖြေ။ ။ ကျနော်တို့က ‘အရပ်ဖက်အဖွဲ့အစည်း စုပေါင်းကော်မတီ’ လို့ခေါ်ပါတယ်။ အဓိကတော့ ပူတာအိုဒေသမှာ ဆန်၊ ဆီ ပြတ်လပ်မှုပြဿနာကို ဖြေရှင်းဖို့အတွက် ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းပါ။ ဖွဲ့စည်းထားတာလည်း ၆ လစီမံကိန်းနဲ့ပဲ ဖွဲ့စည်းထားတာဖြစ်တယ်။ အခုချိန်အထိလည်း ကူညီရေးတွေ ဆက်တိုက်လုပ်ဆောင်ပေးနေပါတယ်။ ကျနော်တို့ လုပ်ဆောင်ပေးတဲ့အထဲမှာ ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေကို သယ်ယူပြီး ပူတာအိုဒေသမှာ စျေးနှုန်းသက်သာစွာနဲ့ ပြန်ရောင်းချပေးသလို အရမ်းခက်ခဲတဲ့ ပြည်သူတွေကိုတော့ အခမဲ့ကူညီပေးနေပါတယ်။ အခုရက်ပိုင်းအတွင်းမှာလည်း ခက်ခဲတဲ့ ဒေသဆီသွားပြီး ဆန်အိတ် ၁၅၀ ထပ်ပေးဖို့ စီစဉ်နေပါတယ်။ ဒါကတစ်ပိုင်း။ နောက်တစ်ပိုင်းက အားလုံးကို အခမဲ့မပေးနိုင်တာဖြစ်တဲ့အတွက် ဝယ်စျေးအတိုင်း ပြည်သူတွေ သက်သာအောင် ပြန်ရောင်းချပေးပါတယ်။ မေး။ ။ အခုလို ဖွဲ့စည်းလိုက်ပြီး ပူတာအိုဒေသခံပြည်သူတွေအတွက် ဘယ်လောက်အထိ လုပ်ဆောင်ပေးနိုင်ခဲ့သလဲ။ တကယ်ကော ထိရောက်မှုရှိခဲ့လား။ ဖြေ။ ။ ကျနော်တို့ စတင်ဖွဲ့စည်းလိုက်ကတည်းကလည်း ပူတာအိုဒေသတစ်ခုလုံး ဆန်နဲ့ စက်သုံးဆီက လုံးဝပြတ်လပ်သွားတဲ့ အချိန်ဖြစ်တယ်။ ရှိရင်တောင် ဓါတ်ဆီတစ်ပေပါ သိန်း ၅၀၊ ၆၀ အထိရှိတယ်။ အဲလို ခက်ခဲနေတဲ့အချိန် ဓါတ်ဆီပေပါ နှစ်ထောင်ကျော် တင်သွင်းနိုင်ခဲ့တယ်။ ဥပမာ – ဆီတစ်ပေပါ သိန်း ၃၀ စျေးရှိနေတဲ့အချိန် ၂၁ သိန်းလောက်နဲ့ ပြည်သူတွေကိုရောင်းချပေးတယ်။ ထိုနည်းတူ ဆန်အိတ်လည်း ၄၀၀၀ ဝန်းကျင်တင်သွင်းနိုင်ခဲ့တယ်။ အပြင်မှာ ၃ သိန်းအထိတောင် စျေးတက်နေတဲ့အချိန် ဝယ်စျေးနဲ့ မကွာပဲ ရောင်းချပေးခဲ့ပါတယ်။ မေး။ …
Read More » -
4 Decemberသတင်း
နမ့်ပေါင်လေတပ်စခန်း လက်နက်ကြီးပစ်ခတ်ခံရ၊ စစ်တပ်ဘက်က တန်ပြန်ပစ်တဲ့ လက်နက်ကြီး မြို့သစ်ကြီးရပ်ကွက် တစ်လုံးကျပေါက်ကွဲ
ကချင်ပြည််နယ် မြစ်ကြီနားမြို့ရှိ စစ်ကောင်စီတပ်ရဲ့ နမ့်ပေါင်လေတပ်စခန်း ဒီမနက် ၆ နာရီဝန်းကျင်မှာ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရတယ်လို့ တပ်နဲ့နီးစပ်သူတွေပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးပစ်ခံရတယ်လို့ တပ်နဲ့နီးစပ်သူတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “မနက် ၆ နာရီလောက်ပစ်ခံရတာ ရှော့တိုက်ဒုံး ၈ လုံးပစ်ခံရတာ တစ်လုံးက ပြေးလမ်းထိတယ်လို့ ပြောတယ်။ ထိခိုက်မှုပျက်စီးမှုတော့ မသိရသေးဘူး။ ၁၀၇ မမနဲ့လို့ပြောတယ် သူတို့ပြောတာက ဗန်းမော်ကို လေကြောင်းမတက်နိုင်အောင် ဟန့်တားတာလို့ပြောကြတယ်”လို့ ပြောပါတယ်။ နမ့်ပေါင်လေတပ်စခန်း လက်နက်ကြီးပစ်ခံရပြီးနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မ.ပ.ခ) အမြောက်တပ်ထဲကနေ စန်းကား၊တာစခန့်ကျေးရွာဘက်ကို တန်ပြန်ပစ်ခတ်ရာ မနက် ၇ နာရီဝန်းကျင် မြို့သစ်ကြီးရပ်ကွက်ထဲ တစ်လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်နေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “တစ်မနက်လုံးထုနေတာပဲကွာ အဲ့ဝိုင်းမော်စန်းကားဘက်ကိုထုနေတာ မနက် ၇ နာရီလောက်ကတော့ မြို့သစ်ကြီးထဲတစ်လုံးကျတယ် မိုးဖိုချောင်တစ်လုံးတော့ထိသွားတယ်တဲ့”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ စစ်ကောင်စီတပ်က ဝိုင်းမော်မြို့နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ စန်းကားကျေးရွာဘက်နဲ့တာစန့်ရွာဘက်ကို လက်နက်ကြီး အလုံး ၂၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့ခံတွေရဲ့ပြောဆိုချက်အရ ဒီမနက်ပိုင်း ဝိုင်းမော်မြို့နယ် စန်းကားဘက်တိုက်ပွဲဖြစ်တာမရှိပေမယ့် လေတပ်စခန်းပစ်ခံရပြီးနောက် အခုလိုတန်ပြန်ပစ်ခတ်နေတာဖြစ်နိုင်တယ်လို့ မြို့ခံတွေ သုံးသပ်နေကြပါတယ်။ စစ်ကောင်စီတပ်ရဲ့ နမ့်ပေါင်လေတပ်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာလည်း တစ်ကြိမ်၊ ၂၀၂၄ ခုနှစ် မတ်လမှာတစ်ကြိမ် ပစ်ခတ်ခံရတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးစတင်လာချိန်ကစပြီး နမ့်ပေါင်လေတပ်စခန်းရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ စန်းကားကျေးရွာအုပ်စုဘက်ကို လုံခြုံရေးတင်းကြပ်နေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် စန်းကားကျေးရွာပြည်သူအများပိုင်းကတော့ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့နောက်ပိုင်းဘေးလွှတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။ လက်ရှိ စန်းကားကျေးရွာရှိ အရပ်သားနေအိမ်တစ်ချို့မှာ စစ်ကောင်စီတပ် ဗျူဟာမှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်များ တပ်စွဲနေရာယူထားပြီး ရွာအနီးတစ်ဝိုက် မကြာခနဆိုသလို KIA နဲ့ နှစ်ဖက်တပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းအဝင်ထွက်နေရာတွေမှာလည်း လုံခြုံရေးတင်းကြပ်ထားပြီး စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ ဒီမနက်ပိုင်းကစပြီး ဗန်းမော်မြို့နဲ့မံစီမြို့နယ်ရှိ စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။…
Read More » -
4 Decemberသတင်း
တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မှာ ရေလမ်း၊ကုန်းလမ်းအားလုံး စစ်တပ်ကပိတ်
ကချင်ပြည်နယ် ဗန်းမော်မြို့ပတ်ပတ်လည်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေထွက်ပြေးနေကြပေမဲ့ စစ်ကောင်စီတပ်က ရေလမ်း၊ကုန်းလမ်း အားလုံးပိတ်လိုက်တာကြောင့် ပြည်သူအများပိုင်းမြို့ထဲပိတ်မိနေတယ်လို့ ဒေသခံတွေကပြောပါ တယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ ဒီကနေ့ မနက်ပိုင်းကစလို့ ဗန်းမော်မြို့– မံစီမြို့အကြားတပ်စခန်းအားလုံးနဲ့ ဗန်းမော်မြို့– မိုးမောက်ဘက် ၃ မိုင်နေရာမှာတိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေဟာ ရေလမ်း၊ ကုန်းလမ်းတွေကိုအသုံးပြုပြီး ဘေးလွှတ်ရာကိုထွက်ပြေးနေကြပေမယ့် နေ့လည် ၁ နာရီဝန်းကျင်ကစလို့ စစ်ကောင်စီတပ်ဟာ ရေလမ်းနဲ့ ကုန်းလမ်းပိုင်းအားလုံး နေရာယူတပ်စွဲပြီးပိတ်ဆို့လိုက်တာလို့ ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “မြို့ထဲမှာတော့လူတော်တော်ရှင်းသွားတယ်။ မြို့ထဲကနေပြည်သူတွေကိုလည်းထွက်ခွင့်မပေးဘူး။ ကမ်းနားဘက်ကနေ ရေလမ်းကြောင်းကို ဒီနေ့လည်ကစပြီးပေးမသွားတော့ဘူး။ ကားလမ်းတွေရောပဲ။ သွားတဲ့လူတွေကိုလည်း သေနတ်ဖောက်ပြီးပြန်လှည့်ခိုင်းတာတွေလုပ်တယ်။”လို့ပြောပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ ကမ်းနားလမ်းကိုအသုံးပြုပြီး ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ဒေသခံတစ်ချို့ထွက်ခွာခွင့်ရလိုက်ပေမဲ့ နေ့လည် ၁နာရီဝန်းကျင်ကစပြီး စစ်တပ်က လမ်းကြောင်းတွေအားလုံး ပိတ်ဆို့ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီကနေ့ မနက်ပိုင်း ၅ နာရီလောက်ကစပြီး ဗန်းမော်–မံစီအကြားက စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တပ်စခန်းတစ်ချို့အပါအဝင် ဗန်းမော်မြို့နဲ့ ၄ မိုင်အကွာလောက်က ဗန်းမော်တက္ကသိုလ်ကိုပါသိမ်းပိုက်ထားပြီလို့ သိရပါတယ်။ နေ့လည်ပိုင်းမှာတော့ ဗန်းမော်မြို့တွင်း ရဲစခန်းအနီးတစ်ဝှိုက်မှာလည်း ပစ်ခတ်သံတစ်ချို့ကြားနေ ရတယ်လို့သိရပြီး ဒီကနေ့ထွက်ခွာမယ့် လေယာဥ်ခရီးစဥ်အားလုံးလည်းရပ်နားထားရတယ်လို့ အထက်ပါ ဒေသခံတစ်ဦးကဆက်ပြောပါတယ်။ “လေကြောင်းလိုင်းကတော့အားလုံး ဖျက်သိမ်းလိုက်ရတယ်လို့ကြားပါတယ်။ ဒီအခြေနေမတည်ငြိမ်လို့ ခရီးစဥ်သွားဖို့အတွက် မဖြစ်နိုင်တော့ဘူးလို့ကြားတယ်။ နေ့လည်ပိုင်းလောက်မှာ ပစ်ခတ်သံတွေကငြိမ်သွား သေးတယ်။ ဒါပေမဲ့ နေ့လည်လောက်မှာ ရဲစခန်းကနေလည်းသေနတ်သံတွေထွက်နေတယ်။ သူတို့ဘက်က လည်း တစ်ခါတစ်လေရမ်းသမ်းပစ်ခတ်တာတွေရှိတော့ ကေအိုင်အေဝင်လာတာလားဆိုတာတော့မသိဘူး”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီကနေ့မနက်ပိုင်း ၅ နာရီကစလို့ ဗန်းမော်–မံစီမြို့ ပတ်ပတ်လည်က စစ်ကောင်စီတပ် စခန်းတွေကိုတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း မံစီမြို့တစ်ဝှိုက်ကို လေကြောင်းအသုံး ပြုတိုက်ခိုက်တာ ၅ ကြိမ်တိတိရှိပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။ တစ်ဖက်မှာ ဒီကနေ့ပြင်းထန်လာတဲ့တိုက်ပွဲကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဗန်းမော်မြို့ကို ဦးတည်သိမ်းပိုက်ဖို့စတင်လိုက်တဲ့တိုက်ပွဲ လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကပြောဆိုနေကြပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး စစ်ရေးအရ ရေကြောင်း၊ကုန်းကြောင်း အချက်ချာကျတဲ့ မြို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လမှာတော့ KIA ပူးပေါင်းတပ်တွေက ဗန်းမော်ခရိုင်ထဲက မိုးမောက်မြို့နယ်ကို သိမ်းပိုက်ရရှိထားပြီး ဒီနေ့နမှာတော့ မံစီမြို့နယ်ဘက်ကို ထိုးစစ်ဆင်နေသလို ရွှေကူမြို့နယ်မှာလည်း စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။ By – အမိုး
Read More »









