တိုက်ပွဲသတင်း

ဗန်းမော်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး အရပ်သား သေဆုံးမှု ၁၀ ဦးခန့်ရှိလာ

ကချင်ပြည်နယ် ဗန်းမော်မြို့ပတ်ပတ်လည်မှာတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး ၂ ရက်အတွင်း အရပ်သားသေဆုံးသူ ၁၀ ဦးခန့်ရှိလာပြီလို့ ဗန်းမော်ဒေသခံတွေပြောပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ဗန်းမော်မံစီအကြားရှိ စစ်တပ်စခန်းအားလုံး ကချင်လွတ်လပ်ရေးတပ်မတော်  KIA ထိုးစစ်ဆင်နေပြီး ကာကင်းစခန်း ၇ ခုသိမ်းပိုက်ရရှိထားကာ တိုက်ပွဲဆက်ပြင်းနေသလို တစ်ဖက်မှာတော့ မြို့ပြင်နေရာတစ်ချို့ လက်နက်ကြီးကျပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဗန်းမော်မြို့ခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။

လက်နက်ကြီးကျကွဲတာတွေဗျ လေယာဉ်ကြဲတာမဟုတ်ဘူး။ ကျနော်တို့ရထားတာ ၁၀ ယောက် လောက်ရှိပြီ သေတဲ့သူက။ ခွန်သာရပ်ကွက်မှာဆို လမ်းမှာသေနေလို့ အလောင်းမကောက်ရဲ တာလို့ရှိနေတယ်လို့ သတင်းရထားပါတယ်လို့ ပြောပါတယ်။

ဒေသခံတွေပြောချက်အရ ဗန်းမော်မံစီကြားမှာရှိတဲ့ ညောင်ပင်သာစခန်းကို KIA ပူးပေါင်းတပ် မနေ့ကသိမ်းပိုက်လိုက်ပြီးနောက် တစ်ဆက်တည်းမှာပဲ ဗန်းမော်မြို့တွင်းရပ်ကွက်တွေဖြစ်တဲ့ ခွန်သာရပ်ကွက် ဗလီနားနဲ့၊တပ်ကလေးရပ်ကွက်မှာ လက်နက်ကြီးကျပေါက်ကွဲတာရှိသလို ဗန်းမော်တက္ကသိုလ်သွားလမ်းမှာရှိတဲ့ ဖန်းခါးကုန်းနဲ့ လက်ပံတန်းမှာလည်း လက်နက်ကြီးကျပေါက်ကွဲတာရှိတယ်လို့ သိရပါတယ်။

KNG ကရရှိထားတဲ့ အချက်လက်အရ လက်နက်ကြီးထိမှန်သေဆုံးသူတွေဟာ ခွန်သာရပ်ကွက်က ဒေါ်မြင့်မြင့်နဲ့သမီးဖြစ်သူအပါအဝင် အသက် ၄၀ ကျော်အမျိုးသားတစ်ဦး စုစုပေါင်း ၃ ဦး၊တပ်ကလေးရပ်ကွက် အမျိုးသား ၂ ဦး၊ ဖန်ခါးကုန်း ၃ ဦး၊လက်ပံတန်း ၂ ဦးလို့ သိရပြီး ဖော်ပြပါအချက်လက်ဟာ KNG သတင်းဌာန စုစည်းထားနိုင်တဲ့ အချက်လက်ဖြစ်တဲ့အပြင် လက်ရှိ ဗန်းမော်မှာ ဖုန်း၊အင်တာနက်လိုင်းအခက်ခဲတွေလည်း ရှိနေတဲ့အတွက် မြေပြင်နဲ့ကွာဟမှု ရှိနိုင်တယ်။

ဒီဇင်ဘာလ ၄ ရက်နေ့စတင်လာတဲ့  KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ ဒီနေ့ဆို ၂ ရက်မြောက်ရှိပြီး ဗန်းမော်မြို့ပတ်ပတ်လည်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို ၃မိုင်နဲ့ခွန်သာရပ်ကွက်အဝင်ထွက်၊ မြို့အဝင်အထွက်အားလုံးပိတ်ထားတယ်လို့ ဗန်းမော်ဒေသခံတွေပြောပါတယ်။

ဒါပေမယ့် ဒီဇင်ဘာလ ၅ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်ခန့်ကစ မြို့တွင်းရပ်ကွက်တစ်ချို့ပြည်သူများ လူမူကူညီရေးအဖွဲ့အကူညီနဲ့ အလံဖြူထောင်ကာထွက်ပြေးတိမ်းရှောင်နေသူတွေလည်း ရှိတယ်လို့ သိရပေမယ့် အသေးစိတ်သိရဖို့ ခက်ခဲနေပါတယ်။

မြို့ထဲမှာတော့ ဘာမဖြစ်သေးဘူး မြို့ပတ်ပတ်လည်က သေနတ်သံတွေဆူညံနေတယ်။ ခုမြို့ထဲကနေ ရှောင်ဖို့ပြင်တဲ့သူတွေလည်း ပြင်နေကြတယ်။ ခနတစ်ဖြုတ်တော့ ညောင်ပင်သာဘက်ဖွင့်ပေးတယ်လို့တော့ ကြားနေရတယ်လို့ ဗန်းမော်မြို့ခံ အမျိုးသားတစ်ဦး ဆက်ပြောပါတယ်။

ဗန်းမော်နဲ့ မံစီမြို့နယ်နှစ်ခုမှာ တိုက်ခိုက်ပွဲဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က မနေ့ကတစ်ရက်အတွင်း တပ်စခန်းငယ် ၇ ခုကိုသိမ်းပိုက်ထားနိုင်ပြီး စစ်မျက်နှာပြင် ၃ နေရာမှာ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပါတယ်။

ဗန်းမော်ခရိုင်တွင်းမှာပါဝင်တဲ့ မိုးမောက်မြို့ကို ဩဂုတ်လမှာ KIA သိမ်းပိုက်ထားနိုင်ပြီး နောက်ထပ်ကျန်နေသေးတဲ့ ဗန်းမော်မြို့အနီးဆုံးရှိ မံစီမြို့နယ်ဘက်ကို ဆက်ပြီးထိုးစစ်ဆင်နေသလို ရွှေကူဘက်မှာလည်း စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။ 

ကချင်ပြည်နယ်ဟာ မြစ်ကြီးနားခရိုင်၊ ပူတာအိုခရိုင်၊ ဗန်းမော်ခရိုင်၊  မိုးညှင်းခရိုင်ဆိုပြီး ခရိုင်  ခု၊ မြို့နယ် ၁၈ မြို့နယ်၊ လူဦးရေ တစ်သန်းကျော်နေထိုင်ပါတယ်။ 

အဲဒီထဲကမှ ဗန်းမော်ခရိုင်ဟာ ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိပြီး စစ်ရေးအရ ရေလမ်းကြောင်းအချက်အချာကျတဲ့ ခရိုင်ဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button