• Nov- 2024 -
    14 November
    သတင်း

    နောင်ပိုအောင်ရွာမှာ အခွန်လျော့ကောက်ပေးဖို့ ဆိုင်ရှင်တစ်ချို့တောင်းဆို 

    စစ်ကိုင်းတိုင်း ၊ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာမှာ SNA တပ်တွေအနေနဲ့ ဆိုင်အခွန်လျော့ကောက်ပေးဖို့ ဆိုင်ရှင်တစ်ချို့တောင်းဆိုနေကြပါတယ်။ ဟုမ္မလင်းမြို့နယ်တစ်ခုလုံးမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ် အများဆုံးရှိတဲ့ နောင်ပိုအောင်ကျေးရွာမှာ SNA တပ်က  ကုန်စုံဆိုင်အကြီး တစ်လ ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း) ၊စားသောက်ဆိုင်အကြီး တစ်လ ကျပ် ၆၀၀၀၀၀(ခြောက်သိန်း) ၊ ကုန်ခြောက်ဆိုင်၊ လက်ဖက်ရှည်ဆိုင်တစ်လ ကျပ် ၃၀၀၀၀၀ (သုံးသိန်း) ၊ဆိုင်ကယ်ဝပ်လျော့ တစ်လ ကျပ် ၆၀၀၀၀ (ခြောက်သောင်း) စသဖြင့် အခွန်ကောက်ခံနေတာကြောင့် ဆိုင်လုပ်ငန်းလုပ်ကိုင်သူတွေ အခက်တွေ့နေကြတယ်လို့ နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ဆိုင်အကြီးတွေဆို ခြောက်သိန်းတဲ့ ကွမ်းယာခုံတစ်ခုံဆိုလည်းခြောက်သောင်းတဲ့ တစ်လကိုနော် တောင်းတာတောင်တစ်နှစ်စာပေါင်းပြီးတောင်းတာ စာရွက်လေးတွေပေးပြီးတောင်းတယ် မပေးနိုင်ကြဘူးလေ တစ်နှစ်စာဆို ရာချီ၊ဆယ်ချီမပေးနိုင်လို့တချို့ဆိုင်တွေဖြုတ်လိုက်တဲ့လူတွေလည်းရှိတယ်”လို့ ကုန်ခြောက်ဆိုင်ဖွင့်ထားတဲ့ ဒေသခံအမျိုးသမီး ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမတိုင်ခင်အထိ SNA အနေနဲ့  ကုန်စုံဆိုင်အကြီးတစ်လလျှင် အများဆုံးကျပ် ၃၀၀၀၀၀ (သုံးသိန်း) ၊ကုန်ခြောက်ဆိုင်နဲ့တစ်ခြားသော ဆိုင်အသေးတွေ တစ်လ အနည်းဆုံးအခွန်ကျပ် ၃၀၀၀၀ (သုံးသောင်း) အထိသတ်မှတ်ပြီး လပေးစနစ်နဲ့ကောက်ခံတာလို့ သိရပါတယ်။ သို့သော် နိုဝင်လစပြီး အခွန်တိုးမြင့်ကောက်ခံလိုက်တဲ့အပြင် တစ်နှစ်စာပေါင်းပြီး ကောက်ခံနေတာကြောင့်  ရပ်နားသွားရတဲ့ ဆိုင်တွေလည်းအများအပြားရှိနေကြတယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “ဒီသုံးလေးလထဲအပြီးပေးရမယ်တဲ့ လျော့ပေးဖို့တောင်းဆိုကြတယ်အဆင်မပြေဘူး အဲ့ကြောင့်အရင်းအနှီးမရှိတဲ့လူတွေက မပေးနိုင်လို့ဆိုပြီးဆိုင်တွေရပ်ကုန်ကြတာ။ တချို့ဆိုစစ်ရှောင်ရင်းဒီရောက်လာပြီးရှိတာလေးနဲ့ဆိုင်လေးဖွင့်စားတာ သူတို့လည်းမရှိလို့ဆက်မရောင်းနိုင်ကြတော့ဘူး”လို့ ပြောပါတယ်။ လက်ရှိ နောင်ပိုအောင်ကျေးရွာက ကုန်စုံဆိုင်၊စားသောက်ဆိုင်လုပ်ကိုင်ကြတဲ့လူတွေထဲမှာ ရွာခံတွေရှိကြသလို ရွှေပြည်အေးမြို့၊လွှစင်ကုန်းနဲ့တစ်ခြားအနီးဝန်းကျင်ရွာကနေ စစ်ဘေးရှောင်ရင်း လာရောက်လုပ်ကိုင်သူတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ခုလို အခွန်တိုးကောက်လိုက်တဲ့အတွက် စစ်ရှောင်ရင်း ဆိုင်အသေးဖွင့်တဲ့သူအများပိုင်း ရပ်နားလိုက်ရကြပြီလို့ ဒေသခံတွေပြောပါတယ်။  နောင်ပိုအောင်ကျေးရွာဟာ ဟုမ္မလင်းမြို့နဲ့ဆယ်မိုင်ကျော်အကွာ ကချင်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာရှိပြီး SNAစစ်သားတွေရာချီတပ်ထိုင်ထားသလို SNA တပ်သားသစ်တွေကိုစစ်သင်တန်းပေးနေတဲ့ နေရာလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 14 November
    သတင်း

    အင်ဘာပါဒေသ တောင်ယာစပါးခင်းများ ကြွက်ဘေးကြောင့် ရိတ်သိမ်းဖို့စပါးမရှိတော့ဘူးလို့ တောင်သူတွေပြော

    ဗန်းမော်ခရိုင် မံစီမြို့နယ်  အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က ဒေသခံတောင်သူတွေစိုက်ပျိုးထားတဲ့ တောင်ယာစပါးခင်းများ ကြွက်ဘေးဆိုက်သွားတဲ့အတွက် ရိတ်သိမ်းဖို့စပါးမရှိတော့တဲ့အတွက် တောင်သူတွေအခက်တွေ့နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလကတည်းကစတင်စိုက်ပျိုးထားတဲ့ ဒေသခံတောင်သူတွေရဲ့တောင်ယာစိုက်ခင်းတွေ ဇူလိုင်လစ ကြွက်ဘေးဆိုက်လာတာကြောင့် အောက်တိုဘာ၊ နိုဝင်ဘာလ စပါးရိတ်သိမ်းမှာ ရိတ်ဖို့စပါးမရှိတော့ဘူးလို့ မိုင်ကုန့်ဒေသခံတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “စပါးတွေက ပြီးခဲ့တဲ့ ဩဂုတ်လမှာ တစ်ဖန်ပြန်ပြီး နလန်ထူ…

    Read More »
  • 14 November
    သတင်း

    မြစ်ကြီးနား-ကန်ပိုက်တည်လမ်းပိုင်း အကန့်အသတ်ဖြင့်ပြန်ဖွင့်

    ကချင်ပြည်နယ် မြစ်ကြီးနား– ကန်ပိုက်တည်လမ်းပိုင်းပြန်ဖွင့်ပေမယ့် ကန့်သတ်ချက်တွေရှိနေသေးတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ စစ်ရေးအခြေနေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လကနေ အောက်တိုဘာလ ၁၉ ရက်နေ့ထိ ပိတ်ထားတဲ့ မြစ်ကြီးနား–ကန်ပိုက်တည်လမ်းပိုင်းကို စစ်တပ်ဘက်က နိုဝင်ဘာလ ၆ ရက်နေ့ ပြန်ဖွင့်ပေးလိုက်ပြီလို့ ကံပိုက်တည်ဒေသခံတွေပြောပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ဘက်က ခရီးသည်သွားလာခွင့်၊ စက်သုံးဆီကားကြီးဖြတ်ခွင့်မပြုဘဲ ကန့်သတ်ထားတယ်လို့ မြစ်ကြီးနား– ကံပိုက်တည် ကားသမားတစ်ဦး KNG ကို ပြောပါတယ်။ “ကန်ပိုက်တည်ကပြန်ဖွင့်ပေမယ့် လူမရပါဘူးကွာ ကားပေါ်မှာ ကားသမားနဲ့စပယ်ယာပဲ လူနှစ်ယောက်ထက်ပိုမပါရဘူး ခရီးသည်ပါရင် ဗလမင်းထင်နဲ့ ဝိုင်းမော်ကနေလှည့်ပြန်ခိုင်းတယ်”လို့ အသက် ၃၀ ကျော်အရွယ် ကားသမားအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မြစ်ကြီးနား–ဝိုင်းမော်ကိုဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားမှာ စစ်ဆေးမေးမြန်းနေပြီး ကံပိုက်တည်ဘက်တက်တဲ့ခရီးတင်ကားတွေ ခရီးသည်တင်ခွင့်ကန့်သတ်နေတာလို့ သိရပါတယ်။ ဒါ့အပြင် ကံပိုက်တည်မြို့မှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေဟာ ကံပိုက်တည်ကနေထွက်ခွာမယ့် ခရီးသည်နဲ့စက်သုံးဆီတင်ကား၊ ကုန်ကားကြီးတွေကိုလည်းတားမြစ်ထားပြီး လူသုံးကုန်ပစ္စည်းတစ်ချို့ကို ကားအသေးနဲ့တင်ခွင့်ပြုနေတယ်လို့လည်း နောက်ထပ်ကားသမားတစ်ဦး ခုလိုဆက်ပြောပါတယ်။ “အခုက ဘယ်လိုကားတွေသွားလဲဆိုတော့ ကားသေးလေးတွေပါ Alphard တို့လိုကားတွေသွားတယ် ဆပ်ပြာမုန့်တို့၊ သွားတိုက်ဆေး၊ ဆပ်ပြာတို့ အချိုရှည်တို့လောက်ပဲတင်ခိုင်းတာ လူသုံးကုန်လောက်ပဲ ဒါတောင်ကားကြီးနဲ့မရဘူး”လို့ ပြောပါတယ်။ မြစ်ကြီးနား– ကန်ပိုက်တည်လမ်းပိုင်းပြန်ဖွင့်ပေးလိုက်တဲ့အတွက် မြစ်ကြီးနားမှာ တရုတ်ဘက်ကဝင်တဲ့ လူသုံးကုန်ပစ္စည်းအနည်းငယ်စျေးပြန်ကျလာတယ်လို့ မြစ်ကြီးနားဒေသခံတွေပြောပါတယ်။ သို့သော် စက်သုံးဆီကန့်သတ်ထားတာကြောင့် လက်ရှိမြစ်ကြီးနားမြို့မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၉၀၀၀ (ကိုးထောင်) နဲ့၁၀၀၀၀ (တစ်သောင်း)  ကြားမှာရှိနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ကထိန်းချုပ်ထားဆဲဖြစ်တဲ့ ကန်ပိုက်တည်ဂိတ် လက်ရှိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဦးဇခုန်တိန့်ယိန့် နယ်ခြားစောင့်တပ်ဖွဲ့အများအပြား တပ်ထိုင်ထားတယ်လို့ သိရပါတယ်။ မြန်မာ–တရုတ်နယ်နိမိတ်ချင်းဆက်မှာရှိနေတဲ့ ကချင်အထူးဒေသ (၁) ရဲ့မြို့တော်ပန်ဝါမြို့ကို KIAနဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နယ်စပ်ဂိတ်အားလုံးကို တရုတ်ဘက်က ရုတ်တရက်ပိတ်လိုက်ပေမယ့် ကန်ပိုက်တည်ဂိတ်တစ်ခုသာ ဖွင့်ပေးထားတာလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 12 November
    သတင်း

    ဖားကန့် မြေစာပုံပြိုကျမှုမှာ ကယ်ဆယ်ရေးလုပ်ဆောင်မှုမရှိ 

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ  ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်တာလည်းမတွေ့ရဘူးလို့စုံစမ်းသိရပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း ၁၂ နာရီဝန်းကျင် မှော်စီစာရွာ တင်အောင်ကြိုင်လုပ်ကွက်ဟောင်း မြေနေရာပြိုကျခဲ့တာဖြစ်ပြီး သေဆုံးသူ ၂၀ ဦးထက်မနည်းရှိနိုင်တယ်လို့သိရပေမယ့် ကယ်ဆယ်ရေးလုပ်ဆောင်တာမတွေ့ရဘူးလို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ ဒေသခံတစ်ဦးက ပြောပါတယ်။ “မြေပြိုတဲ့ထဲ ကားနှစ်စီးပါသွားတယ်။ ကုမ္ပဏီဝန်ထမ်း ၃ ယောက် ကားမောင်းတဲ့ ၂ ယောက်ရယ် ယာဥ်နောက်ပါတစ်ယောက်ရယ် ၃ ယောက်ပါသွားတယ်လို့သိရတယ်။ ရေမဆေးသမားတွေက ကားနှစ်စီး မြေစာသွန်တဲ့အားနဲ့ဆိုရင် ခန့်မှန်းခြေနဲ့ကြည့်ရင်တောင် လူက ၂၀ ထက်မနည်းရှိနိုင်တယ်”လို့ပြောပါတယ်။ ဖားကန့်ပြည်သူတွေပြောတာကတော့ မြေစာပုံပြိုကျမှုအဓိက ဖြစ်စဉ်ဟာ မြေစာတင်ကားနှစ်စီး မြေစာသွန်ရာကနေ ပြိုကျမှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။ ဖားကန့်မြို့နယ်မှာ နှစ်စဥ်ဆိုသလို ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပြိုကျမှုတွေကြောင့် ရေမဆေးသမားတွေနှစ်စဥ်သေဆုံးမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင်လကဖြစ်ပွားခဲ့တဲ့ ဝှေခါရွာ မြေပြိုမှုမှာ အရပ်သား ၂၀၀ အထိသေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၂၄ ဇွန်လအတွင်းမှာတော့ မှော်စီစာကျေးရွာမှာပဲ ကျောက်စိမ်းလုပ်ကွက်တစ်ခု မြေစာပြိုကျခဲ့လို့ ရေမဆေးသမားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ By – အမိုး

    Read More »
  • 11 November
    သတင်း

    နမ်ဘူယန်ကျေးရွာနီး စက်ယန္တရားကြီးနဲ့ရွှေတူးဖော်မှုစတင်လာတာကြောင့် ရွာနယ်မြေအထိရောက်လာမှာ ဒေသခံတွေစိုးရိမ်

    ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ကောင်းမှုလုံစေတီအနီး နမ်ဘူယန်ကျေးရွာမှာ ရွှေတူးဖော်ဖို့ ပြင်ဆင်နေတာကြောင့်ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကစပြီး ကောင်းမှုလုံစေတီတော်ကနေ ၁ ဖာလုံအကွာမှာရှိတဲ့ နမ်ဘူယန်(Nambu Yang) ကျေးရွာတဝိုက် လုပ်ငန်းရှင်တစ်ချို့ စက်ယန္တရားကြီးတွေနဲ့ဝင်ရောက်လာပြီး ရွှေတူးဖို့စတင်အကောင်ထည် ပြင်ဆင်နေတာလို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ကောင်းမှုလုံအနီး…

    Read More »
  • 11 November
    သတင်း

    အင်းတော်မှာတိုက်ပွဲဆက်ပြင်းထန်နေပြီး  ဂျပန်လှိုဏ်ဂူနေရာနဲ့ ဗျူဟာကုန်းတစ်ခုသာကျန်တယ်လို့ဆို

    စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြောပါတယ်။ အင်းတော်မြို့သိမ်းတိုက်ပွဲအဖြစ် နိုဝင်ဘာလ ၁ ရက်နေ့ကစ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ ကာကွယ်ရေးတပ် PDF အပါအဝင် ကျောင်းသားတပ်မတော် ABSDF ပူးပေါင်းအဖွဲ့ စစ်ဆင်ရေးဆောင်ရွက်နေတာဖြစ်ပြီး မြို့တွင်းရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ တပ်မ ၇၇ လက်အောက်ခံတပ်ဖွဲ့ အထိုင်ချထားတဲ့ (ဒေသအခေါ်) ဂျပန်လှိုဏ်ဂူနဲ့ ဗျူဟာကုန်းတစ်ခုသာကျန်တော့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ “အင်းတော်က ကချင်ပြည်နယ်ဝင်ပေါက်ကြီးလေ။ သူတို့ကလက်လွှတ်မှာမဟုတ် ဘူး။ ပြီးတော့သူက လမ်းဆုံလေ ထီးချိုင့်ရော၊ ကသာရော၊ ဗန်းမောက်ရော၊ ကချင်ပြည်နယ်ရော၊ ရွှေဘိုဘက်လည်းပြန်ဆင်းလို့ရတယ်။ အင်းတော်မြို့က ဗျူဟာတော်တော်ကျတယ်။ အင်းတော်တစ်မြို့ရရင် ဗန်းမောက်ရော၊ ကသာရော ရပြီလို့ပြောလို့ရတယ် လွယ်သွားတာပေါ့”လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောပါတယ်။ အင်းတော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက တိုက်ပွဲစတင်ဖြစ်ပွားနေတာဖြစ်ပြီး  အောက်တိုဘာလ ဒုတိယအပတ်မှာ တိုက်ပွဲငြိမ်သက်သွားခဲ့ပါတယ်။ ဒါပေမယ့်  နိုဝင်ဘာလ ၁ ရက်နေ့ တိုက်ပွဲတစ်ဖန် ပြန်စတင်လာပြီး ဒုတိယအကြိမ် မြို့သိမ်းတိုက်ပွဲအဖြစ်ဖော်ဆောင်နေကာ နှစ်ဖက်တပ်အကြား နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောပါတယ်။ တိုက်ပွဲ ၁၀ ရက်အတွင်း မြို့ရဲ့ ၆၀ ရာခိုင်နှုန်းခန့်ကို ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုကာ စစ်အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “ထိတွေ့မှုကတော့နေ့တိုင်းပေါ့ ဘယ်လိုပြောရမလဲ အပြန်အလှန် သေနတ်သံတွေ လက်နက်ကြီးသံတွေ ပစ်ခတ်တာရှိတာပေါ့ လုံးဝမရပ်ဘူး။ အသံကတော့နေ့တိုင်း ကြားနေရတယ်။”လို့ ပြောပါတယ်။ မြစ်ကြီးနား–ရွှေဘို လမ်းမကြီးပေါ်မှာရှိတဲ့ အင်းတော်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် အဲ့ဒီလမ်းပိုင်းကို KIA နဲ့ PDF တွေက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့ ကနေ အကန့်အသတ်မရှိပိတ်ဆို့လိုက်ပြီး မြို့ပတ်လမ်းကိုသာအသုံးပြုနေရပေမယ့် မြို့ပတ်လမ်းကိုလည်း စစ်တပ်ဘက်က နိုဝင်ဘာလ လဆန်းကနေ ပိတ်ထားတာလည်းဖြစ်ပါတယ်။ တစ်ဖက်မှာ တိုက်ပွဲကြောင့် အင်းတော်မြို့နယ်အတွင်းနေထိုင်တဲ့ဒေသခံအများစုဟာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက  စစ်ဘေးရှောင်နေရတဲ့ အင်းတော်မြို့ခံပြည်သူ၊  မြို့နဲ့ နီးတဲ့ကျေးရွာတွေထဲက စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့သိရပါတယ်။ By – အမိုး

    Read More »
  • 11 November
    သတင်း

    SNA တပ်သားသုံးဦး PDF ထိန်းချုပ်ထားတဲ့ရွာဘက် ဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေ၊ တစ်ဦးဖမ်းခံရ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ SNA တပ်သားသုံးဦး PDF တပ်ထိန်းချုပ်ထားတဲ့နယ်မြေထဲဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး SNA တစ်ဦးသေဆုံးကာ တစ်ဦးအရှင်ဖမ်းမိထားပြီး နောက်တစ်ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်အချိန် ရှမ်းနီအမျိုးသားများတပ်မတော် SNA  တပ်ထဲက တပ်သားသုံးဦး ဟုမ္မလင်းမြို့နယ် PDF တပ်ပေါင်းစုထိန်းချုပ်ထားတဲ့  နောင်ပိုအောင်ကျေးရွာ သဲနုတ်ဆွတ်ကျေးရွာ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်ရောက်လာရာကနေ ပစ်ခတ်မှုဖြစ်တာလို့ ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “SNA သုံးယောက်ကနယ်မြေကျူးကျော်လာတာ သဲနုတ်ဆွတ်က PDF တွေပိုင်နက်လေး အဲ့မှာလာစားသောက်ကြတာ PDF တွေသိသွားတော့ဝင်ပစ်တာ တစ်ယောက်ကပွဲချင်းပြီးတစ်ယောက်မိတယ် တစ်ယောက်ကထွက်ပြေးသွားတယ်”လို့ သူကပြောပါတယ်။ ပစ်ခတ်မှုအတွင်းသေဆုံးသွားတဲ့ SNA တပ်ဖွဲ့ဝင်ဟာ လက်ရှိ ဆပ်ကယားကျေးရွာမှာနေထိုင်တဲ့သဲနုတ်ဆွတ်ကျေးဇာတိဖြစ်ပြီး အသက် ၂၀ ကျော် အရွယ်ရှိ အမည်(စုံစမ်းဆဲ) ဖြစ်ပြီး ဖမ်းဆီးထားသူကိုလည်း  စစ်ဆေးနေတုန်းပဲလို့သိရပါတယ်။ နောင်ပိုအောင်ကျေးရွာနဲ့ ၅ မိုင်လောက်အကွာမှာရှိတဲ့ကျေးရွာချင်းဆက်နေတဲ့ ဆပ်ကယားကျေးရွာနဲ့ သဲနုတ်ဆွတ်ကျေးရွာဟာရွှေမှော်ဒေသတွေဖြစ်ပြီး လက်ရှိဆပ်ကယားကျေးရွာကို SNA ထိန်းချုပ်ထားသလို သဲနုတ်ဆွတ်ကျေးရွာကိုလည်း PDF တွေ ကထိန်းချုပ်ထားတာဖြစ်ပါတယ်။ “အဲ့နှစ်ရွာကနီးနီးလေးပဲ ဆပ်ကယားမှာက SNAနေတယ် သဲနုတ်ဆွတ်က pdfတွေနေတယ် နှစ်ရွာလုံးက ရွှေအရမ်းထွက်တာ နယ်မြေကျူးကျော်လာတော့ပစ်ကြ ခတ်ကြတာ”လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသမီးတစ်ဦးကဆက်ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ပိုင်း ဆပ်ကယားမှာထိုင်တဲ့ SNA တပ်ကနေ ညဘက်သဲနုတ်ဆွတ်ကျေးရွာဘက်ကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နောင်ပိုအောင်ကျေးရွာအလွန် ကချင်နဲ့စစ်ကိုင်းအစပ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ ဟုမ္မလင်းနယ်ထဲက သံယောဇဉ် ရွှေမော်အနီးမှာလည်း SNA နဲ့ PDF တို့ နိုဝင်ဘာလ လဆန်းကစပြီး တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေတာကြောင့် ကျေးရွာနေပြည်သူအများအပြားထွက်ပြေး တိမ်းရှောင်နေရတယ်လို့သိရပါတယ်။ By – Zaw Zaw

    Read More »
  • 11 November
    သတင်း

    မိုးမောက်စစ်မျက်နှာပြင် သုံးလကျော်ကြာမြင့်လာတဲ့အထိ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ်တွေ တင့်ကားကြီးတွေနဲ့ ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြန်ရဖို့ ဩဂုတ်လကစပြီး ဗန်းမော်မြို့ဘက်ကနေ တစ်ပတ် ၂ ကြိမ် တင့်ကားကြီးတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ဗန်းမောက်နဲ့ မိုးမောက်ကြားမှာရှိတဲ့ ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ နေ့တိုင်းလိုလို တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေ ပြောပါတယ်။ “တိုက်ပွဲက ပုံမှန်ဖြစ်နေတာ မနေ့ကဖြစ်တဲ့ တိုက်ပွဲက ၆ မိုင်အနီး စစ်တပ်ရဲ့ ထောက်ပို့လမ်း နောက်ကြောဘက်မှာ လမ်းပိတ်ဆို့ပြီး သွားရောက် တိုက်ခိုက်ခဲ့တယ်။ ပြောက်ကျားစနစ်နဲ့ သွားတိုက်တာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတယ်။ သေနတ် ၄၊ ၅ လက်နက်လည်း သိမ်းဆည်းနိုင်ခဲ့တယ်။ ပြောရရင် ၆ မိုင်၊ ၇ မိုင်နေရာမှာက နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတာပေါ့”လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦး KNG ကို ခုလိုပြောပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ မနေ့က ဗန်းမော်နဲ့ မိုးမောက်ကြား စစ်ကောင်စီတပ်တွေ နေရာယူထားတဲ့ ၆ မိုင်ရှိထောက်ပို့လမ်းနေရာကို KIA ပူးပေါင်းတပ်ဘက်က ပိတ်ဆို့ပြီး သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA တပ်တွေ သိမ်းပိုက်လိုက်ပြီး ၄ ရက်ခန့်အကြာမှာ စစ်ကောင်စီတပ်တွေက မိုးမောက်ကို ပြန်လည်ရရှိဖို့ တင့်ကားကြီးအသုံးပြုပြီး ဗန်းမော်မြို့ဘက်ကနေ ထိုးစစ်ဆင် တန်ပြန်တိုက်ခိုက်နေတာ ခုဆိုရင် သုံးလဝန်းကျင် ကြာမြင့်လာပြီဖြစ်ပါတယ်။ လက်ရှိ ဗန်းမော်နဲ့ မိုးမောက်ကြား ၆ မိုင်နဲ့ ၇ မိုင် အောင်မြေကျေးရွာ တစ်ကြောမှာ စစ်ကောင်စီတပ်က စစ်အင်အား ၄၀၀ ဝန်းကျင် စစ်အင်အားတိုးချဲ့ထားပြီး မိုးမောက်မြို့နယ်ဘက်ကို ထိုးတက်နိုင်ဖို့ရန်အတွက် တင့်ကားအပါ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာဖြစ်ပါတယ်။ တစ်ဖက်မှာ KIA တပ်တွေလည်း  မိုးမောက် ခမရ ၄၃၇ တပ်ရင်း သိမ်းပြီးနောက် စစ်အင်အားအလုံးအရင်းသုံးပြီး စစ်တပ်ရဲ့တန်ပြန်ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတွေကို လမ်းကြောင်း ပိတ်ဆို့ပြီး ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ လက်ရှိ ဗန်းမော်ဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ  ၇ မိုင်အထိ ထိုးတက်လာနိုင်ပြီးတော့ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ  တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ မိုးမောက်စစ်မျက်နှာပြင်ဘက် ထိုးစစ်ဆင်တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။ “တင့်ကားကြီးတွေနဲ့ ထိုးစစ်ဆင်နေတာက ကြာပြီး လေကြောင်းနဲ့ကော မြေပြင်နဲ့ပါ ထိုးဆင်နေတာ။ ပြီးရင် ဒရုန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ သူတို့ရဲ့ အခြေအနေက သူတို့လက်လွတ်လိုက်ရတဲ့ ခမရ ၄၃၇ တပ်ရင်းတွေကို ပြန်လည် ရရှိအောင် လုပ်ဆောင်နေတယ်လို့ မြင်ပါတယ်”လို့ပြောပါတယ်။ ဗန်းမော်နဲ့ မိုးမောက်ကြားမှာ ဖြစ်နေတဲ့တိုက်ပွဲဟာ စစ်ကောင်စီတပ်ဘက်က တပ်ဆုတ်သွားခြင်းမရှိတရွေ့  အချိန်ကာလ တစ်ခုကြာရှည်အထိ တိုက်ပွဲပိုမိုပြင်းထန်လာနိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ၆ မိုင်တစ်ဝိုက် ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတစ်ချို့ကိုလည်း KIA ဘက်က သိမ်းဆည်းနိုင်ခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။ ဗန်းမော်မြို့နဲ့ မိုင် ၄၀ အကွာမှာရှိတဲ့ မိုးမောက်မြို့…

    Read More »
  • 11 November
    သတင်း

    နောင်မွန်မြို့မှာ ခရမ်းချဥ်သီးတစ်လုံး ကျပ်တစ်ထောင်အထိ စံချိန်တင်စျေးမြင့်တက် 

    ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့ပေါ်မှာ ခရမ်းချဥ်သီးတစ်လုံး ကျပ် ၁၀၀၀ (တစ်ထောင်)ပေးဝယ်ရတဲ့အထိ စံချိန်တင်ကုန်စျေးနှုန်း မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့နဲ့ မိုင် ၆၀ ဝန်းကျင်သာဝေးတဲ့ နောင်မွန်မြို့မှာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှု၊စက်သုံးဆီစျေးမြင့်တက်မှုတွေကြောင့် တန်ဆာခ ဂျက်ဖာအသေးတစ်ဖာ ၅၀၀၀၀ (ငါးသောင်း) အထိ ပေးဆောင်ရတာကြောင့် နောင်မွန်မြို့ပေါ်မှာ အခြေခံစားသောက်ကုန်စျေးနှုန်း စံချိန်တင်မြင့်တက်နေတယ်လို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “တန်ဆာခအရမ်းစျေးကြီးလို့တဲ့ ကုန်စျေးနှုန်းကတော့ မကြုံစဖူးပဲ သဇင်မုန်းတစ်ထုပ်တောင် ၈၀၀၀ (ရှစ်ထောင်)ပေးပြီးဝယ်စားနေရတယ်။ ခရမ်းချဥ်သီးက တစ်လုံးကိုတစ်ထောင် နောက်ဆို တစ်လုံးနှစ်ထောင်တောင်ဖြစ်လာမလားပဲ”လို့ နောင်မွန်မြို့အမှတ် ၂ ရပ်ကွက်နေ အမျိုးသမီးတစ်ဦး ပြောပါတယ်။ လတ်တလော နောင်မွန်မြို့ပေါ်မှာ ခရမ်းချဥ်သီးတစ်ပိသာ ကျပ် ၃၅၀၀၀ (သုံးသောင်းငါးထောင်)၊ ကြက်သွန်ဖြူတစ်ပိသာ ကျပ် ၃၀၀၀၀ (သုံးသောင်း)၊ ကြက်သွန်နီတစ်ပိသာကျပ်၀ ၁၅၀၀၀ (တစ်သောင်းငါးထောင်) ၊ ကြက်ဥတစ်လုံးကျပ် ၁၀၀၀(တစ်ထောင်) ၊ ဆန်တစ်အိတ်ကျပ် ၂၇၀၀၀၀ (နှစ်သိန်း ခုနှစ်သောင်း) စသဖြင့် ပေးဝယ်နေရတယ်လို့ ဒေသခံတွေပြောပါတယ်။  နောင်မွန်းမြို့မှာ အခုလိုကုန်စျေးတွေအဆမတန်မြင့်တက်နေတာ ၅ လဝန်းကျင်ကြာမြင့်လာပြီး  ခုလို ကုန်စျေးနှုန်းမြင့်တက်နေတာဟာ မြစ်ကြီးနား– ပူတာအိုကနေ အဆင့်ဆင့်သယ်ယူနေရပြီး လမ်းခရီးပိုင်းကြန့်ကြာမှု၊ခက်ခဲမှု၊တန်ဆာခမြင့်တက်မှုတွေကြောင့် ဖြစ်တယ်လို့ နောင်မွန်းမြို့ခံ စျေးသည်တစ်ဦးက ပြောပါတယ်။ “နောင်မွန်းနဲ့ပူတာအိုက မိုင် ၆၀ ကျော်ပဲဝေးတာလေးလမ်းကောင်းရင် နေ့တဝက်ပဲ အခုကလမ်းမကောင်းတာတစ်ကြောင်း ဆီစျေးကြီးတာကတစ်ကြောင်း။ ပြီးတော့ လမ်းကခက်တော့ ကုန်ကားကြီးတွေလည်းမတက်လာနိုင် ကားသေးလေးတွေလည်းခက်ခက်ခဲခဲတက်လာနေရတော့ တန်ဆာခက ဂျက်ဖာသေးသေးလေးကိုတောင် ၅၀၀၀၀ (ငါးသောင်း) လောက်ပေးနေရတယ်။ အဲ့ဒါကြောင့်ရောင်းတဲ့လူလည်းစျေးတင်ရောင်းရတာ”လို့ စျေးသည်အမျိုးသမီးတစ်ဦးကပြောပါတယ်။ မြစ်ကြီးနား–ပူတာအိုလမ်းပိုင်း ပြီးခဲ့တဲ့ဇူလိုင်လ မိုးသည်းထန်စွာရွာပြီးနောက် လမ်းပိုင်းပျက်စီးပြီးနောက် ကားလမ်းပိုင်းရာနှုန်းပြည့်ပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် ကုန်ကားကြီးဝင်ခွင့်မရသေးဘဲ ကုန်ကားအသေးတွေနဲ့သာ သယ်ယူနေရပြီး  လမ်းပိုင်းအကောက်အခွန်များတာ၊ တန်ဆာခများတာတွေကြောင့် ပူတာအိုမြို့ပေါ်မှာလည်းကုန်စျေးအဆမတန်မြင့်တက်နေတယ်လို့ သိရပါတယ်။  အလားတူဘဲ ကချင်ပြည်နယ်ထဲကို အဓိက အခြေခံစားသောက်ကုန်ဝင်တဲ့လမ်းကြောင်းတွေဖြစ်တဲ့ မြစ်ကြီးနား– မန္တလေးလမ်းပိုင်းလည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့ နောက်ပိုင်း စစ်ရေးအခြေနေကြောင့် ပုံမှန်သွားလာလို့မရတဲ့အပြင် တရုတ်နယ်စပ်ကနေဝင်လာတဲ့လမ်းကြောင်းလည်း ပန်ဝါမြို့သိမ်းပြီးနောက် တရုတ်ဘက်က ချက်ချင်းပိတ်လိုက်တာကြောင့် ကချင်ပြည်နယ်ထဲမှာ အခြေခံစားသောက်ကုန်ဝင်ရောက်မှု အကန့်သတ်သာရှိနေတဲ့အတွက် မြို့တော်မြစ်ကြီးနားမှာလည်း ကုန်စျေးနှုန်းတွေ မြင့်တက်နေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် မြစ်ကြီးနားကနေ အဆင့်ဆင့်သယ်ယူနေရတဲ့ ပူတာအို၊နောင်မွန်မြို့တွေမှာ အခြေခံစားသောက်ကုန်တွေဟာ စံချိန်တင်စျေးမြင့်တက်လာတာလည်းဖြစ်ပါတယ်။ By- Zaw Zaw

    Read More »
  • 11 November
    သတင်း

    TNLA ဖမ်းဆီးထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင်ကို အမြန်ဆုံးလွတ်ပေးဖို့ ဒေသခံပြည်သူ ၄၀၀ ကျော်တောင်းဆို 

    ရှမ်းမြောက် နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်ကို အမြန်ဆုံးလွတ်ပေးဖို့ ဒေသခံပြည်သူ ၄၀၀ ကျော်လက်မှတ်ရေးထိုးပြီး  PSLF/TNLA ဗဟိုဌာနချုပ်ကိုတောင်းဆိုထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နမ္မတူမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဝင်းလှိုင် ( ခ) ဦးမဲတူကို  TNLA ဘက်က မေးမြန်းစရာရှိတယ်လို့ဆိုကာ  စက်တင်ဘာလ ၂ ရက်နေ့ နေအိမ်ကနေ ဖမ်းဆီးသွားတာ ခုဆို ၂ လကျော်ကြာမြင့်လာပေမယ့် ပြန်လည်လွတ်ပေးခြင်းမရှိသေးတာကြောင့် အောက်တိုဘာလ ၃၁ ရက်နေ့ ဒေသခံပြည်သူ ၄၃၀ ဦးလက်မှတ်ရေးထိုးပြီး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်ဆီ စာပို့တောင်းဆိုထားတယ်လို့ ဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။  “စာတင်ပြီးတောင်းဆိုတာ ဒီဟာပထမအကြိမ် ဟုတ်တယ်။ ရှေ့တစ်ခေါက်တွေမှာ ဒေသခံတွေ TNLA နဲ့ အကြိမ်ကြိမ်သွားရောက်တွေ့ဆုံစကားပြောပြီးပြီ။ ဒါပေမဲ့ TNLA မြို့နယ်မှူးဘက်ကမတွေ့ချင် မပြောချင်တဲ့အနေအထားဖြစ်တယ်။ ဒေသခံတွေဘက်ကလည်း ဘယ်လိုကြိုးစားကြိုးစားမရတာနဲ့ ဒီလိုစာထုတ်ပြီး စာတင်ပြီး တောင်းဆိုဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်”လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။   TNLA ဖမ်းဆီးထိန်းသိမ်းထားတဲ့ လွတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင် ( ခ ) ဦးမဲတူဟာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ဘော်တွင်းဒေသခံဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြိီး ဆက်တိုက်အနိုင်ရထားသူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက် နမ္မတူမြို့နယ် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးဏ္ဍတွေမှာလည်း ဦးဆောင်ကာကြိုးပမ်းဆောင်ရွက်နေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ နမ္မတူဒေသခံတွေ ပြေဆိုချက်အရ  TNLA ဘက်ကနေ လွတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင် ( ခ ) ဦးမဲတူကို ဖမ်းဆီးရတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီး  ဒီနေ့ထိ တိတိကျကျပြောဆိုခြင်းမရှိသေးတဲ့အပြင် ခုလိုအချိန်အကြာကြီးဖမ်းဆီးတာတွေ မလုပ်သင့်ဘူးလို့ နမ္မတူမြို့မှာနေထိုင်တဲ့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “အစက ဖမ်းဆီးခံရချိန်မှာတော့ အော် သူတို့ခနလေးပြောစရာရှိတယ်ဆိုပြီး ခေါ်သွားတာကြောင့် ခနလေးနဲ့ ပြန်လွှတ်မယ်လို့ ထင်နေတာ။ တစ်ပတ်နှစ်ပတ်လောက် သူတို့မေးမြန်းပြီးရင်တော့ လွှတ်မယ်ထင်နေတာ။ ဒါပေမဲ့ သူတို့က အခုထိ မလွှတ်ပေးတာပေါ့။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လုပ်ငန်းလုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်တယ်။ ဘာကြောင့် ပြစ်ချက်မရှိတဲ့သူကို ဖမ်းဆီးထားရတာလဲပေါ့” လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်နေကျ ဖုန်းနံပါတ်နဲ့ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။  နမ္မတူမြို့ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင် ( ခ ) ဦးမဲတူဟာ နမ္မတူမြို့နယ်ထဲ တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC)  ကျောင်းဖွင့်ဖို့စတင်လာချိန် ကန့်ကွက်မှုတစ်ချို့လည်းရှိခဲ့တဲ့အတွက် TNLA ဘက်က ဖမ်းဆီးတာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။  တအာင်းတပ် PSLF/ TNLA ဟာ နမ္မတူဒေသကို သိမ်းပိုက်ပြီးနောက် KIA တပ်ဖွဲ့ကိုလည်း ဝင်ခွင့်မပေးသလို NUG အစိုးရအောက် သက်ဆိုင်သူတွေကိုလည်း ဒေသတွင်းအုပ်ချုပ်ရေးနဲ့ ရပ်ကျေးဆိုင်ရာလုပ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခွင့်မပေးပဲ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့  ဌာနဆိုင်ရာဝန်ထမ်းတွေကိုတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ ခန့်အပ်တာတွေရှိနေတယ်လို့ ဒေသခံတွေပြောပါတယ်။…

    Read More »
Back to top button