SNA တပ်သားသုံးဦး PDF ထိန်းချုပ်ထားတဲ့ရွာဘက် ဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေ၊ တစ်ဦးဖမ်းခံရ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ SNA တပ်သားသုံးဦး PDF တပ်ထိန်းချုပ်ထားတဲ့နယ်မြေထဲဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး SNA တစ်ဦးသေဆုံးကာ တစ်ဦးအရှင်ဖမ်းမိထားပြီး နောက်တစ်ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်အချိန် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ထဲက တပ်သားသုံးဦး ဟုမ္မလင်းမြို့နယ် PDF တပ်ပေါင်းစုထိန်းချုပ်ထားတဲ့ နောင်ပိုအောင်ကျေးရွာ သဲနုတ်ဆွတ်ကျေးရွာ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်ရောက်လာရာကနေ ပစ်ခတ်မှုဖြစ်တာလို့ ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။
“SNA သုံးယောက်ကနယ်မြေကျူးကျော်လာတာ သဲနုတ်ဆွတ်က PDF တွေပိုင်နက်လေး အဲ့မှာလာစားသောက်ကြတာ PDF တွေသိသွားတော့ဝင်ပစ်တာ တစ်ယောက်ကပွဲချင်းပြီးတစ်ယောက်မိတယ် တစ်ယောက်ကထွက်ပြေးသွားတယ်”လို့ သူကပြောပါတယ်။
ပစ်ခတ်မှုအတွင်းသေဆုံးသွားတဲ့ SNA တပ်ဖွဲ့ဝင်ဟာ လက်ရှိ ဆပ်ကယားကျေးရွာမှာနေထိုင်တဲ့သဲနုတ်ဆွတ်ကျေးဇာတိဖြစ်ပြီး အသက် ၂၀ ကျော် အရွယ်ရှိ အမည်(စုံစမ်းဆဲ) ဖြစ်ပြီး ဖမ်းဆီးထားသူကိုလည်း စစ်ဆေးနေတုန်းပဲလို့သိရပါတယ်။
နောင်ပိုအောင်ကျေးရွာနဲ့ ၅ မိုင်လောက်အကွာမှာရှိတဲ့ကျေးရွာချင်းဆက်နေတဲ့ ဆပ်ကယားကျေးရွာနဲ့ သဲနုတ်ဆွတ်ကျေးရွာဟာရွှေမှော်ဒေသတွေဖြစ်ပြီး လက်ရှိဆပ်ကယားကျေးရွာကို SNA ထိန်းချုပ်ထားသလို သဲနုတ်ဆွတ်ကျေးရွာကိုလည်း PDF တွေ ကထိန်းချုပ်ထားတာဖြစ်ပါတယ်။
“အဲ့နှစ်ရွာကနီးနီးလေးပဲ ဆပ်ကယားမှာက SNAနေတယ် သဲနုတ်ဆွတ်က pdfတွေနေတယ် နှစ်ရွာလုံးက ရွှေအရမ်းထွက်တာ နယ်မြေကျူးကျော်လာတော့ပစ်ကြ ခတ်ကြတာ”လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသမီးတစ်ဦးကဆက်ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ပိုင်း ဆပ်ကယားမှာထိုင်တဲ့ SNA တပ်ကနေ ညဘက်သဲနုတ်ဆွတ်ကျေးရွာဘက်ကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် နောင်ပိုအောင်ကျေးရွာအလွန် ကချင်နဲ့စစ်ကိုင်းအစပ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ ဟုမ္မလင်းနယ်ထဲက သံယောဇဉ် ရွှေမော်အနီးမှာလည်း SNA နဲ့ PDF တို့ နိုဝင်ဘာလ လဆန်းကစပြီး တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေတာကြောင့် ကျေးရွာနေပြည်သူအများအပြားထွက်ပြေး တိမ်းရှောင်နေရတယ်လို့သိရပါတယ်။
By – Zaw Zaw