မြစ်ကြီးနား-ကန်ပိုက်တည်လမ်းပိုင်း အကန့်အသတ်ဖြင့်ပြန်ဖွင့်
ကချင်ပြည်နယ် မြစ်ကြီးနား– ကန်ပိုက်တည်လမ်းပိုင်းပြန်ဖွင့်ပေမယ့် ကန့်သတ်ချက်တွေရှိနေသေးတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။
စစ်ရေးအခြေနေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လကနေ အောက်တိုဘာလ ၁၉ ရက်နေ့ထိ ပိတ်ထားတဲ့ မြစ်ကြီးနား–ကန်ပိုက်တည်လမ်းပိုင်းကို စစ်တပ်ဘက်က နိုဝင်ဘာလ ၆ ရက်နေ့ ပြန်ဖွင့်ပေးလိုက်ပြီလို့ ကံပိုက်တည်ဒေသခံတွေပြောပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်ဘက်က ခရီးသည်သွားလာခွင့်၊ စက်သုံးဆီကားကြီးဖြတ်ခွင့်မပြုဘဲ ကန့်သတ်ထားတယ်လို့ မြစ်ကြီးနား– ကံပိုက်တည် ကားသမားတစ်ဦး KNG ကို ပြောပါတယ်။
“ကန်ပိုက်တည်ကပြန်ဖွင့်ပေမယ့် လူမရပါဘူးကွာ ကားပေါ်မှာ ကားသမားနဲ့စပယ်ယာပဲ လူနှစ်ယောက်ထက်ပိုမပါရဘူး ခရီးသည်ပါရင် ဗလမင်းထင်နဲ့ ဝိုင်းမော်ကနေလှည့်ပြန်ခိုင်းတယ်”လို့ အသက် ၃၀ ကျော်အရွယ် ကားသမားအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြစ်ကြီးနား–ဝိုင်းမော်ကိုဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားမှာ စစ်ဆေးမေးမြန်းနေပြီး ကံပိုက်တည်ဘက်တက်တဲ့ခရီးတင်ကားတွေ ခရီးသည်တင်ခွင့်ကန့်သတ်နေတာလို့ သိရပါတယ်။
ဒါ့အပြင် ကံပိုက်တည်မြို့မှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေဟာ ကံပိုက်တည်ကနေထွက်ခွာမယ့် ခရီးသည်နဲ့စက်သုံးဆီတင်ကား၊ ကုန်ကားကြီးတွေကိုလည်းတားမြစ်ထားပြီး လူသုံးကုန်ပစ္စည်းတစ်ချို့ကို ကားအသေးနဲ့တင်ခွင့်ပြုနေတယ်လို့လည်း နောက်ထပ်ကားသမားတစ်ဦး ခုလိုဆက်ပြောပါတယ်။
“အခုက ဘယ်လိုကားတွေသွားလဲဆိုတော့ ကားသေးလေးတွေပါ Alphard တို့လိုကားတွေသွားတယ် ဆပ်ပြာမုန့်တို့၊ သွားတိုက်ဆေး၊ ဆပ်ပြာတို့ အချိုရှည်တို့လောက်ပဲတင်ခိုင်းတာ လူသုံးကုန်လောက်ပဲ ဒါတောင်ကားကြီးနဲ့မရဘူး”လို့ ပြောပါတယ်။
မြစ်ကြီးနား– ကန်ပိုက်တည်လမ်းပိုင်းပြန်ဖွင့်ပေးလိုက်တဲ့အတွက် မြစ်ကြီးနားမှာ တရုတ်ဘက်ကဝင်တဲ့ လူသုံးကုန်ပစ္စည်းအနည်းငယ်စျေးပြန်ကျလာတယ်လို့ မြစ်ကြီးနားဒေသခံတွေပြောပါတယ်။
သို့သော် စက်သုံးဆီကန့်သတ်ထားတာကြောင့် လက်ရှိမြစ်ကြီးနားမြို့မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၉၀၀၀ (ကိုးထောင်) နဲ့၁၀၀၀၀ (တစ်သောင်း) ကြားမှာရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ကထိန်းချုပ်ထားဆဲဖြစ်တဲ့ ကန်ပိုက်တည်ဂိတ် လက်ရှိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဦးဇခုန်တိန့်ယိန့် နယ်ခြားစောင့်တပ်ဖွဲ့အများအပြား တပ်ထိုင်ထားတယ်လို့ သိရပါတယ်။
မြန်မာ–တရုတ်နယ်နိမိတ်ချင်းဆက်မှာရှိနေတဲ့ ကချင်အထူးဒေသ (၁) ရဲ့မြို့တော်ပန်ဝါမြို့ကို KIAနဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နယ်စပ်ဂိတ်အားလုံးကို တရုတ်ဘက်က ရုတ်တရက်ပိတ်လိုက်ပေမယ့် ကန်ပိုက်တည်ဂိတ်တစ်ခုသာ ဖွင့်ပေးထားတာလည်းဖြစ်ပါတယ်။
By – Zaw Zaw