တိုက်ပွဲ
-
Sep- 2024 -23 September
Lucky Man ဟိုတယ်မှာ စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ရှိနေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြော
ဖားကန့် မြို့နယ် ဆိုင်းတောင်ကျေးရွာ Lucky Men ဟိုတယ်တွင်း စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင် ဒီနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ ထိရှိနေသေးတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဆိုင်းတောင်ကျေးရွာ ရပ်ကွက် ၄ မှာရှိတဲ့ Lucky Man ဟိုတယ်ကနေ ဒီနေ့ထိထွက်ခွာသွားခြင်းမရှိဘဲ ဆက်ရှိနေသေးတဲ့အတွက် KIA ပူပေါင်းတပ်ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်တယ်လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “Lucky Man ဟိုတယ်ထဲမှာရှိနေတဲ့ အင်အား ၅၀ လောက်က အခုချိန်အထိ မထွက်လာသေးဘူး။ အဲဒါကြောင့် KIA ပူပေါင်းတပ်တွေကလည်း လမ်းကြောင်းအားလုံးကို ပိတ်ထားတယ်။ စစ်တပ်ဘက်ကလည်း အဲဒီစစ်ကြောင်းတွေကို ကယ်ထုတ်ဖို့ရန်အတွက် စစ်တပ်ကုန်းကနေ လက်နက်ကြီးတွေလှမ်းထုတယ်။ ပြီးရင် လက်နက်ကြီးတွေနဲ့ နေ့တိုင်းလာပစ်တယ်။ အဲကြောင့် ဒေသခံပြည်သူတွေရဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီးသွားတယ်။ ဖားကန့်မြို့တစ်ခုလုံးမှာရှိတဲ့ ပြည်သူတွေလည်း ကြောက်လန့်ပြီးတော့ စစ်ရှောင်နေကြတယ်”လို့ပြောပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့ ဒီနေ့အထိ နှစ်ဖက်လက်နက်ကိုင်အဖွဲ့အချင်းချင်း လမ်းကြောင်းအပြန်အလှန်ပိတ်ဆို့ထားသလို ဖားကန့် ဗျူစစ်တပ်ကုန်းကနေ တိုက်ပွဲဖြစ်တဲ့ ဆိုင်းတောင်ရွာဘက်ကို လက်နက်ကြီးတွေ အဆက်မပြတ်ယမ်းသမ်းပစ်ခတ်နေတာကြောင့် တိုက်ပွဲပိုပြင်းထန်နေတာလို့ ဒေသခံတွေပြောပါတယ်။ အလားတူ KIA ပူးပေါင်းတပ်ဘက်ကလည်း ဗျူဟာကုန်းဘက်ကို တန်ပြန်ပစ်ခတ်တာတွေလုပ်နေပြီး စစ်ကောင်စီဘက်ကနေ တစ်ရက်ကို ၂ ကြိမ်နှုန်း လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လူနေအိမ် မီးလောင်ပျက်စီးတာတွေ ဆက်လက်ရှိနေတယ်လို့လည်း သိရပါတယ်။ ဖားကန့် ဆိုင်းတောင်တိုက်ပွဲဟာ တစ်ရက်ပြီးတစ်ရက် ပိုမိုပြင်းထန်လာတဲ့အတွက် ဖားကန့်မြို့တွင်းကုန်စုံဆိုင်ရောင်းဝယ်တဲ့ လုပ်ငန်းရှင်တွေ၊ ကျောက်စိမ်းလုပ်ငန်းရှင်တစ်ချို့တွေ လုပ်ငန်းတွေ ရပ်တန့်ထားပြီး စွန့်ခွာတဲ့ သူတွေများပြားလာတယ်လို့ သိရပါတယ်။ လက်ရှိ ဖားကန့်တိုက်ပွဲနဲ့ ပတ်သက်ပြီး ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက အခုလို ဆက်ပြောပါတယ်။ “ဆိုင်းတောင်တိုက်ပွဲသတင်းက မနေ့ည အထိ ပြင်းပြင်းထန်ထန်ပစ်ခတ်နေကြတုန်းပါပဲ။ အခုအဓိက တိုက်ပွဲဲဖြစ်နေတဲ့ နေရာက Lucky Man Hotel နဲ့ ယူမာကျောက်မျက်ရုံး ၊ အနောက်ဖက်ခြမ်း ဥရုချောင်းနဲ့ ဂွေခါ ချောင်းဆုံအနီးတဝိုက်မှာပဲ တိုက်ပွဲက ဆက်ဖြစ်နေတာ”လို့ပြောပါတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့မှာလည်း ယူမာကျေးရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA တပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က တစ်ပြိုင်နက် ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဆိုင်းတောင်တိုက်ပွဲဟာ စက်တင်ဘာလ ၇ ရက်နေ့ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကာလကြာမြင့်လာတာနဲ့အတူ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများလာသလို ဆိုင်းတောင်ကျေးရွာအပါ ထိစပ်တဲ့ ကျေးရွာအသီးသီးက ဒေသခံပြည်သူ ၅ ထောင်ဝန်းကျင်ခန့်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ရက်ပေါင်း ၂၀ ကျော်အတွင်း စစ်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပြင် လက်နက်ကြီးနဲ့အပြန်အလှန်ပစ်ခတ်တာတွေကြောင့် လူနေအိမ် ၅၀၀ ခန့် မီးလောင်းပျက်စီးမှုရှိနိုင်တယ်လို့ ဖားကန့် ဒေသခံ လူမှုကူညီရေးအဖွဲ့တွေကပြောပါတယ်။…
Read More » -
13 September
KIA ပူးပေါင်းတပ်သိမ်းထားတဲ့ စင်းခန်းရွာဘက်ကို စစ်တပ်က လေကြောင်းအကူနဲ့မြေပြင်စစ်ကြောင်းထိုးနေ
“တိုက်ပွဲတော့ အဲလောက်မဖြစ်ဘူး သူတို့က ရွှေကူကနေ စစ်ကြောင်းထိုးလာတာ လေယာဉ်နဲ့ပစ်ပြီး စစ်ကြောင်းဆက်တိုက်ထိုးလာနေတယ်။ ကျနော်တို့ ဆုတ်ပေးရမယ့်အခြေနေဖြစ်နေတယ် ”လို့ ပြောပါတယ်။
Read More » -
12 September
ဆိုင်းတောင်ရွာကို စစ်တပ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူနေအိမ်အများအပြား မီးလောင်ပျက်စီး
စက်တင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်လောက် ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲဖြစ်နေတဲ့ Lucky Man Hotel ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေကိုလည်း ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
Read More » -
11 September
ပန်ဝါ တိုက်ပွဲ ၅ ရက်ခန့် ကြာမြင့်လာ
ပန်ဝါဒေသ လဂွေကျေးရွာမှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလဆန်းပိုင်းအတွင်းမှာပဲ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းနေထိုင်တဲ့ တပ်စခန်းတစ်ခုကို KIA တပ်သိမ်းပိုက်လိုက်ပြီးနောက် ပန်ဝါဒေသမှာ စစ်ရေးတင်းမာနေတာ တစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ လဂွေပြည်သူ့စခန်း လက်လွတ်လိုက်ရတဲ့နောက်…
Read More » -
10 September
အင်းတော်မြို့ နေအိမ်တစ်ချို့ကို စစ်တပ်ကမီးရှို့ဖျက်ဆီး
စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့ရဲ့ မြို့ပေါ်ရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်ချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ အရပ်သားနေအိမ်တွေကို စက်တင်ဘာလ ၉ ရက်နေ့ကစတင်ပြီး မီးရှို့ဖျက်ဆီးနေတာလို့သိရပြီး မြို့သိမ်းတိုက်ပွဲလည်းပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဘက်က နယ်မြေရှင်းလင်းတဲ့ပုံစံ နဲ့ မီးရှို့ဖျက်ဆီးတာတွေလုပ်နေတာလို့ ရှေ့တန်းရောက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။ “တိုက်ပွဲကဖြစ်နေဆဲ ရန်သူဘက်ကအင်းတော်ကိုမီးရှို့လိုက်တယ်။ ကာကွယ်ရေးတပ်တွေ အကာအကွယ်ယူ မယ့်နေရာ လမ်းကြောင်းတွေကိုရှင်းအောင်မီးရှို့လိုက်တဲ့သဘောဟုတ်တယ်။”လို့ ပြောပါတယ်။ မြို့သိမ်းတိုက်ပွဲစတင်ဖြစ်ပွားတဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက မြို့တွင်းနေအိမ်တစ်ချို့ကို စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့ပေမဲ့ ဒီကနေ့ရိုက်မိတဲ့ဒရုန်းမှတ်တမ်းတွေအရဆိုရင် နေအိမ်အတော် များများမီးလောင်ဖျက်ဆီးခံထားရတာကိုတွေ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ တစ်ဖက်မှာ အင်းတော်မြို့ပေါ်ကို တော်လှန်ရေးအင်အားစုဘက်ကရော စစ်ကောင်စီဘက်ကပါ မည်သူမျှ ထိန်းချုပ်ထားနိုင်ခြင်းမရှိပဲ နှစ်ဖက်တပ်လုံးမြို့တွင်းစစ်ရေးလှုပ်ရှားတာတွေရှိတဲ့အတွက် နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ စာရင်းအချက်လက် အသေးစိတ်သိရဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။ “စစ်တပ်ဘက်ကလည်း မြို့ပေါ်ကိုထိန်းချုပ်ပြီးစစ်ကြောင်းထိုးနိုင်တဲ့အနေအထားမဟုတ်တော့ဘူး။ နှစ်ဖက်လုံး နေရာယူထားကြတာ။ သူတို့အထိုင်ချထားတဲ့နေရာဝန်းကျင်တော့သူတို့ထိန်းချုပ်နိုင်တာပေါ့။” လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်ဟာ အင်းတော်မြို့နယ်ထဲက ဒေသအခေါ် ဂျပန်လှိုဏ်ဂူမှာအထိုင်ချတပ်စွဲ ထားပြီး အဲ့ဒီနေရာကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာတွေလုပ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကပြောပါတယ်။ မီးရှို့ခံနေရတဲ့ အင်းတော်မြို့ပေါ်ရပ်ကွက်တွေဟာလည်း စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန် ဂျပန် လှိုဏ်ဂူနေရာနဲ့ ကပ်လျှက်အနီးတစ်ဝှိုက်မှာရှိတဲ့ရပ်ကွက်တွေဖြစ်တယ်လို့ သိရပြီး ဂျပန်လှိုဏ်ဂူတပ်စခန်းမှာ တပ်မ ၇၇ လက်အောက်ခံတပ်ရင်း အထိုင်ချထားပြီး မြို့တွင်းတပ်ဖြန့်ပြီးစစ်ရေးလှုပ်ရှားလျှက်ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား အင်းတော်မြို့နယ်ထဲမှာ မကြာခဏ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း စစ်ရေးအရအရေးပါတဲ့ အင်းတော်မြို့ကို လက်မလွှတ်ရရေး အစွမ်းကုန်ခုခံနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ အင်းတော်မြို့နယ်ဟာ မြစ်ကြီးနား–ရွှေဘိုလမ်းမကြီးပေါ်မှာတည်ရှိတာဖြစ်ပြီး ကချင်ပြည်နယ်အတွက်အဓိကဝင်ပေါက်မြို့ဖြစ်သလို နှစ်ဖက်တပ်တွေအတွက် စစ်ရေးအရအရေးပါတဲ့မြို့ တစ်မြို့ ဖြစ်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကဆိုကြပါတယ်။ By – အမိုး
Read More » -
10 September
ပင်လည်ဘူးလက်မလွှတ်ရရေး စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်နေ
စစ်ကိုင်းနဲ့ကချင်အစပ် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းရောမြေပြင်ကနေလူအင်အားထပ်မံဖြည့်တင်းထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့ နဲ့ ၉ ရက်နေ့တို့မှာ ဝန်းသိုမြို့နယ်ဘက်ကနေ မြေပြင်စစ်ကြောင်းထိုးပြီးတက်လာပေမယ့် မြေပြင်စစ်ကြောင်းထိုးမရလို့ လေကြောင်းအသုံးပြုပြီး စစ်အင်အားထပ်ဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။ “ပင်လည်ဘူးမြို့ကမသိမ်းနိုင်သေးပါဘူးဗျ။ စစ်ကောင်စီဘက်က လေကြောင်းကနေ Mi 17 ၄ စင်းနဲ့ စစ်ကူ ထပ်ဖြည့်လို့တိုက်နေရတုန်းပါ။ ဝန်းသိုကလာတဲ့စစ်ကြောင်း မြေပြင်ကတိုးမရလို့ ဝေဟင်က ထိုးလာတာ”လို့ ပင်လည်ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ပင်လည်ဘူးမြို့နယ်ရဲ့နေရာအတော်များများကို KIA နဲ့ပူးပေါင်းအဖွဲ့ဘက်ကထိန်းချုပ်ထားပြီဖြစ်ပြီး စစ်ကောင်စီက မြို့တွင်းရဲစခန်းတွင်အဓိကနေရာယူပြီးခုခံနေတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြော ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကတည်းက စစ်ကိုင်းနဲ့ကချင်အစပ်ကမြို့တွေကို KIA အပါအဝင် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF ၊ NUG လက်အောက်ခံ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက မြို့သိမ်းတိုက်ပွဲအဖြစ်ဆောင်ရွက်နေတာဖြစ်ပြီး ပင်လည်ဘူးမြို့နယ်လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ စစ်ကိုင်းနဲ့ကချင်အစပ်က တိုက်ပွဲအခြေနေနဲ့ပတ်သက်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ပြောတာက “ကချင်နဲ့စစ်ကိုင်းအစပ်ဘက်ကတော့ ကျနော်တို့ KIO အနေနဲ့ကူညီနေတဲ့သဘောမျိုးပဲဖြစ်ပါတယ်။ တာဝန်ယူပြီးထိုးစစ်ဆင်နွှဲနေတာကတော့ NUG ရဲ့ အမှတ် ၁ စစ်ဒေသဘက်က စစ်ဦးစီးမှုူးတွေပဲဖြစ်တော့ အသေးစိတ်တော့မသိရဘူး”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကတော့ ပင်လည်ဘူးမြို့နယ်ထဲက လေကြောင်းနဲ့လာပို့ထားတဲ့ အင်အား ၈၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခု ကာကွယ်ရေးတပ်ဆီ လက်နက်ချအညံ့ခံခဲ့ပါသေးတယ်။ ဒါ့အပြင် ပင်လည်ဘူးမြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်အကြား နှစ်စဉ်နှစ်တိုင်းတိုက်ပွဲပြင်းထန်နေတဲ့မြို့ဖြစပြီး ဒေသခံပြည်သူတွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ခဲ့တဲ့ မြို့ပေါ်တိုက်ပွဲတွေကြောင့် ဘေးလွှတ်ရာကို ထွက်ပြေးခဲ့ရာကနေ ဒီနေ့ထိ ပြန်မလာတဲ့သူတွေများတယ်လို့ ဆိုပါတယ်။ ပင်လည်ဘူးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ တပ်ခစန်းတွေကို KIA နဲ့ ကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ တိုက်ခိုက်ခဲ့ပေမယ့် မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်တာတော့ မရှိခဲ့ပါဘူး။ ဒါကြောင့် KIA/KPDF ပူးပေါင်းတပ်တွေဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာတစ်ကြိမ်တိုက်ပွဲထိုးစစ်ဆင်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီတစ်ကြိမ်ဟာ ဒီနှစ်အတွင်း ဒုတိယအကြိမ်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ By –…
Read More » -
7 September
ဖားကန့် ဆိုင်းတောင်ရွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ် တိုက်ပွဲဖြစ်နေ
ဖားကန့်မြို့ ဆိုင်းတောင်ရွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်နေတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်း ၁ နာရီဝန်းကျင် စစ်ကောင်စီတပ်ဘက်က ဆိုင်းတောင်ရွာထဲကို စစ်ကြောင်း ၃ ကြောင်းနဲ့ Luky Man Hotel နဲ့ KTV မှာရှိနေတဲ့ KIA၊ KPDF တပ်ဖွဲ့တစ်ချို့ကို ဝင်စီးနင်းရာကနေ အပြန်လှန်ပစ်ခတ်မှုစတင်ခဲ့ပြီး ညနေ ၅ နာရီနောက်ပိုင်း တိုက်ပွဲပိုပြင်းထန်လာတယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ “ဒီမနက် ၁ နာရီကျော်ကတည်းက ဖြစ်နေတာ KIVနဲ့ Hotel မှာရှိတဲ့ တော်လှန်ရေးအဖွဲ့တစ်ချို့ကို စစ်တပ်က ဝင်ဖမ်းတာလို့ပြောတယ်။ စစ်ကြောင်းက ၃ ကြောင်း Luky man ထဲဝင်တာတစ်ဖွဲ့၊ Luky man ဆိုင်နားက တံတားမှာလုံခြုံရေးယူပေးတာ တစ်ဖွဲ့၊ Luky man နောက်ဖက် ကျောက်သွေးတောင်ဘက်ကို လုံခြုံယူပေးတာတစ်ဖွဲ့ ဝင်လာတာ။ အဲဒါကို KIA ပူးပေါင်းတပ်က ရွာအပြင်ကနေ ထပ်ဝိုင်းထားတော့ တစ်နေကုန်ပစ်လိုက် နားလိုက်နဲ့ ညနေပိုင်းကနေ တောက်လျှောက်ဖြစ်နေပြီ”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကြောင်းတစ်ကြောင်းကို အင်အား ၂၀ ဝန်းကျင်ရှိပြီး Luky man Hotel ထဲဝင်ရောက်စီးနှင်းချိန် တံတားမှာစောင့်နေတဲ့အဖွဲ့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ကျောက်သွေးတောင်ဘက် စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ်တို့အကြား တစ်နေ့လုံး စစ်ရေးတင်းမာနေခဲ့တာလို့ ဆိုပါတယ်။ စက်တင်ဘာလ ၆ နာရီ နောက်ဆုံးသိရှိရတဲ့အချက်လက်အရ ဆိုင်းတောင်ရွာက ပြည်သူတွေဟာ မနက်ပိုင်းကနေ ထွက်ပြေးသွားနိုင်တဲ့သူတွေရှိပေမယ့် အများပိုင်းရွာထဲကျန်နေသေးတယ်လို့ ဖားကန့်ပြည်သူတွေက ပြောပါတယ်။ “တစ်နေကုန် နှစ်ဖက်စောင့်ကြည့်အနေထားမှာရှိနေတာလို့ သိရတယ် ပစ်လိုက်နားလိုက်နဲ့ အထဲဝင်သွားတဲ့ စစ်ကြောင်းကလည်း ပြန်မထွက်နိုင်တော့ဘူး ပြည်သူတွေက တံခါးပိတ်ပြီးနေနေကြတယ်လို့ နောက်ဆုံးသိထားရတယ်။ပြေးတဲ့သူကလည်း တစ်ချို့ပြေးကြပြီ နေ့လည်ကတည်းက” လို့ ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် လက်ရှိ ရွာအထဲ ဝင်ရောက်တဲ့ စစ်ကောင်စီတပ်တွေထွက်လို့မရအောင် KIA ပူးပေါင်းတပ်က ပိတ်ဆို့ပစ်ခတ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ ဖားကန့် လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေရာကနေ ဩဂုတ်လနောက်ဆုံးအပတ်မှာ စစ်ရေးစတင်လှုပ်ရှားလာပြီး စက်တင်ဘာလ ၄ ရက်နေ့မှာတော့ မရှီကထောင်ဘက်ကို စစ်ရေးစတင်လှုပ်ရှားလာတာဘဲဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစ မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။‘ By – Zami
Read More » -
6 September
ပင်လည်ဘူးတိုက်ပွဲမှာ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကြောင်း လက်နက်ချအညံ့ခံ
စစ်ကိုင်းတိုင်း ပင်လည်ဘူးတိုက်ပွဲမှာ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကောင်စိီ စစ်ကြောင်းတစ်ကြောင်း ကာကွယ်ရေးတပ်ဘက်ကို လက်နက်ချအညံ့ခံလာတယ်လို့ ပင်လည်ဘူးကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ကနေ တစ်ကျော့ပြန်စတင်လာတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဟာ စက်တင်ဘာလ ၆ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို စက်တင်ဘာလ ၅ ရက်နေ့မှာတော့ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကြောင်း လက်နက်ချအညံ့ခံလိုက်တာဖြစ်တယ်လို့ ပင်လည်ဘူးကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦး KNG ကိုပြောပါတယ်။ “ဖမ်းမိတာမဟုတ်ပါဘူး အလင်းဝင်တာလို့ပဲသုံးရမယ် စက်တင်ဘာ ၅ ရက်နေ့က လာချတဲ့စစ်ကြောင်း ဒုတိယအကြိမ် လေယာဉ်နဲ့ချလာတဲ့စစ်ကြောင်း”လို့ ပြောပါတယ်။ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သား ၈၁ ဦးဖြစ်ပြီး ရာထူးနဲ့ အမည်နာမအသေးစိတ်ကိုတော့ စာရင်းပြုစုနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့စပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ တစ်ကျော့ပြန်ထိုးစစ်ဆင်နေတာဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့အထိ မြို့တွင်း ရဲစခန်းနဲ့ အာရှဘဏ်ကုန်းဘက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်ဘက်ကလည်း ပင်လည်ဘူးမြို့မကျရေး နေ့တိုင်းလေကြောင်းနဲ့ပစ်ခတ်တိုက်ခတ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ “ရဲစခန်းနဲ့ အာရှဘဏ်ကုန်ကျန်သေးတယ် မသိမ်းသေးဘူး မြို့ပေါ်ကော ကောလင်း ၀န်သိုးဘက်ခွေးစစ်ကြောင်းရှိသေးတယ်။ လေယာဉ်နေ့တိုင်းလာပစ်တယ် အာရှဘဏ်ကုန်းဘက်ပြင်းထန်နေပါတယ်”လို့ နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးက ပြောပါတယ်။ ပင်လည်ဘူးမြို့ဟာ ကောလင်းခရိုင်ထဲမှာရှိပြီး စစ်ကိုင်း– ကချင်အစပ်မှာရှိသလို ခြေမြန်တပ်ရင်း ခမရ (၃၆၆) နဲ့ (၃၇၀) လက်အောက်ခံ တပ်သားနဲ့ ရဲတပ်သား နှစ်ရာဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ကနေ တစ်ကျော့ပြန်စတင်လာတဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က စစ်အင်အား ၂ ကြိမ်တိတိလာရောက်ပို့ဆောင်ထားပြီလို့ သိရပြီး ဒုတိယအကြိမ်လာပို့တဲ့စစ်ကြောင်း တစ်ကြောင်းလုံးလက်နက်ချအညံ့ခံလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ပင်လည်ဘူးမြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်အကြား နှစ်စဉ်နှစ်တိုင်းတိုက်ပွဲပြင်းထန်နေတဲ့မြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာတစ်ကြိမ်တိုက်ပွဲပြင်းထန်ခဲ့သလို ဒီတစ်ကြိမ်ဟာ ဒီနှစ်အတွင်း ဒုတိယအကြိမ်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ခဲ့တဲ့ မြို့ပေါ်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ချိန်ကတည်းက ပြန်မလာတဲ့သူတွေများတယ်လို့ ဆိုပါတယ်။ ပင်လည်ဘူးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ တပ်ခစန်းတွေကို KIA နဲ့ ကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ တိုက်ခိုက်ခဲ့ပေမယ့် မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်တာတော့ မရှိခဲ့ပါဘူး။ By – အမိုး
Read More » -
4 September
ဗန်းမော်မြို့နယ် ၇ မိုင်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ
ဗန်းမော်နဲ့ မိုးမောက်ကြားမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ကနေ မိုးမောက်မရောက်မှီ ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကြောင်းထိုးရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဗန်းမောက်နဲ့ မိုးမောက်ကြားက ၇ မိုင်ဆိုတဲ့ အောင်မြေကျေးရွာမှာ တိုက်ပွဲပြင်းထန်နေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဗန်းမော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့အဖွဲ့တွေက အောင်မြေကျေးရွာတွေမှာ နေရာယူထားတယ်။ အဲ့ဒါကြောင့် ပိတ်ဆို့တိုက်ခိုက်နေတာဟုတ်တယ်”လို့ပြောပါတယ်။ မိုးမောက်တပ်ကို KIA တပ်တွေ ဩဂုတ်လ ၁၉ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် စစ်အင်အား ၃၀၀ နဲ့ ၄၀၀ ကြားမှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ဗန်းမော်ဘက်ကနေ တန်ပြန်ထိုးစစ်ဆင် စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းတွေဟာ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်တပ်ရှိတဲ့ဘက်ကို ကျော်တက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့ တစ်ရက်ထဲမှာပဲ လေကြောင်းနဲ့ ဗုံး ၈ လုံးအထက်လာရောက် ဗုံးကြဲသွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။ “အခုတိုက်ပွဲဖြစ်နေတဲ့ မိုးမောက် ၆ မိုင်၊ ၇ မိုင်ဘက်ကို ဒီကနေ့က ဗုံးလာကြဲသွားတာ ၈ ကြိမ်လောက်ရှိပြီ။ တိုက်ပွဲလည်း ဆက်ဖြစ်နေတုန်းပဲ”လို့ပြောပါတယ်။ KIA တပ်တွေလည်း သိမ်းပိုက်ထားပြီဲဖြစ်တဲ့ မိုးမောက်တပ်ကို လက်မလွတ်ရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ပိတ်ဆို့တိုက်ခိုက်နေတာ ၁၀ ရက်ကျော်လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။ လက်ရှိမှာ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်တွေက ၆ မိုင်နဲ့ ၇ မိုင်ကြားမှာရှိတဲ့ အောင်မြေကျေးရွာမှာ အင်အားစုပြီး တပ်စွဲနေထိုင်ထားတာကြောင့် KIA တပ်တွေက ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်လိုက်တာ ရက်ပေါင်း ၂၀ လောက်ရှိလာပြီဖြစ်ပေမယ့် စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နေသေးတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
3 September
ထီးချိုင့်မှာလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၉ ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၉ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေဆီကသိရပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင် မိတ္ထီလာကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ ၂ ကြိမ်တိုင်တိုင်ဗုံးကြဲချခဲ့တာဖြစ်ပြီး ရွာထဲမှာရှိတဲ့ ဆိုင်တစ်ချို့ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။ “ထီးချိုင့်အောက်ဖက် သပိတ်ကျင်းမှာ သင်္ဘောတွေပစ်ခတ်ခံရတဲ့နေ့က ဖိုက်တာနဲ့လာပစ်သွားတာ ဒီနေ့အထိ ပြည်သူ ၉ ယောက်အထိသေဆုံးသွားရတာပါ”လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။ လေကြောင်းတိုက်ခိုက်မှုဟာ မောင်းကုန်းရွာဈေးအနီးမှာရှိတဲ့ စားသောက်ဆိုင်နဲ့ နီကယ်ပေါက်ရှေ့နားမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နောက်ထပ်အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါ တယ်။ ဒါ့အပြင် ဒီလုပ်ရပ်ဟာစစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိပဲ အရပ်သားတွေကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ မောင်းကုန်းကျေးရွာဟာ ကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက နီကယ်စက်ရုံ သိမ်းပိုက်နိုင်ချိန်ကစလို ထိန်းချုပ်စိုးမိုးထားတဲ့ဒေသဖြစ်တယ်လို့ Tigyaing Revolution TR က တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ “ အခြားဒေသတွေလိုပါဘဲဗျ။ ကျနော်တို့စိုးမိုးထားလို့ မလုံခြုံဘူးထင်ရအောင် လေကြောင်း တိုက်ခိုက်တာပါဗျ။တိုက်ပွဲလည်းမရှိပါဘူးကျနော်တို့စိုးမိုးနယ်မြေပါ။ စစ်ရေးအနေအထားလည်းမရှိ ပါဘူး”လို့ပြောပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်ပိုင်နီကယ်စက်ရုံရှိရာ မောင်းကုန်းကျေးရွာက အရပ်သားတွေ ဘေးလွှတ်ရာကို ယာယီထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ထီးချိုင့်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့လောက်က စတင်ပြီး မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး မြတောင်ကျေးရွာကိုလက်လွှတ်ထားရတဲ့စစ်ကောင်စီတပ်ဟာ ထီးချိုင့်မြို့တွင်း ရဲစခန်းတစ်ဝှိုက်မှာသာ အထိုင်ချပြီး မြို့လက်မလွှတ်ရရေးဆက်လက်ခုခံနေတယ်လို့ သိရပါတယ်။ စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်အပါအဝင် အင်းတော်၊ပင်လည်ဘူး ဒေသတို့မှာလည်း KIA နဲ့ပူးပေါင်း အဖွဲ့ရဲ့ မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီတပ်ဟာ လေကြောင်း၊ ကုန်းကြောင်းအပါ အဝင် ရေကြောင်းပါအသုံးပြုရိက္ခာဖြည့်တင်းတာတွေလုပ်လာပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ NUG လက်အောက်ခံ ကာကွယ်ရေးတပ်၊ ABSDF ကျောင်းသားတပ် မတော် နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်မှစတင်ကာ စစ်ကိုင်း နဲ့ကချင်အစပ်က မြို့တွေမှာမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပါတယ်။ By – အမိုး
Read More »









