ရှမ်းမြောက်

  • Sep- 2024 -
    16 September
    သတင်း

    ရှမ်းမြောက် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား ဒေသခံပြည်သူတွေ နေထိုင်ရခက်နေ 

    ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား ဒေသခံပြည်သူတွေ နေထိုင်ရခက်နေတယ်လို့ ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မူဆယ်ခရိုင် မုံးပေါ်ဒေသရှိ စစ်ကောင်စီတပ်စခန်းတွေကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့် MNDAA တပ်ဖွဲ့တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ အဲဒီနောက် မုံးပေါ်ဒေသအားလုံး KIO/KIA နဲ့  MNDAA လက်နက်ကိုင်နှစ်ဖွဲ့ အုပ်ချူပ်မှုအောက်ရောက်ရှိသွားပြီး  ဒေသအတွင်းရံဖန်ရံခါတင်းမာမှုတွေရှိနေတာကြောင့် ပြည်သူတွေနေထိုင်သွားလာရေး အဖက်ဖက်ကနေ ခက်ခဲနေတယ်လို့ မုံးပေါ် မန်နောင်ရွာဒေသခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အစကတည်းက KIO/KIA ရှိနေပြီးသားနေရာဖြစ်ပေမဲ့ ကိုးကန့်တပ် MNDAA က စစ်တပ်ကို မောင်းထုတ်နိုင်ခဲ့တာဆိုတော့  သူတို့သိမ်းတဲ့နေရာ သူတို့ဟာဆိုပြီး သတ်မှတ်ထားပုံရတယ် အဲကြောင့် အခုက ဒီအဖွဲ့က ဟိုအဖွဲ့ နောက်မပါရဘူး ဟိုဘက်ကလည်း ဒီဘက်ကို မပါရဘူးဆိုပြီး ပြောထားတာတွေ ရှိတယ်။  ပြည်သူတွေက နှစ်ဖွဲ့စလုံးကို ကြည့်နေရတာဆိုတော့ ကြားထဲမှာ နေရခက်နေတယ်။ လို့ ပြောပါတယ်။   မုံးပေါ်ဒေသကို MNDAA သိမ်းပိုက်ထားပြီဖြစ်ပေမယ့် အရင်ကတည်းက ကချင်တိုင်းရင်းသားမျိုးနွယ်စုအများစုနေထိုင်တဲ့နေရာဒေသဖြစ်သလို ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ရဲ့လှုပ်ရှားနယ်မြေ၊ တပ်မဟာ ၆ အခြေချနယ်မြေအဖြစ် အုပ်ချုပ်မှုယန္တရားလည်ပတ်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် KIO/KIA ရဲ့လွမ်းမိုးမှုရှိခဲ့တဲ့ မုံးပေါ်ဒေသမှာ ကိုးကန့် MNDAA ဝင်ရောက်လာချိန်မှာတော့ လက်ရှိ အဖွဲ့အစည်း ၂ ဖွဲ့၊ အစိုးရ ၂ ခုလိုဖြစ်နေပြီး အချင်းချင်းလုပ်ငန်းတွေတားမြစ်ပိတ်ဆို့ကာ ပြဿနာတွေဖြစ်နေကြတာလို့ ဒေသခံတွေဆိုပါတယ်။  “အခု ဒီမှာက ဘယ်အဖွဲ့က အုပ်ချုပ်နေတာလားတောင် မသိဘူး။ အဖွဲ့က ၂ ဖွဲ့ရှိတာဆိုတော့ ပြည်သူတွေက သွားလာရေးမှာ အဆင်မပြေတာတွေရှိတယ်။ ရွာမှာ အဖွဲ့နှစ်ဖွဲ့နဲ့ ရှုပ်ယှက်ခတ်နေလည်း ဒီလိုပဲနေနေတယ်။ သူတို့အချင်းချင်း တစ်ခါတလေတော့ ပြဿနာတွေဖြစ်၊ တစ်ခါတလေတော့ ပြန်အဆင်ပြေကြနဲ့ အဲလိုပဲရှိနေတယ်။ ပိုပြီး နေရခက်လာတာတော့ရှိတာပေါ့ သွားလာရေးကခက်၊ ငွေရေး ကြေးရေးရှာဖွေဖို့လည်း ပိုခက်သွားတာတွေရှိသွားတာပေါ့။” လို့ မုံးပေါ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ သို့သော် လက်ရှိချိန်ထိ အုပ်ချုပ်မှုယန္တရားကို KIO/KIA နဲ့ MNDAA နှစ်ဖက်စလုံးက အတည်တကျအုပ်ချုပ်နိုင်တာမျိုးမရှိသေးဘူးလို့လည်း ဒေသခံတွေ ဆိုပါတယ်။   ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ မုံးပေါ်ဒေသ မုံယာ(Mungya)၊ မုံးဟောမ်(Mungghawm)ကျေးရွာမှာ KIO အဖွဲ့လိုက်ကပ်ထားတဲ့ မူးယစ်တိုက်ဖျက်ရေးသတိပေး ဆိုင်းဘုတ်၊ ဗီနိုင်းတွေကို ကိုးကန့်တပ် MNDAA ကအင်အားနဲ့ အတင်းအဓမ္မ လိုက်လံဖျက်ဆီး၊ ဖြုတ်သိမ်းခဲ့သလို စက်တင်ဘာလ ၁၁ ရက်နေ့မှာလည်း လောက်ကိုင်ဘက်သွားလမ်း နမ့်ဂျရပ်(Nam Jarap) ကျေးရွာမှာ KIO ရဲ့ မူးယစ်တိုက်ဖျက်ရေးဆိုင်းဘုတ်တွေကို ကိုးကန့်ဘက်က လိုက်လံဖြုတ်သိမ်းခဲ့တာကြောင့် နှစ်ဖက်တပ်အကြား ပြဿနာဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။  ဒါ့အပြင် ကိုးကန့်တပ် MNDAA တပ်ဟာ KIO အောက် ပညာရေးကျောင်းဖွင့်တာ၊ ကျေးရွာနာမည်စရင်းကောက်ခံတာ၊ စျေးတန်း အခွန်ကောက်ခံတာ၊ သစ်တောတားမြစ်ချက်များ၊ မူးယစ်တိုက်ဖျက်ရေးနဲ့ဆိုင်တဲ့ လုပ်ငန်းများ လိုက်လံပိတ်ဆို့ တားမြစ်နေတာတွေကြောင့် တပ်ဖွဲ့နှစ်ခုကြား မြေပြင်မှာ ပြဿနာတွေဆက်တိုက်ဖြစ်နေပါတယ်။ အခုလို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်ပြီး ပြဿနာတွေဆက်တိုက်ဖြစ်နေတာဟာ ကျေးရွာဒေသခံတွေအတွက် စိတ်မချမ်းမြေ့စရာနေထိုင် နေရပြီး ပြည်သူလူထု လိုလားတဲ့အစိုးရကိုတရားမျှတတဲ့လမ်းစဉ်နဲ့ ဦးဆောင်အုပ်ချုပ်စေချင်တယ်လို့ ပြောဆိုနေကြပါတယ်။  “အစက စစ်ကောင်စီအစိုးရရှိတဲ့အချိန်က KIA/KIO လည်းအတူရှိတယ်။ အဲဒီအချိန်တုန်းက  ဥပမာ ကိုးကန့်တွေရွာထဲဝင်မယ်ဆိုရင် KIA ဆီခွင့်တောင်းရတယ်။ ဘယ်မှာဝင်လို့ရမယ်၊ ဘယ်မှာနားမယ်၊ဘာတွေလုပ်မယ်ဆိုပြီး အသိပေးမှ KIA က ရတယ်၊ ခွင့်ပြုတယ်ဆိုမှ ဝင်နား၊ ဝင်အိပ်လို့ရတာဖြစ်တယ်။ဒီနေ့ စစ်ကောင်စီတပ်ကို မောင်းထုတ်လိုက်နိုင်တဲ့အချိန်ကျတော့ ငါတို့ပစ်တာ ငါတို့သိမ်းတာ ငါတို့ပဲအုပ်ချုပ်မယ်ဆိုပြီး လုပ်လာတာပေါ့။ ဒီမှာ အရင်ဆုံးဖြစ်တဲ့ပြဿနာက စျေးတန်းမှာအခွန်ကောက်တဲ့ကိစ္စမှာ အချင်းချင်း ပစ်ခတ်ခါနီးအထိဖြစ်လာကြတာ၊ အဲလိုတွေဖြစ်ကြတာဟုတ်တယ်။”လို့ မုံးပေါ်ဒေသခံ မိုင်ဖန်ရွာကဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း မုံးကိုး၊ မုံးပေါ်ဒေသကို ကိုးကန့်တပ် MNDAA ဘက်ကသိမ်းလိုက်ပြီးနောက်  မူးယစ်ဆေးဝါးချက်လုပ်တဲ့လုပ်ငန်းနေရာတွေလည်း ထပ်တိုးလုပ်ဆောင်လာတာလည်းရှိတယ်လို့ ဒေသခံတွေက ပြောဆိုတာတွေလည်း ရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကိုးကန့် MNDAA တပ်ဖွဲ့ကို KNG သတင်းဌာနမှသီးသန့်ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ဒေသခံပြည်သူတွေ စစ်အာဏာရှင်စနစ်ကို မလိုလားတာကြောင့် အားလုံးကန့်ကွက်တိုက်ထုတ်တွန်းလှန်ခဲ့ကြတာဖြစ်ပေမဲ့ လက်ရှိ ကိုးကန့်တပ် MNDAA က တရုတ်ကွန်မြူနစ်စနစ်နဲ့ ပိုပြီးအာဏာရှင်ဆန်တဲ့လုပ်ရပ်တွေနဲ့ အုပ်ချုပ်နေတာကြောင့် ဒေသခံတွေမလိုလားကြတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 10 September
    သတင်း

    လားရှိုးမြို့ပြည်သူများ လေကြောင်းအန္တရယ်ကြောင့် မြို့ပြန်စွန့်ခွာရမယ့်အခြေနေထပ်ကြုံနေရ

    ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ မြို့ကို ထပ်ပြီးစွန့်ခွာရမယ့်အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင် လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးရုံးအပါအဝင် နေရာ ၄ နေရာလောက်ကို စစ်တပ်က လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ “ဒီလိုပဲ လေယာဉ်နဲ့ ဆက်တိုက်လာပစ်နေရင်တော့ ပြန်ထွက်ကြဖို့ ပြင်ဆင်ထားတယ်။ အခုလောလောဆယ်တော့ သူခိုးရန်ကာကွယ်ဖို့ နေ့ဆိုရင် တစ်အိမ်မှာ တစ်ယောက် နှစ်ယောက် အိမ်လာစောင့်ပြီး ညဆိုရင်တော့ အားလုံး တစ်နေရာမှာပဲစုပြီးအိပ်တယ်။ ဒီနေ့မနက် လေယာဉ်ပျံဝဲမှုတော့ရှိပေမဲ့ ဗုံးကြဲတာတော့မရှိဘူး။”လို့ လားရှိုးဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ လားရှိုးမြို့ကို စစ်တပ်ဘက်က ဩဂုတ် ၃၀ ရက်နေ့နဲ့ စက်တင်ဘာ ၈ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပေမယ့်  အဆောက်အအုံတွေပျက်စီးတာ၊ လူထိခိုက်တာတွေမရှိခဲ့ပါဘူးလို့ သူကဆက်ပြောပါတယ်။  သို့သော် စက်တင်ဘာလ ၉ ရက်  ဗုံးကြဲတိုက်ခိုက်မှုမှာ ကိုးကန့် MNDAA အရာရှိတစ်ဦးသေဆုံးတဲ့အပြင် အရပ်သား ၃ ဦးသေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားတာ  ဖြစ်ပါတယ်။  လားရှိုးမြို့ကို ကိုးကန့် MNDAA တပ်ဘက်က မြို့အလုံးစုံတိုက်ခိုက်သိမ်းပိုက်လိုက်တာ ၁ လကျော်ကြာလာချိန် စစ်တပ်ဘက်က အခုလို လေယာဉ်နဲ့ဆက်တိုက်ဗုံးကြဲဆက်တိုက်လုပ်ဆောင်လာတာကြောင့် ဒေသခံပြည်သူတွေအတည်တကျ ပြန်လည်အခြေချနေထိုင်နိုင်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ “ကြားရတဲ့သတင်းကတော့ ကိုးကန့် နဲ့ စစ်တပ်တို့နှစ်ဖက် သဘောတူညှိနှိုင်းမှု တစ်စုံတစ်ခုတော့ရှိနေတယ်။ စစ်တပ်ဘက်ကလည်း လားရှိုးကိုတော့ ပြန်ယူဖို့ဆိုပြီး ကောလဟာသတင်းထွက်နေတယ်။”လို့ လားရှိုးဒေသခံကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ကစပြီး လားရှိုးမြို့ကို ကိုးကန့် MNDAA တပ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲငြိမ်သက်သွားပြီဖြစ်ပေမယ့် ဒေသခံပြည်သူတွေလေကြောင်းအန္တရာယ်ကို ဆက်လက်စိုးရိမ်နေရဆဲဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံပြည်သူတစ်ချို့ ပစ္စည်းတွေလာသယ်ယူတာ၊ အိမ်ကိုခဏတဖြုတ်လာကြည့်ရုံပြီး ပြန်ထွက်ကြတာများတယ်လို့ ဆိုပါတယ်။  ပြီးခဲ့တဲ့အပတ်ကပဲ မိမိနေအိမ်ကိုပြန်လာနေပြီဖြစ်တဲ့ လားရှိုးဒေသခံအမျိုးသမီးတစ်ဦးကလည်း လက်ရှိလေကြောင်းအန္တရာယ်ကြောင့် ဆက်လက်ထွက်ပြေးရမဲ့အခြေအနေကို တွေးပူနေတယ်လို့ ပြောပါတယ်။ “လောလောဆယ်က လေကြောင်းအန္တရယ်ကို သတိထားစိုးရိမ်ပြီးနေနေသေးတယ်။ ကျမတို့လည်း ပြီးခဲ့တဲ့အပတ်ကပဲ စစ်ရှောင်ကနေ ပြန်လာကြတာဟုတ်တယ်။ အခြေအနေပေါ်မူတည်ပြီး ထပ်ထွက်ပြေးရမယ်ဆိုရင်တော့ ထပ်ပြေးရမှာပဲ။ လောလောဆယ်ကတော့ ဘယ်လိုဖြစ်လာမလဲ မဆုံးဖြတ်နိုင်သေးဘူး။ အရင်က အတည်အကျနေထိုင်နိုင်ဖို့က ခက်ခဲသေးတယ်။” လို့ လားရှိုးဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။ တစ်ဖက်မှာလည်း လားရှိုးမြို့ပေါ်မှာတော့ ကိုးကန့် MNDAA နဲ့ UWAS ၀ တပ်ဖွဲ့တို့ ပူးပေါင်းပြီး မြို့တွင်းတစ်ဖွဲ့တစ်လှည့်စီ တစ်နေ့ ၆ ကြိမ်လောက် ကင်းလှည့်ပေးနေတာလည်း ရှိတယ်လို့ဆိုပါတယ်။  လက်ရှိချိန်ထိ ကိုးကန့်ဘက်က လားရှိုးမြို့တွင်းကို အုပ်ချူပ်ရေးယန္တရားလည်ပတ်နိုင်ခြင်းမရှိသေးပေမယ့် လျှပ်စစ်မီးနဲ့ ဆေးရုံလုပ်ငန်းတွေတော့ လည်ပတ်နိုင်အောင်ကြိုးစားနေကြတယ်လို့ သိရပါတယ်။ “စာသင်ကျောင်းတွေတော့ဘယ်အချိန်မှ စလို့ရမယ်မှန်းမသိသေးလို့ ကျောင်းဆရာ၊ဆရာမတွေ နာမည်စားရင်းတွေလာ ထည့်ကြတာကိုတော့ လက်ခံနေတယ်။တချို့ကတော့ ပြန်လာပြီး ပစ္စည်းတွေ လာသိမ်းယူပြီး ပြန်ထွက်ကြတာများပါတယ်။ များသောအားဖြင့်တော့ မပြန်လာရဲသေးတာပေါ့။”လို့ နောက်ထပ်လားရှိုးဒေသခံအမျိုးသမီးတစ်ဦး က ပြောပါတယ်။   လက်ရှိ လားရှိုးမြို့ပေါ် ကိုးကန့် MNDAA တပ်ဖွဲ့ဟာ မြို့တော်ခန်းမအပါအဝင် အစိုးရနဲ့ဆိုင်တဲ့ နေရာ၊ စာသင်ကျောင်းတွေမှာ ၂၀၀၈ အခြေခံဖွဲ့စည်းပုံအရ စစ်ကောင်စီစွဲကိုင်တဲ့အလံကို ရှေ့ဦးထားပြီး အလံလွင့်ထူထားတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။  ကိုးကန့်ဘက်က အခုလိုစစ်တပ်စွဲကိုင်တဲ့နိုင်ငံတော်အလံကို လွင့်ထူးထားရတဲ့အကြောင်းရင်းကိုတော့ မသိရှိရဘူးလို့ ဒေသခံတွေဘက်ကပြောပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 9 September
    သတင်း

    လားရှိုးမြို့ကို စစ်တပ်ကလေကြောင်းနဲ့ထပ်မံဗုံးကြဲ အရပ်သားထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ဆို

    “အရေးပေါ်အခြေအနေဖြစ်နေပါတယ် လူထိခိုက်မှုတော့ရှိတယ်။အတိအကျတော့မသိရသေးပါဘူး။ ဒီမနက် ၁၀ ခွဲလောက်မှာ ဗုံး ၂ လုံထပ်ကြဲသွားတယ်။”လို့ လားရှိုးမြို့ဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

    Read More »
  • Aug- 2024 -
    30 August
    သတင်း

    ကွတ်ခိုင်မြို့ကို လေယာဉ်ဗုံးကြဲမယ်လို့ သတင်းကြောင့်  ပြည်သူတစ်ချို့ထပ်မံထွက်ပြေးတိမ်းရှောင်နေ

    ရှမ်းမြောက် ကွတ်ခိုင်မြို့ကို လေယာဉ်နဲ့ထပ်ပြီးဗုံးကြဲမယ်လို့ ကောလဟာလသတင်းတွေပျံ့နှံ့နေတာကြောင့် ဒေသခံတွေစိုးရိမ်နေရသလို ထပ်ပြီးတိမ်းရှောင်သူတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၂၇ ရက်နေ့ကစ  သတင်းစတင်ထွက်ပေါ်လာပြီးနောက် မြို့တွင်း စျေးဆိုင်အားလုံးနီးပါး ပိတ်သိမ်းထားကြတဲ့အပြင် ပြည်သူတစ်ချို့လည်းထပ်မံတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက  KNG ကိုခုလိုပြောပါတယ်။ “အပေါ်ကနေ လေယာဉ်ဆက်တိုက်ပျံဝဲသွားနေတာတွေတော့ရှိတယ်။ အခုမူဆယ်ဘက်မှာ စစ်ရေးတင်းမာနေတာနဲ့ ဒီဘက်ကို လေယာဉ်နဲ့ ဗုံးကြဲမယ်လို့ သတင်းတွေထွက်နေတော့ အားလုံးစိုးရိမ်နေကြတယ်။ ဟိုတနေ့ကတော့ လေယာဉ်နဲ့ဗုံးလာကြဲလိမ့်မယ် စျေးတွေသိမ်းကြဆိုပြီး သိမ်းကြတာတွေ ရှောင်တာတွေဖြစ်သွားတယ်။ ဒီတလောကြောက်လို့ တချို့ခေတ္တတိမ်းရှောင်သွားတာလည်းရှိတယ်။ စျေးဆိုင်တွေလည်း ရောင်းတဲ့သူကတော့ရောင်းပေမဲ့ မစီဘူး တိတ်တိတ်ဆိတ်ဆိတ်ပဲဟုကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒါပေမယ့်  ဩဂုတ် ၂၉  မှာတော့ စျေးဆိုင်တချို့ ပြန်လည်ဖွင့်လှစ်လာတာတွေရှိပေမဲ့ လေကြောင်းရန်ကိုစိုးရိမ်နေကြတဲ့အတွက် စုလူဝေးဖြစ်မယ့်နေရာမျိုး မသွားရဲကြတဲ့အတွက် လမ်းသွားလမ်းလာမရှိသလောက် တိတ်ဆိတ်နေတယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် လက်ရှိ ကွတ်ခိုင်အထက် မူဆယ်မြို့ စစ်ကောင်စီတပ်ဖွဲ့တွေကို ညီနောင်မဟာမိတ်တွေဘက်က လက်နက်ချဖို့ ပြောဆိုထားတာတွေရှိပေမဲ့ စစ်တပ်ဘက်က တုံ့ပြန်ခြင်းမရှိတာကြောင့် မူဆယ်ကိုတိုက်ခိုက်တော့မယ်လို့ ကောလဟာသသတင်းတွေလည်း ပျံ့နှံ့နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်း ၅ ရက်နေ့က စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့ကို လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ကွတ်ခိုင်မြို့မစျေးတစ်ခုလုံး မီးလောင်းပြာကျသွားခဲ့တဲ့အပြင် အရပ်သား ၆ ဦးသေဆုံးပြီး ၁၀ ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနေ့ကစပြီး  ကွတ်ခိုင်မြို့မှာ စာသင်ကျောင်းအားလုံးလည်း ပိတ်လိုက်ရပြီး ဘုရားကျောင်းလူစုလူဝေး ဝတ်ပြုကိုးကွယ်တာတွေ အားလုံးရပ်နားထားကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ကွတ်ခိုင်မှာကျန်ရှိနေသေးတဲ့ ဒေသခံပြည်သူတွေလည်း လေကြောင်းအန္တရာယ်ကိုစိုးရိမ်နေတဲ့အပြင် တိမ်းရှောင်သွားကြတဲ့ပြည်သူတွေလည်း နေရပ်ပြန်မလာရဲကြဘူးလို့ ဆိုပါတယ်။ “တိမ်းရှောင်သွားတဲ့အားလုံး မပြန်လာရဲကြသေးဘူး။ တချို့ဆို အဝေးကိုသွားနေလိုက်တာတွေလည်းရှိတယ်။ စိုးရိမ်ရသေးတာပေါ့။ လေယာဉ်ဗုံးကြဲမှာကြောက်ပေမဲ့ ဒီတိုင်းစိုးရိမ်စိတ်နဲ့ ဖြတ်ကျော်နေတယ်။ လွယ်ဝေါ၊ ဇွပ်ရာ၊ ဧဒင် စတဲ့နေရာတကြောက ကလေးတွေတော့ ခက်ခက်ခဲခဲနဲ့ ကြိုးစားပြီး ကောင်းခါးဘက်မှာ ကျောင်းဆက်တက်နေကြတယ်။” ဟုကွတ်ခိုင်ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။ ရှမ်းမြောက် နောင်ချိုမြို့ နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေကြီး စစ်ကောင်စီတပ်ဖွဲ့ဟာ တိုက်ပွဲမဖြစ်တဲ့ နေရာဒေသခံတွေဆီ အကြောင်းမဲ့ လိုက်လံဗုံးကြဲတာတွေ ပြုလုပ်တာလည်းဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့နေ့ကစပြီး ရှမ်းမြောက်မှာ လားရှိုးအထက် မူဆယ်မြို့ကလွဲပြီး ကျန်မြို့နယ်အားလုံးကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေဘက် ကိုယ်စီ သိမ်းပိုက်ထိန်းချူပ်လိုက်ပြီဖြစ်ပြီး လက်ရှိကျန်နေသေးတဲ့ မူဆယ်မြို့တဝိုက်မှာ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    Read More »
  • 12 August
    သတင်း

    ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ ဗုံးကြဲခံရပြီးနောက် ပြည်သူအများပိုင်းနေရပ်စွန့်ခွာ

    ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ မြို့မစျေးနဲ့ရပ်ကွက်တစ်ချို့ ဗုံးကြဲခံရပြီးနောက် အရပ်သားပြည်သူတွေလေကြောင်းရန်ကိုစိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့ ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် စျေးတန်းတစ်ခုလုံး မီးလောင်ပျက်စီးသွားပြီး နေအိမ်တစ်ချို့ထိခိုက်ပျက်စီးသွားတဲ့နောက် ကွတ်ခိုင်မြို့တွင်း ရပ်ကွက်နေ ပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်သွားကြတာဖြစ်တယ်လို့ ကွတ်ခိုင်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။   “သိပ်ကိုစိုးရိမ်ပြီး နေနေရတာပေါ့ ဒါကြောင့် အားလုံးလည်း ရှောင်ကုန်ပြီ။ ကွတ်ခိုင်မှာက လတ်တလော တိတ်ဆိတ်နေတယ်။ ရက်ကွက် ၃ ၊ ရက်ကွက် ၄ တွေမှာဆိုရင် အိမ်တိုင်းနီးပါး သော့ခတ်ထားတယ်။ ၃ ပုံမှာ ၂ ပုံ လောက်က ရှောင်ကုန်ပြီ။ လားရှိုးလက်လွတ်လိုက်ရတော့ ဒီဘက်လည်း ဗုံးလာကြဲတာပေါ့။ အဲဒါ လက်မလွတ်မချင်းတော့ ဘာမှလာမလုပ်ဘူး ဟုတ်တယ်။ စိုးရိမ်မှုတွေကတော့ စကားလုံးတောင် ရှာမတွေ့တော့ပါဘူး။ ဒါကြောင့် ဘာမှမပြောတတ်တော့ဘူး။”လို ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။  လက်ရှိ ရှမ်းမြောက်တစ်ခွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းအားလုံး ပြတ်တောက်နေတာကြောင့် ကွတ်ခိုင်မြို့ ဒေသခံတွေနဲ့ ချိတ်ဆက်နိုင်ဖို့ခက်ခဲနေသလို  Mytel ဖုန်းလိုင်းအနည်းငယ်ရရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြို့ထဲ ကျန်နေသေးတဲ့ပြည်သူတွေကလည်း လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီးနေထိုင်နေကြတယ်လို့ ကွတ်ခိုင်ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့က ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ ဗုံးကြဲတိုက်ခိုက်မှုမှာ  အရပ်သား ၆ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရရှိထားတယ်လို့ သိရပေမယ့် ဖုန်းလိုင်းအခက်ခဲကြောင့် စာရင်းအတိအကျသိရဖို့ ခက်ခဲနေတယ်လို့ ကွတ်ခိုင်ဒေသခံတွေက ပြောပါတယ်။   “လေယာဉ်နဲ့ ၂ ရက်၊ ၂ ကြိမ်ပေါ့ ဗုံးလာကြဲတယ်။ စျေးတန်းအားလုံးမီးလောင်ကုန်ပြီ။ ဩဂုတ် ၅ ရက်နေ့က လာကြဲတာက ကွတ်ခိုင်စျေးတစ်ခုလုံး ကုန်သွားပြီ။ ပြီးတော့ ရပ်ကွက် ၃ ဘက် စျေးအထက်ဘက်တွေကိုလည်း ဗုံးကြဲသွားတယ်။ အဲဒီနောက် ထပ်လာကြဲတာက အရင် စစ်တပ်ထိုင်ခဲ့တဲ့ ဗျူဟာကုန်းနဲ့ရဲစခန်းမှာ လာကြဲတယ်။ အထဲမှာက TNLA တပ်သားတွေပဲ ရှိတာဆိုတော့ ထိခိုက်သေဆုံးမှုသတင်းက မထွက်တော့ဘူးလေနော်။”လို့  ကွတ်ခိုင်ဒေသခံအမျိုးသမီးက ဖြစ်စဉ်ကိုပြောပြပါတယ်။  ကွတ်ခိုင်မြို့စျေးတန်းကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးမကြဲခင် ၂ နာရီအလိုလောက်မှာ ကင်းထောက်လေယာဉ်တစ်စီးနဲ့ အရင်ဆုံး ကင်းထောက်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ဆက်တိုက်ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနောက် တစ်ရက်ခြားပြီး ဩဂုတ်လ ၇ ရက်နေ့ ကွတ်ခိုင်ဗျူဟာကုန်းနဲ့ရဲစခန်းကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ထပ်ပြီးဗုံးကြဲခဲ့ပေမယ့် ထိခိုက်သေဆုံးမှု ရှိ မရှိ မသိရပေ။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ် MNDAA တပ်ဖွဲ့ကလည်း နေရာယူလှုပ်ရှားနေတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဟာ လားရှိုးမြို့ကို လက်လွှတ်လိုက်ရပြီးနောက် အခုလို တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလည်း  စစ်တပ်က ဗုံးကြဲနေတာဖြစ်ပါတယ်။  စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုလုပ်ရပ်အပေါ်‌ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကလည်း ကန့်ကွတ်ရှုတ်ချကြောင်း ထုတ်ပြန်တာတွေလည်းရှိသလို တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာကိုလည်း စစ်ကောင်စီတပ်ရဲ့ကျူးလွန်မှုတွေကို ဝိုင်းဝန်းတားဆီးပေးကြဖို့ တောင်းဆိုတာတွေရှိပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 7 August
    သတင်း

    လားရှိုးကို တော်လှန်ရေးတပ်ဖွဲ့သိမ်းပိုက်မှုအပြီး ဒေသခံတစ်ချို့ မြို့ထဲပြန်ဝင်ကြပြီလို့ဆို

    ရှမ်းမြောက် လားရှိုးမြို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို  ကိုးကန့် MNDAA တပ် နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ပြေးရှောင်ဒေသခံတစ်ချို့ လားရှိုးမြို့ထဲကို ပြန်ဝင်နေကြပြီလို့သိရပါတယ်။ လားရှိုးမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကစပြီး ကိုးကန့် MNDAA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မြို့တွင်းတိုက်ပွဲစတင်ဖော်ဆောင်လိုက်ပြီး မြို့တွင်းရပ်ကွက်နေ ပြည်သူတွေက ဇူလိုင်လ ၂၂ ရက်နေ့အထိ မြို့တွင်းကနေ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းရေး၊ တောင်ကြီး၊ မန္တလေး၊ ရန်ကုန် စတဲ့ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဩဂုတ်လ ၃ ရက်နေ့ လားရှိုးမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တပ်ရင်းတစ်ခုလုံးကို တော်လှန်တပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက် လားရှိုးဒေသခံတစ်ချို့မြို့ထဲကို ပြန်ဝင်နေကြပြီလို့ လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ကြားရသလောက်က တစ်ချို့က ပြန်ကြပြီတဲ့။ အခြေအနေက သွားနေလို့တော့ မရသေးဘူး။ ဒါပေမယ့် အနေခက်တော့ ပြန်ကြတာလို့ကြားတယ်။ တစ်ချို့က သွားနေတာမဟုတ်ဘဲနဲ့ အိမ်ပြန်ကြည့်ကြတယ်လို့လည်းပြောတယ်။ ပန်ရှောင်းဘက်ကနေ သူတွေက ပြန်ဖို့ပြောဆိုလာတာတော့ရှိတယ်။ ဒါပေမယ့် ကျမတို့က မပြန်ဖြစ်သေးဘူး”လို့ပြောပါတယ်။ လားရှိုးမြို့တစ်ခုလုံး အပြီးသတ် သိမ်းပိုက်လိုက်တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဒေသခံတွေက မြို့ထဲကို ပြန်လာကြတာလည်းဖြစ်ပါတယ်။ အခုလို လားရှိုးဒေသခံတွေ မြို့ထဲပြန်လာနေထိုင်ကြတဲ့ပတ်သက်ပြီး နောက်ထပ် လားရှိုးဒေသခံ အမျိုးသားတစ်ဦးကလည်း အခုလိုဆက်ပြောပါတယ်။ “ဒီရက်ပိုင်းအတွင်းမှာပဲ ပြန်လာကြတာဟုတ်တယ်။ ပြန်ကြတယ်ဆိုပေမယ့် အားလုံးတော့ မဟုတ်သေးဘူး။ လားရှိုးအနီးမှာ တိမ်းရှောင်နေကြတဲ့ သူတွေလောက်ပဲ ပြန်ကြသေးတာပါ။ အဲကြောင့် တစ်ချို့က ပစ္စည်းတွေ ပြန်သယ်ယူပြီး ထွက်လာတဲ့ သူတွေလည်း ရှိသလို တစ်ချို့က အပြီးပိုင် ပြန်နေထိုင်ကြတာလည်းပါတယ်”လို့ပြောပါတယ်။ တိုက်ပွဲတွေ ငြိမ်သက်သွားပြီး မြို့ထဲကို ပြန်ဝင်လာကြတဲ့ ဒေသခံတွေဟာ မိုင်းရေး(Maire) ၊ ဆင်လီ(Sinli)၊ ပန်ရှောင်း(Pang Shau) ၊ မုံးယော် စတဲ့ လားရှိုးမြို့နဲ့ အနီးထွက်ပြေးတီမ်းရှောင်နေသူတွေဖြစ်တယ်လို့  သိရပြီး တောင်ကြီး၊ ရန်ကုန်၊ မန္တလေး၊ ကွတ်ခိုင် စတဲ့ မြို့ပေါ်ဘက်ကို တိမ်းရှောင်ကြတဲ့ စစ်ရှောင်ပြည်သူတွေက စစ်ရေးတည်ငြိမ်မှုမရှိသေးတဲ့အတွက် ပြန်လာဖို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ လားရှိုးမြို့နဲ့ အနီးမှာရှိတဲ့ မိုင်းရေးဒေသမှာ ပြီးခဲ့တဲ့ သုံးရက်လောက်ကတည်းကလည်း တိုက်ပွဲတွေရှိနေသေးတာကြောင့် လားရှိုးက လာရောက်တိမ်းရှောင်နေတဲ့ စစ်ရှောင်တစ်ချို့က ထပ်မံတိမ်းရှောင်ရတယ်လို့လည်း ဆက်သိရပါတယ်။ လက်ရှိ လားရှိုးမြို့တစ်ခုလုံးကို ကိုးကန့် MNDAA တပ်တွေ သိမ်းပိုက်ထားပြီဖြစ်ပေမယ့် စစ်တပ်ကနေ စစ်လေယာဉ် လာရောက်ပျံဝဲတာတွေရှိနေသေးတဲ့အတွက် လုံခြုံရေးအတွက် စိုးရိမ်ရသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။ လားရှိုးတိုက်ပွဲမှာ လားရှိုးမြို့ထဲ ရပ်ကွက် ၁၂ ခုလောက်ရှိတဲ့ထဲမှာ ရပ်ကွက်အားလုံးနီးပါးက စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ အတူ တိုက်ပွဲအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာတွေကြောင့် မြို့တွင်းရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးမှုများပြားတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ သိမ်းပိုက်ထားတဲ့မြို့တစ်ချို့မှာ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေလည်း ဆက်တိုက်ရှိနေဆဲဖြစ်တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့က ဒီမနက်မှာ ထုတ်ပြန်ထားပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Jul- 2024 -
    26 July
    သတင်း

    လားရှိုးမြိို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေကပြော

    ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်နိုင်ပြီလို့ ကိုးကန့် MNDAA တပ် ထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်မှာအပြီးသတ်သိမ်းပိုက်တာမျိုးမရှိသေးပဲ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ဇူလိုင် ၂၆ ဒီနေ့မွန်းလွဲပိုင်းထိ လားရှိုးမြို့ထဲမှာ တိုက်ပွဲတွေဆက်လက်ဖြစ်နေပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့နှစ်ခု မြို့တွင်းတစ်ဝက်စီ နေရာယူကာ အချင်းချင်းပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ လားရှိုးဒေသခံတစ်ဦးက ကချင်သတင်းဌာန KNGကို ပြောပါတယ်။ “အခုအခြေအနေက တစ်ဝက်တစ်ဝက်ပဲဗျ။ လောလောဆယ်အနေအထားက MNDAA တစ်ဝက်၊ စစ်ကောင်စီတစ်ဝက်တော့ရှိနေတယ်။ သိမ်းလို့ရပြီဆိုတာလည်း မဟုတ်သေးဘူး။ မြို့တွင်းထဲမှာ ပစ်ခတ်မှုတွေရှိတယ် ရပ်ကွက်ထဲမှာ ပစ်ခတ်မှုတွေရှိတယ်။ လားရှိုးကို မြန်မြန်သိမ်းနိုင်မဲ့အနေအထားတော့ ရှိတယ်။ ဘာလို့ဆိုမြောက်ပိုင်းတိုင်း စကစအနေနဲ့လည်း စိတ်ဓာတ်ကျနေကြပြီလေ။” လို့ လားရှိုးဒေသခံတစ်ဦး ကပြောပါတယ်။  လားရှိုးအရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်း ၄ နာရီလောက်ကတည်းကစပြီး သိမ်းပိုက်လိုက်ပြီး လားရှိုးမြို့ လုံး၀လွတ်မြောက်ကြောင်း ကိုးကန့် MNDAA က ဇူလိုင် ၂၅ မနက် ၁၀ နာရီလောက်မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ မြေပြင်အခြေအနေမှာတော့ အခြေအနေရှုပ်ထွေးနေသေးသလို စစ်တပ်ဘက်လည်း လေကြောင်း၊လက်နက်ကြီးတွေနဲ့ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒေသခံတွေ ပြောဆိုချက်အရ လက်ရှိ လားရှိုတိုက်ပွဲမှာ တိုင်းမှူးကရှောင်ပြေးနေတာကြောင့် စစ်ကောင်စီဘက်က တိုင်းစစ်ဌာနချုပ် (ရမခ)ရဲ့ ဗဟိုအမိန့်ညွှန်ကြားမှုမရှိတော့တဲ့အတွက်  တပ်ဖွဲ့ဝင်တွေဟာ မြို့ထဲ ပြန့်ကျဲနေပြီး ဆက်လက်ခုခံနေတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာ ကိုးကန့် MNDAA ဘက်ကလည်း မြို့တော်ခန်းမအနီးနဲ့ လားရှိုးစစ်ဌာနချုပ် (ရမခ)တစ်ဝက်နားထိ နေရာယူထားတဲ့အပြင် မြို့တွင်းနေရာတော်တော်များနဲ့ အရပ်သားနေအိမ်တွေထဲ နေရာယူနေတာကြောင့် နှစ်ဖွဲ့တပ်ကြား အပြန်အလှန်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိတဲ့ ပြည်သူတွေ ပိုများလာနေတယ်လို့ ပြောပါတယ်။  “လက်နက်ကိုင်တွေက နေအိမ်တွေပေါ်မှာလည်း လိုက်နေနေတယ်။ အခုပြည်သူတွေ ထွက်ချင်တဲ့သူတွေလည်း ထွက်လို့ရနေတယ်။ မနေ့ကထိတော့ ထွက်လို့မရဘူး။ ရှိတဲ့ဟာတွေလည်း ကြိုးစားထွက်နေတယ်။ ဒီနေ့ အားလုံးလည်း တန်းစီပြီး ထွက်နေကြတယ်။ တိုက်ပွဲအခြေအနေက ပုံမှန်ပဲ။ အဓိကဆိုးတာက လူတွေဒဏ်ရာရထားတဲ့ဟာကို သွားယူပေမဲ့မရဟိတတွေမရှိတာ။”လို့ နောက်ထပ် လားရှိုးဒေသခံ ကဆက်ပြောပါတယ်။ လက်ရှိ လားရှိုးမြို့ထဲမှာ အရပ်သားပြည်သူ ၂၀ ရာခိုင်နှုန်းခန့် ကျန်ရှိနေသေးတာဖြစ်ပြီး ဇူလိုင် ၂၅ ရက်နေ့ ထွက်လို့မရပဲပိတ်မိနေပေမဲ့ ဒီနေ့ ဇူလိုင် ၂၆ ဒီနေ့မနက်မှာတော့ မြို့ထဲကနေ ဆက်လက်ထွက်ခွာ ရှောင်ပြေးသူတွေရှိနေတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာ မြို့တွင်း လက်နက်ကြီးထိမှန်သေဆုံးနေတဲ့အရပ်သားတွေရဲ့ အလောင်းတွေကိုလည်း ကောက်ယူဖို့မရရှိတဲ့အပြင်  လက်နက်ကျရောက်ပေါက်ကွဲပြီး ထိခိုက်ထားသူတွေကိုလည်း ကူညီကယ်ဆယ်နိုင်ဖို့ ပရဟိတအသင်းတွေ မရှိဘူးလို့ သူကပြောပါတယ်။  လက်ရှိ လားရှိုးမြို့ထဲက နောက်ဆုံးအခြေအနေကို နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကလည်း အခုလိုပြောပြပါတယ်။ “လားရှိုးရပြီလို့မဟုတ်သေးဘူး။ကိုးကန့်ကဝင်လိုက်၊ပစ်လိုက်၊  ပြန်ဆုတ်လိုက်၊ စစ်တပ်ကလည်း ပြန်ပစ်လိုက်၊ ပြန်ရှောင်လိုက် အဲလိုရှိနေကြသေးတယ်။ မနေ့ညအထိ စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲနေတုန်းဖြစ်တယ်။ သိမ်းပြီလို့ထုတ်လိုက်တာက ဆိုရှယ်ဗီဒီယာ မှာ ကစားတာလို့ပဲမြင်တယ်။ စစ်တပ်က ဆုတ်သွားရင်တောင် အခြေအနေကကြာအုံးမယ်လို့မြင်တယ်။ စစ်တပ်ထဲ ကိုးကန့်ဝင်ရောက်နိုင်ပြီဆိုရင်တောင် စစ်ကောင်စီဘက်ကလည်း တစ်ခုခုတော့ ကြံစည်ကစားနေတယ်လို့မြင်တယ်။”လို့ သူကပြောပါတယ်။ စစ်ကောင်စီဘက်က တပ်ရင်းစခန်းတွေထဲကနေ ခုခံတာမျိုးမလုပ်တော့တာကြောင့် ကိုးကန့် MNDAA ဘက်က စစ်တပ်စခန်းတွေကို သိမ်းပိုက်ရရှိပြီဆိုရင်တောင် လားရှိုးတိုက်ပွဲက အခြေအနေ ဆက်လက်ရှုပ်ထွေးနိုင်ပြီး အချိန်ကြာနိုင်သေးတယ်လို့ သူက သုံးသပ်ပြောပါတယ်။  တစ်ဖက်မှာ လားရှိုးမြို့ကို အထူးအုပ်ချူပ်ရေးဒေသအဖြစ်သတ်မှတ်ပြီး နယ်မြေလုံခြုံရေးအတွက် ဆောင်ရွယ်မယ်လို့ ကိုးကန့်ကထုတ်ပြန်လာပြီးနောက် တစ်ဆက်တည်း လားရှိုးနဲ့သက်ဆိုင်တဲ့ သတင်းတုသတင်းမှားတွေကို ဖြန့်ချိရင် အရေးယူမယ်လို့ ကိုးကန့် MNDAA က ပြောထားတာတွေလည်း ရှိနေပါတယ်။   လက်ရှိ ဖြစ်ပွားနေတဲ့ လားရှိုးမြို့တိုက်ပွဲအပေါ် လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သူ့ရဲ့အမြင်ကို အခုလိုဆက်ပြောဆိုပါတယ်။ “ကျနော်တို့ပြည်သူအမြင်က ကိုးကန့် MNDAAက ဘာမဆိုအတင်းအဓမ္မအရမ်းလုပ်လို့ မကြိုက်ဘူး။ ပြည်သူအများပိုင်းမကြိုက်ဘူး။ ကိုးကန့်က ကွန်မြူနစ်စနစ်ကျင့်သုံးသွားလိမ့်မယ်။ အခုမုံးကိုး–ဖောင်းဆိုင်ဘက်သိမ်းပိုက်ထိန်းချူပ်နေတဲ့အခြေအနေကိုကြည့်ရင် သူတို့က သူတို့ကြိုက်သလိုလုပ်တယ်။ ပြည်သူ့သဘောထားနဲ့မဟုတ်ဘူး။ တပ်သားစုဆောင်းမယ်ဆိုလည်း ကြိုက်သလိုခေါ်သွားတယ်။ ပြည်သူမှာလူ့အခွင့်အရေးတွေပိုဆုံးရှုံးသွားသလို အခြေအနေရှိနေတယ်။”လို့ ပြောပါတယ်။      လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကတည်းကစပြီး ကိုးကန့် MNDAA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ စတင်ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇူလိုင် ၂၀ ကျော် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း  ခလရ–၄၁၊ ခလရ–၆၈၊ ခမရ–၅၂၂ နှင့် ခမရ–၅၀၇ စတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူနိုင်ခဲ့ပြီး လားရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို အလုံးစုံ သိမ်းပိုက်နိုင်လုနီးပါးအနေအထားမှာတင်ဆက်ရှိနေသေးကြောင်း ဒေသခံတွေပြောပါတယ်။ By –…

    Read More »
  • 26 July
    သတင်း

    ရှမ်းမြောက် ၁၀၂၇  စစ်ဆင်ရေး ဒုတိယမှာ အမျိုးသမီးနဲ့ကလေးသူငယ် ၁၆၀ ဦးထိခိုက်သေဆုံး

    ရှမ်းမြောက် ညီနောင်မဟာမိတ်တပ်ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တိုက်ပွဲကာလ တစ်လအတွင်း အရပ်သား ၃၀၀ ခန့် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ကလေးသူငယ် ၁၆၀ ဦးထိခိုက်သေဆုံးတယ်လို့ တအာင်း PSLF/TNLA က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၂၅) ရက်နေ့ကစပြီး တစ်ကျော့ပြန် ပြန်လည်ဆင်နွှဲလာခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဟာ ဇူလိုင်လ ၂၅ ရက်နေ့မှာ တစ်လပြည့်ပြီဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့်  အရပ်သား ၁၂၅ ဦးသေဆုံးပြီး ၁၆၇ ဦး ဒဏ်ရာရပြီး စုစုပေါင်း ထိခိုက်သေဆုံးတဲ့ အရပ်သား ၂၉၂ ဦးရှိတယ်လို့  PSLF/TNLA ရဲ့သတင်းပြန်ကြားရေးအဖွဲ့က ဇူလိုင် ၂၅ ရက်နေ့ည ထုတ်ပြန်ထားပါတယ်။ အဲဒီထိခိုက်သေဆုံးမှုစာရင်းထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ် ထိခိုက်သေဆုံးမှုစာရင်း စုစုပေါင်း ၁၅၀ ခန့်ရှိတယ်လို့လည်း ဆိုထားပါတယ်။  ဒါ့အပြင် လက်ရှိ စစ်ကောင်စီဘက်က လားရှိုးကိုထိုးစစ်ဆင်နေတဲ့ ကိုးကန့် MNDAA ရဲ့ ထိန်းချူပ်နယ်မြေ သိန္နီ– ကွမ်းလုံ – ရှင်းရွှေဟော်နဲ့ လောက်ကိုင် စတဲ့နေရာတကြောကိုပါ လေကြောင်းပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ကိုးကန့်ဒေသက ပြည်သူတွေ ထပ်မံထွက်ပြေးနေရသလို ဘာသာရေး နဲ့ ပညာရေးကျောင်းတွေအားလုံး ပိတ်ထားရကြောင်း ဆက်လက်သိရပါတယ်။ “စိုးရိမ်ရတယ်။အခုက အနီးနား ကွတ်ခိုင်နဲ့ သိန္နီကြားတွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်။ အဲဘက်မှာ လေယာဉ်နဲ့ဗုံးကြဲတာ ဒီဘက်ကွတ်ခိုင်၊ကောင်းခါးဘက်ထိ ကြားရတယ်။ ဒါကြောင့် စိုးရိမ်မှုနဲ့ပဲ နေနေကြတယ်။ သိန္နီဘက်က အချိန်မရွေးပဲ ဆက်တိုက်ဗုံးကြဲနေတယ်။ နေ့ဆိုရင် အားလုံးကိုယ့်အိမ်ကိုယ်ရှိကြတယ် ညဆိုရင်တော့ အားလုံးရှောင်ကြတယ်။ လောက်ကိုင်–ရှင်းရွှေဟော်– ကွမ်းလုံ – နမ့်ဇလပ် – သိန္နီ ဒီတစ်ကြောအားလုံးတော့ ကျောင်းတွေအားလုံးပိတ်ထားရတယ်။”လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။   စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် လက်ရှိ TNLA ၊ KIA တို့ ထိန်းချူပ်ထားတဲ့ နယ်မြေတွေထဲက ပြည်သူတွေလည်း လေကြောင်းအန္တရာယ် စိုးရိမ်မှုတွေနဲ့ပဲဲ နေနေရတယ်လို့ ဆိုပါတယ်။  KIA ထိန်းချူပ်ထားတဲ့ နမ့်ဖတ်ကာမြို့ထဲမှာလည်း ဘာသာရေးကျောင်းတွေနဲ့ လူအများစုဖွဲ့ပြီး ဝတ်ပြုကိုးကွယ်တာတွေ ရပ်နားထားရသလို စာသင်ကျောင်းတွေကိုလည်း အခြေအနေကို ကြည့်ပြီး ဖွင့်နေကြတယ်လို့ သိရပါတယ်။  “နမ့်ဖတ်ကာမှာလည်း လားရှိုးဘက်တိုက်ပွဲမှာ KIA ပါဝင်နေမှုမရှိရင်လည်း နမ့်ဖတ်ကာဘက်ကလည်း သူတို့စစ်တပ်စခန်းကြီးတပ်စွဲတဲ့နေရာတစ်ခုဖြစ်တာကြောင့် လေကြောင်းသတိထားပြီးတော့ နေနေကြရတယ်။ ဒါကြောင့် အခု ဘုရားကျောင်း ဝတ်ပြုကိုးကွယ်အစီအစဉ်တွေ မလုပ်တော့ဘူး။ သိန္နီဘက် အဘက်ဘက်လေယာဉ်နဲ့ ဗုံးကြဲတာတွေရှိနေတော့ နမ့်ဖတ်ကာကသူတွေလည်း သတိနဲ့ပဲနေနေကြပါတယ်။” လို့ နမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။  ရှမ်းမြောက်မှာ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေထဲ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာတွေလည်းရှိနေတာကြောင့် မြေပြင်မှာ အရပ်သားထိခိုက်သေဆုံးမှုအရေအတွက်နဲ့ ဘာသာရေးကျောင်းဆောင်များ၊ နေအိမ် အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ် သိရှိနိုင်ဖို့ ခက်ခဲနေပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 19 July
    သတင်း

    မိုးမိတ် စစ်ဘေးရှောင် ၁ ထောင်ကျော်အတွက် စားနပ်ရိက္ခာအကူညီတွေလိုအပ်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်မြို့နယ် စစ်ဘေးရှောင် ၁ ထောင်ကျော်အတွက် စားနပ်ရိက္ခာအကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAပူးပေါင်းအဖွဲ့ တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့  မိုးမိတ်မြို့ပေါ်မှာ ဒေသခံတွေ ဘေးလွှတ်ရာ ကျေးရွာတွေနဲ့ မန္တလေးမြို့ ဘက်ကိုအဓိကထွက်ပြေးတိမ်းရှောင်နေကြတာလို့ ပြောပါတယ်။ “၂ မိုင် ၃ မိုင်လောက်ဝေးတဲ့ရွာလေးတွေလည်းရှောင်ကြတယ်။ ကျနော်အခုကူညီနေတာဆို စစ်ရှောင် ၁ ထောင်ကျော်တယ်။ အဓိက တော့ မိုးမိတ်မြို့နယ်ပတ်ဝန်းကျင်မှာ ၉၀၀ လောက်ရယ် မန္တလေးမြို့ရောက် နေတဲ့ ၁၀၀လောက်ရှိတယ်။“လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ယောက်ကပြောပါတယ် လက်ရှိ စစ်ဘေးရှောင်နေသူအများစုဟာ အသက် ၅၀ ကျော်အရွယ်နဲ့ အသက် ၁၅ နှစ်အောက်ကလေးငယ်တွေကအများဆုံးဖြစ်ပြီး အဓိကတော့ စားနပ်ရိက္ခာဖြစ်တယ်လို့ သူကပြောပါတယ်။ အဲ့ဒီစစ်ဘေးရှောင်တစ်ထောင်ကျော်ထဲက စစ်ရှောင် ၉၀၀ ဝန်းကျင်ဟာ မိုးမိတ်မြို့နဲ့ ၂ မိုင်လောက်ပဲဝေးတဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေကြသလို စစ်ဘေးရှောင် ၁၀၀ ကျော်ကတော့ မန္တလေးမြို့က ဘုန်းကြီး ကျောင်းနဲ့ ဆွေမျိုးတွေအိမ်မှာတိမ်းရှောင်နေကြတာလို့…

    Read More »
  • 19 July
    သတင်း

    TNLA ဖမ်းဆီးသွားတဲ့ ကချင်လူငယ် ၃ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦး ပြန်လွတ်လာ

    ရှမ်းမြောက် နမ္မတူမြို့မှာ TNLA ဖမ်းဆီးသွားတဲ့  KIA တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကချင်လူငယ် ၃ ဦး တစ်ရက်ကြာချူပ်နှောင်ခံရပြီးနောက် ပြန်လွတ်ပေးခဲ့ပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နမ္မတူမြို့ နမ်လာ(namlalawk)ရပ်ကွက် မနောမြေစားသောက်ဆိုင်မှာ ထိုင်နေကြတဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကချင်လူငယ် ၃ ဦးကို TNLA တပ်ဖွဲ့က ဇူလိုင် ၁၅ ရက် ည ၁၀ နာရီဝန်းကျင်မှာ ရိုက်နှက်ဖမ်းဆီးသွားရာ ဇူလိုင်လ ၁၆ ရက် ညနေ ၃ နာရီဝန်းကျင် ပြန်လွတ်လာပြီလို့ ဒေသခံတစ်ဦးက  KNG ကိုပြောပါတယ်။ “လူငယ်တွေ ပြန်လွတ်လာပြီ ဇူလိုင် ၁၇ ရက် ညနေ ၃ နာရီခွဲလောက်မှာ ပြန်လွတ်ပေးတယ်။ သတင်းတွေတက်လာတာကြောင့်ဖြစ်မယ်။ သူတို့က ပြန်လာခေါ်ယူခိုင်းလိုက်တယ်။”  လို့ နမ္မတူဒေသခံတစ်ဦးက ပြောပါတယ်။ လူငယ် ၆ ဦး ဖမ်းဆီးခံရပြီးနောက် ဇူလိုင် ၁၆ ရက်နေ့ နမ္မတူက ရပ်မိရပ်ဖတွေနဲ့ မိသားစုဝင်တွေ တွေ့ဖို့လိုက်သွားပေခဲ့ပေမဲ့ TNLA က မပေးတွေ့ပဲ ဇူလိုင် ၁၈ ရက်နေ့လာတွေ့ဖို့ ပြောခဲ့တာဖြစ်ပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့ ည KIA အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး TNLA က နမ္မတူမြို့ တည်းခိုခန်းတစ်ခုကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်နေ့ မွန်းလွဲပိုင်းမှာ ပြန်လွတ်ပေးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်တွေနည်းတူ လားရှိုးမြို့အရှေ့ဘက် မိုင်းယော်အနီး ပန်ရှော်(Bangshau)ကျေးရွာအုပ်ချူပ်ရေးမှူးကို TNLA က ဇွန်လ ၉ ရက်နေ့မှာဖမ်းဆီးသွားပြီး တစ်လအကြာ ဇူလိုင် ၁၂ ရက်နေ့မှာ ပြန်လွတ်ပေးခဲ့ပါတယ်။  ဒေသခံတွေပြောဆိုချက်အရ ဖမ်းဆီးခံပြည်သူတွေ TNLA လက်မှ ပြန်လည်လွတ်မြောက်လာတာဟာ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်ကြောင့်လည်း ပါဝင်တယ်လို့ ပြောဆိုကြပါတယ်။ “သတင်းမီဒီယာတွေရဲ့ သတင်းဖော်ပြမှု၊ အသံထွက်မှုကြောင့် အများပြည်သူသိလာရခြင်းကြောင့် ပြန်လွတ်မြောက်လာခြင်းဖြစ်တယ်။ သတင်းမီဒီယာရဲ့ တစ်ဖက်တစ်လမ်းပါဝင်မှုအားဖြင့် ကျနော်တို့ ဒေသခံပြည်သူတွေကို တတ်နိုင်သလောက် ဆက်လက်ဝိုင်းဝန်းကာကွယ်ကြရအောင်။”လို့ ရှမ်းမြောက်နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ကချင်သတင်းဌာနကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေလဆန်းပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအနီး ခိုမုန်းကျေးရွာက ကချင်အမျိုးသမီးတစ်ဦးကို ကိုးကန့် MNDAA က ဖမ်းဆီးသွားပြီး တစ်လကြာ ချူပ်နှောင်ထားပြီးနောက် ဇွန်လ ၂ ရက်နေ့မှာ ပြန်လွတ်ပေးခဲ့တာဖြစ်ပါတယ်။ ရှမ်းမြောက်မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အရပ်သားပြည်သူတွေကို တပ်သားသစ်အဖြစ်ရိုက်နှက်ဖမ်းဆီးတာ၊ဖမ်းဆီးခံရပြီး လက်လွန်အသက်သေဆုံးတာ၊ လူသူမသိ ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်လိုက်တဲ့ဖြစ်စဉ်တွေမကြာခနကြုံတွေ့နေကြရပြီး ဒါဟာ နိုင်ငံတကာလူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေကြတာလည်း ဖြစ်ပါတယ်။   By – ဂျာဘောက်ရာ

    Read More »
Back to top button