ဖားကန့်
-
Dec- 2024 -16 Decemberသတင်း
ဖားကန့်မှာ ရေကူးသင်ပေးရင်း လူ နှစ်ဦး အသက်သေဆုံးမှုဖြစ်
ဖားကန့်မြို့ ဥရုချောင်းမှာ ရေကူးသင်ရာကနေ အမျိုးသားတစ်ဦးနဲ့ ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှုဖြစ်ခဲ့တယ်လို့ ဖားကန့်မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင် ဖားကန့်ဆေးရုံကြီးနောက်ကျော ဥရုချောင်းမှာ တူနဲ့ တူမကို ရေကူးသင်နေရင်း တူမဖြစ်သူရေနစ်သွားတာကြောင့် လိုက်လံဆယ်ယူခဲ့ရာ တူဝရီးနှစ်ဦးစလုံး ရေနစ်သေဆုံးတာလို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “သူတို့က ဥရုချောင်းဘေးမှနေကြသူတွေပေါ့ အဲဥရုချောင်းထဲ တူနဲ့ တူမဖြစ်သူကို ရေကူးသင်နေရင်း တူမက ရေနစ်သွားလို့ ဦးလေးဖြစ်သူလိုက်ရှာရင်း ဦးလေးကော၊တူမကော ရေနစ်သေဆုံးတာဟုတ်တယ်”လို့ ပြောပါတယ်။ ရေနစ်သေဆုံးတဲ့ တူဝရီးနှစ်ဦးဟာ အသက် ၃၈ နှစ်အရွယ် ကိုအားကျူနဲ့ အသက် ၁၁ နှစ်အရွယ် မစုရတီဖြိုးတို့ဖြစ်ပြီး ဦးလေးဖြစ်သူကို မနေ့ညနေ ၄ နာရီ ၃၈ မိနစ်မှာ ရုပ်အလောင်းပြန်ရှာတွေ့တယ်လို့ သူကဆက်ပြောပါတယ်။ ဒါပေမယ့် တူမဖြစ်သူရဲ့ ရုပ်အလောင်းကို ရှာမတွေ့သေးတာကြောင့် ဒီနေ့ထပ်မံရှာကြမှာဖြစ်တယ်လို့ ဖားကန့်မြို့ခံတွေ ဆိုပါတယ်။ ဖားကန့်မြို့ ဥချောင်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက် အသက် ၂၀ နှစ်အောက် ယောကျာ်လေးနှစ်ဦး ရေဆင်းချိုးရာကနေ ရေနစ်သေဆုံးမှုဖြစ်စဉ်ရှိခဲ့သလို ဇွန်လ ၂၈ ရက်နေ့မှာလည်း အသက် ၃၁ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦး ချောင်းထဲမျောပါသေဆုံးခဲ့ပါတယ်။ By – Zami
Read More » -
10 Decemberသတင်း
ဖားကန့်မြို့အနီး စစ်တပ် ဂိတ် ၄ ခုမှာ ဖြန်သန်းသွားလာခွင့်ကန့်သတ်ထားလို့ လမ်းသွားလမ်းလာပြည်သူများအခက်တွေ့
ကချင်ပြည်နယ် ဖားကန့်မြို့အဝင်အထွက် စစ်တပ်ရဲ့စစ်ဆေးရေးဂိတ် ၄ ခုမှာ လုံခြုံရေးတင်းကြပ်ပြီး ဂိတ်ဖြတ်သန်းခွင့်ကို ကန့်သတ်ထားတာကြောင့် လမ်းသွားလမ်းလာပြည်သူတွေအခက်ခဲဖြစ်နေတယ်လို့ ဖားကန့်မြို့နေပြည်သူတွေဆီကနေ သိရပါတယ်။ မြို့အဝင်မှာရှိတဲ့ စစ်တပ်ရဲ့ ယမ်းချက်စစ်ဆေးရေးဂိတ်၊ လုံးခင်းကျေးရွာထိပ် မျောက်ကုန်းစစ်ဆေးရေးဂိတ်၊ မဇွပ်ယန်ထောင်စစ်ဆေးရေးဂိတ်နဲ့ ၇ မိုင်ရွာ စစ်ဆေးရေးဂိတ်တွေမှာ ဂိတ်ဖွင့်ချိန်ကန့်သတ်ထားတယ်လို့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ရေမဆေးသမားတွေကညဘက်ပဲထွက်ရှာတာများတယ် တချို့လူသစ်တွေဆိုမသိကြဘူးလေး ဟိုနေ့ညလည်းရေမဆေးသမားနှစ်ယောက် ညမှာ အကြောင်းမသိပဲဖြတ်မိတာ။ ဖမ်းသွားတယ်ပြန်တော့လွတ်တယ် ဒါပေမယ့်သူတို့မှာပါတဲ့ ငွေသုံးသောင်းနဲ့ ကျောက်ကြည့်ဓာတ်မီးတွေတော့သိမ်းသွားတယ်တဲ့”လို့ သူကပြောပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ဂိတ်တွေဟာ မနက် ၆နာရီနဲ့ ည ၆ နာရီအထိသာဖွင့်တာဖြစ်ပြီး အခုလိုအချိန်ကန့်သတ်ထားတာကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေနဲ့အများပြည်သူညဘက်သွားလာရေးခက်ခဲတယ်လို့ ရေမဆေးသမားတွေနဲ့နီးစပ်တဲ့ လုံးခင်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် မျောက်ကုန်းဂိတ်အနီးမှာလည်း စစ်ကောင်စီတပ်တွေဟာ အရပ်ဝတ်ဖြင့် လမ်းသွားလမ်းလာပြည်သူတွေကို မကြာခန ဖမ်းဆီးပြီး ငွေညစ်နေတာလည်းဖြစ်ပါတယ်။ “ကျန်တဲ့နေရာမှာမရှိတော့ဘူး ဖားကန့်အနီးတဝိုက် အဲ့ဂိတ် ၄ ခုပဲရှိတော့တယ် အစစ်အဆေးကတော့မထင်ရင်မထင်သလိုကြမ်းတယ်။ တခါတလေ မူးမူးရူးရူးနဲ့ဆင်းလာပြီးမှရစ်တာ စစ်တာမဟုတ်ပဲရစ်တာကပိုဆိုးတယ်ဗျ ဂိတ်ကလေးညခြောက်နာရီနောက်ပိုင်းဆိုဖြတ်မရတော့ သွားချင်လာချင်လဲသွားလာလို့မရဘူးပေါ့ဗျာ”လို့ အသက် ၃၀ ကျော်အရွယ် ဖားကန့်မြိုခံအမျိုးသားတစ်ဦး ကပြောပါတယ်။ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တွေဟာ ဖားကန့်မြို့အလွန် မြို့ရဲ့အနောက်ဘက်ခြမ်းမှာရှိတာဖြစ်ပြီး မြို့အဝင်အ ထွက်တွေကို အဲ့ဒီစစ်ဆေးရေးဂိတ်တွေကနေတင်းကြပ်နေတာလို့ သိရပါတယ်။ ဒေသခံတွေပြောပြချက်အရ အဲ့ဒီစစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ် အင်အား ၃၀ နဲ့၅၀ ဝန်းအမြဲဂိတ်ထိုင်တယ်လို့သိရပြီး ဖားကန့်ကန့်ဗျူဟာကုန်းကစစ်သားတွေနဲ့တပ်အင်အားအမြဲအပြောင်းအလှဲလုပ်တယ်လို့ ဆိုရပါတယ်။ ဖားကန့်မှာ ၂၀၂၄ ခုနှစ်KIA၊KPDFပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲက စစ်ကောင်စီတပ်ထိုင်ထားတဲ့ကျေးရွာတွေဖြစ်တဲ့ တာမခံ၊နန့်ယား၊ဆယ်ဇင်း၊ဆိုင်းတောင်၊ဝှေခါ အစရှိကျေးရွာတွေနဲ့ ရှေ့တန်းစခန်းအမြောက်အများကိုသိမ်းပိုက်ထားပြီး လက်ရှိမှာတော့ဖားကန့်မြို့တွင်းတပ်နဲ့အထက်မှာဖော်ပြခဲ့တဲ့နေရာတွေသာကျန်ရှိတော့တာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
3 Decemberသတင်း
ဖားကန့်မှာ စက်သုံးဆီတစ်လီတာ ကျပ်၂သောင်းဝန်းကျင်ပေးဝယ်နေရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စက်သုံးဆီ 92 တစ်လီတာကို ကျပ် ၂ သောင်းအထိပေးဝယ်နေရပြီး အကန့်အသတ်တွေနဲ့သာရောင်းချပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖားကန့်မြို့နယ်ထဲက စက်သုံးဆီပန့်ဆိုင်ကြီးတွေမှာတော့ စက်သုံးဆီ တစ်ဂါလံကို ကျပ် ၈သောင်း၂ထောင် အထိရှိပြီး မနက်ပိုင်းတစ်ချိန်ပဲအကန့်အသတ်တွေနဲ့ရောင်းချပေးနေတယ်လို့ ဒေသခံတစ်ယောက်ကပြော ပါတယ်။ “တစ်လီတာရေသန့်တစ်ဘူး ၂ သောင်းကျော်တယ်။ ဆီကလိုသလောက်လည်းဝယ်မရဘူး။ ဆီဆိုင်ကြီးနှစ် ဆိုင်ကတော့ မနက်ပိုင်းဆိုရင်ရောင်းပေးတယ်။ ပါဆယ်မရောင်းဘူး။ ကားထဲလိုသလောက်တော့ရောင်းပေး တယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေ တရုတ်နယ်စပ် ကံပိုင်တည် မြို့ကို သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း စက်သုံးဆီဈေးနှုန်းတွေဟာ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး အတိုင်းအတာ နဲ့မြင့်တက်လာတာလို့ဒေသခံတွေကပြောပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီဘက်ကလည်း ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းကစတင်လို့ ကချင်ပြည်နယ်ထဲကို ကံပိုက်တည်နယ်စပ်ဂိတ်ကနေပဲ စက်သုံးဆီတွေကို တင်သွင်းဖို့ ညွှန်ကြားခဲ့တာဖြစ်ပြီး အဲ့ဒီကတည်းက နန့်စီးအောင်ဂိတ်ကနေ ဆီဘောက်ဆာကားတွေဖြတ်သန်းခွင့်ပိတ်ခဲ့တာလို့သိရပါတယ်။ အခုလို စက်သုံးဆီဈေးနှုန်းတွေမြင့်တက်လာတာကြောင့် စက်သုံးဆီကိုမှီခိုပြီး ရပ်တည်နေကြရတဲ့ လုပ်ငန်း တစ်ချို့ရပ်နားထားရပြီး အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။ “ဆီဈေးတက်တော့ ဆိုင်ကယ်နဲ့ လုပ်စားနေတဲ့သူတွေ ဆိုင်ကယ်ကယ်ရီ၊ဆိုင်ကယ်ဈေးသည်တွေပိုပြီး ထိခိုက်တာပေါ့ ကျောက်တူးကုမ္ပဏီတွေအတွက်တော့ အခုအချိန်ထိမထခိုက်သေးဘူး။ သူတို့က ဆီလှောင် ထားတာဆိုတော့ မထိခိုက်နိုင်သေးဘူး” လို့ပြောပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်အတွက် စက်သုံးဆီခွဲတမ်းကို မြစ်ကြီးနားမြို့တစ်ခုတည်းကိုပဲတင်သွင်းခွင့်ပြုမှာဖြစ်ပြီး ကျန်မြို့တွေအားလုံးကိုပိတ်ပင်တားမြစ်လိုက်ကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကပဲ စစ်ကောင်စီရဲ့စွမ်းအင်ဝန်ကြီးဌာနကနေတစ်ဆင့်အသိပေးခဲ့တယ်လို့ သတင်းဌာနအများစုမှဖော်ပြကြပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့ ဒီကနေ့မှာတော့ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့က စက်သုံးဆီပန့် ဆိုင်တွေမှာ စက်သုံးဆီတွေပြန်လည်ရောင်းချပေးနေပြီဖြစ်ပြီး ၉၂ တစ်လီတာ ကျပ် ၁၃၀၀၀ ဝန်းကျင်ပေးဝယ်နေရတယ်လို့သိရပါတယ်။ By – အမိုး
Read More » -
Nov- 2024 -12 Novemberသတင်း
ဖားကန့် မြေစာပုံပြိုကျမှုမှာ ကယ်ဆယ်ရေးလုပ်ဆောင်မှုမရှိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်တာလည်းမတွေ့ရဘူးလို့စုံစမ်းသိရပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း ၁၂ နာရီဝန်းကျင် မှော်စီစာရွာ တင်အောင်ကြိုင်လုပ်ကွက်ဟောင်း မြေနေရာပြိုကျခဲ့တာဖြစ်ပြီး သေဆုံးသူ ၂၀ ဦးထက်မနည်းရှိနိုင်တယ်လို့သိရပေမယ့် ကယ်ဆယ်ရေးလုပ်ဆောင်တာမတွေ့ရဘူးလို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ ဒေသခံတစ်ဦးက ပြောပါတယ်။ “မြေပြိုတဲ့ထဲ ကားနှစ်စီးပါသွားတယ်။ ကုမ္ပဏီဝန်ထမ်း ၃ ယောက် ကားမောင်းတဲ့ ၂ ယောက်ရယ် ယာဥ်နောက်ပါတစ်ယောက်ရယ် ၃ ယောက်ပါသွားတယ်လို့သိရတယ်။ ရေမဆေးသမားတွေက ကားနှစ်စီး မြေစာသွန်တဲ့အားနဲ့ဆိုရင် ခန့်မှန်းခြေနဲ့ကြည့်ရင်တောင် လူက ၂၀ ထက်မနည်းရှိနိုင်တယ်”လို့ပြောပါတယ်။ ဖားကန့်ပြည်သူတွေပြောတာကတော့ မြေစာပုံပြိုကျမှုအဓိက ဖြစ်စဉ်ဟာ မြေစာတင်ကားနှစ်စီး မြေစာသွန်ရာကနေ ပြိုကျမှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။ ဖားကန့်မြို့နယ်မှာ နှစ်စဥ်ဆိုသလို ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပြိုကျမှုတွေကြောင့် ရေမဆေးသမားတွေနှစ်စဥ်သေဆုံးမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင်လကဖြစ်ပွားခဲ့တဲ့ ဝှေခါရွာ မြေပြိုမှုမှာ အရပ်သား ၂၀၀ အထိသေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၂၄ ဇွန်လအတွင်းမှာတော့ မှော်စီစာကျေးရွာမှာပဲ ကျောက်စိမ်းလုပ်ကွက်တစ်ခု မြေစာပြိုကျခဲ့လို့ ရေမဆေးသမားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ By – အမိုး
Read More » -
Oct- 2024 -29 Octoberသတင်း
ဆိုင်းတောင်ပြည်သူတစ်ချို့နေရပ်ပြန်နေထိုင်ခွင့်ရ၊
ဖားကန့် မြို့နယ် ဆိုင်းတောင်ကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ပြည်သူတစ်ချို့နေရပ်ပြန်လာနေထိုင်ခွင့်ရပြီဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ကနေ အောက်တိုဘာလ ၉ ရက်နေ့အထိ တစ်လဝန်းကျင်ကြာမြင့်ခဲ့တဲ့ ဆိုင်းတောင်ကျေးရွာတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ကာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ သို့သော် တိုက်ပွဲငြိမ်သက်သွားတဲ့နောက် အောက်တိုဘာလ နိုဝင်ဘာလ ၇ ရက်နေ့ကစပြီး ဒေသခံတစ်ချို့နေရပ်ပြန်လာနေထိုင်နေပြီဖြစ်ပေမဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ လေကြောင်းနဲ့ဗုံးကြဲတာ၊ ငွေကြေးပေးပြီး နေအိမ်မီးရှို့စေခိုင်းတာတွေကြောင့် အိမ်ခြေ ၂၀၀ ကျော်မီးလောင်ပျက်စ်ီးသွားတဲ့အတွက် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ပြည်သူတွေများစွာရှိနေပါတယ်။ ဒါကြောင့် ဒေသခံတွေဟာနေရပ်ပြန်လာနေကြပေမဲ့ နေစရာအိမ်မရှိတော့တဲ့ အကူညီလိုအပ်နေတယ်လို့ ဆိုင်းတောင်ဒေသခံတွေက ပြောပါတယ်။ “အစကလို ပြန်လာတဲ့သူတွေကတော့ ဆိုင်တွေဘာတွေပြန်ဖွင့်နေပြီ။ အဝေးကိုတိမ်းရှောင်သွားတဲ့သူတွေ၊ မြစ်ကြီးနားဘက်တို့ ဆင်းသွားတဲ့သူတွေကတော့ မပြန်လာဘူး။ မီးလောင်သွားတဲ့အိမ်တွေကိုတော့ KIO ဦးဆောင်ပြီး ရှင်းလင်းရေးတွေလုပ်နေတယ်။ ကုမ္မဏီတွေကိုခေါ်ပြီး ကုမ္မဏီတစ်ခု ကားတစ်စီးနဲ့ နေ့တိုင်းလုပ်အားပေးလုပ်နေတယ်” လို့ ဖားကန့် ဆိုင်းတောင် ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတွေနေရပ်ပြန်လာနိုင်ဖို့ အောက်တိုဘာလ လဆန်းပိုင်းကစပြီး KIO ဘက်က ဦးဆောင်ကာ ပရဟိတအသင်းများရွာသူ၊သားများနဲ့ ရှင်းလင်းရေးလုပ်ဆောင်နေပြီး ရပ်ကွက်တစ်ခုပြီးတစ်ခု တစ်သုတ်ပြီးတစ်သုတ် ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုနေပြီဖြစ်တယ်လို့ သိရပါတယ်။ သို့သော် တစ်ချို့ရက်ကွက်တွေကတော့ ရှင်းလင်းရေးလုပ်ဆောင်မှုမပြီးပြတ်သေးတဲ့အတွက် ရွာထဲပြန်လည်နေထိုင်ဝင်ခွင့်မရသေးသူတွေရှိသလို နေအိမ်မရှိတော့တစ်ချို့တစ်ဝက်ဟာ ဖားကန့်မြို့ အနီးအနားကျေးရွာတွေရှိ ဘာသာရေးအဆောက်အအုံ၊ စစ်ရှောင်စခန်းတွေမှာ ဆက်လက်ခိုလှုံနေကြရပြီး မြစ်ကြီးနားမြို့ဘက်ကို တိမ်းရှောင်သွားသူတွေလည်းများတယ်လို့ ဆိုပါတယ်။ ရွာထဲဝင်ခွင့်မပြုသေးတဲ့နေရာတွေဟာ ကျောက်တွင်းတောင်၊ ဖားပြင်၊ ယူမာကျေးရွာ(ကျောက်ဝိုင်း) ဘက်က ဒေသခံပြည်သူတွေနဲ့ ယူမာရွာနဲ့ကပ်ရပ် ဆိုင်းတောင် ရပ်ကွက် ၃ နေရာတွေဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ မီးလောင်ပျက်စီးသွားတဲ့နေအိမ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIO ဘက်ကဦးဆောင်ပြီး ရှင်းလင်းရေးတွေလုပ်ဆောင်ပေးနေပေမဲ့ ပြန်လည်ထူထောင်ရေးအတွက် တာဝန်ယူဖို့ အစီအစဉ် ရှိမရှိကိုတော့ မသိရဘူးလို့ ဒေသခံတွေဘက်က ပြောပါတယ်။ “ပြန်လည်ထူထောင်ရေးအတွက်ကတော့ စီမံကိန်းရှိမရှိ ကျနော်တို့လည်းမသိရဘူး။ KIO ဘက်က လက်ရှိမှာတော့ စစ်ရှောင်တွေကို ကုမ္မဏီတစ်ခုချင်းစီကနေ ဆန်ဘယ်နှအိတ်ဆိုပြီး ဦးစီးလှူဒါန်းပေးတာတွေတော့ ရှိတယ်။ ကူညီမှုတွေတော့ အများကြီးလိုအပ်နေတယ်။ အားလုံး ပြောင်သလင်းခါသွားပြီလေ။ နေအိမ်တွေ ပြန်လည်ဆောက်ယူဖို့က ဒီအချိန်မှာ မလွယ်ဘူးဒါကြောင့် ကူညီမှုအရမ်းလိုအပ်နေတယ်။ ကုန်စျေးနှုန်းတွေက မြှင့်နဲ့ တော်တော်ခက်ခဲတာပေါ့” လို့ ဆိုင်းတောင်ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ တစ်လခန့် ကြာမြှင့်ခဲ့တဲ့ ဆိုင်းတောင်တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကြောင်းကနေ မြေပြင်ကနေ မီးလိုက်ရှို့လို့ အရပ်သားနေအိမ် ၁၇၅ ခု မီးလောင်ဆုံးရှုံး ပြာကျသွားပြီး စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အိမ်ခြေ ၆၈ အိမ်အပြင် တိုက်ပွဲကာလအတွင်း သူခိုးဖောက်ထွင်းမှုကြောင့် ပျက်စီးသွားတဲ့ အိမ်ခြေ ၃၀ ခန့်ရှိတယ်လို့လည်း KIO ကဆိုပါတယ်။ ဒါ့အပြင် ဆိုင်းတောင်တိုက်ပွဲမှာ အရပ်သား ၁၆ ဦးသေဆုံးခဲ့ရပြီး ၃၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးသတင်းဌာနရဲ့ဖော်ပြထားချက်အရ ဆက်လက်သိရပါတယ်။ တိုက်ပွဲကြောင့် အသက်အိုးအိမ်ဆုံးရှုံး နစ်နာသွားသူတဲ့ ဒေသခံပြည်သူတွေအတွက် သက်ဆိုင်ရာ KIO ဘက်က ဦးစီးတာဝန်ယူလုပ်ဆောင်သွားဖို့ စီမံကိန်းရှိမရှိကိစ္စနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG သတင်းဌာနမှ ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ ဖားကန့်မြို့ကနေ မြောက်ဘက် ၃ မိုင်လောက်အကွာမှာရှိတဲ့ ဆိုင်းတောင်ကျေးရွာရဲစခန်းကို KIA သိမ်းပိုက်လိုက်ပြီး Luck Man Hotel ထဲ ဝင်ရောက်တပ်ချလိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ထက်မနည်းကို တစ်လခန့်ကြာ တိုက်ခိုက်ရှင်းလင်းလိုက်ပြီးနောက် အောက်တိုဘာ ၉ ရက်နေ့ကစပြီး ဆိုင်းတောင်တစ်လျှောက်ကို KIA နဲ့ PDF တပ်ပေါင်းစုတွေထိန်းချူပ်လိုက်ပြီဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
2 Octoberသတင်း
ဖားကန့်မှာ သတင်းထောက်နှစ်ဦးကို KIA ဖမ်းဆီးထား
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သတင်းထောက်နှစ်ဦးကိုဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူနှစ်ဦးနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေအပါအဝင် ဒေသခံတစ်ချို့ ပြောပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့ တစ်ရက်ခြားပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သတင်းထောက်နှစ်ဦးနဲ့ ရင်းနှီးသူတစ်ဦးက KNG ကို အခုလိုပြောပါတယ်။ “၂၉ ရက်နေ့ကထင်ပါတယ်။ ကိုတာလင်းမောင် ကိုသူနေတဲ့နေရာမှာလာခေါ်တယ် သေနတ်တွေ ကိုင်ထားတဲ့သူတွေပေါ့ မျက်မြင်သက်သေတွေရဲ့ပြောပြချက်အရတော့ KIA လို့ပြောတယ်။ အဲ့အချိန်မှာ ကိုတာကမရှိဘူး လာခေါ်တဲ့အချိန် ကိုတာကမရှိဘူး။ ဒါပေမဲ့သူ့ကိုလာခေါ်တာသိတော့ သူကရှောင်မနေပါ ဘူး။ တစ်ခုခုရှင်းစရာရှိရင်ရှင်းမယ်ဆိုပြီး ရှောင်မနေပဲလိုက်သွားတဲ့သဘောပေါ့နော်”လို့ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ သတင်းထောက်နှစ်ဦးထဲက ကိုတာလင်းမောင်ဟာ Red News Agency သတင်းတိုက်ရဲ့ အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်ပြီး ကိုနောင်ရိုးလည်း ဖားကန့်ဒေသထဲမှာ အလွတ်တန်းသတင်းထောက်အဖြစ်ရပ်တည်နေသူဖြစ်တယ်လို့ ရင်းနှီးသူတွေကပြောပါတယ်။ သတင်းထောက် ကိုတာလင်းမောင် ဖမ်းခံရတာနဲ့ပတ်သက်ပြီး တာလင်းမောင်အသိမိတ်ဆွေတွေပြောဆိုချက်အရ ဖမ်းဆီးမခံရခင်တင်ထားတဲ့ ပို့စ်ကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဖမ်းဆီးမခံရခင်ရေးသားခဲ့တဲ့ပို့စ်ဟာ” ဆိုင်းတောင်တိုက်ပွဲအတွင်း လုံခြုံရေးကင်းစောင့်နေတဲ့ KIA/KPDF တပ်ဖွဲ့ကို အသိမပေးဘဲ Jade Garden ရေကူးကန်နဲ့ အားကစားကွင်းနေရာမှာပိတ်မိနေတဲ့ ဝန်ထမ်းတွေကို KIA အရာရှိ Lion ဆိုသူရဲ့စေခိုင်းချက်ကြောင့် လူခိုးထုတ်တဲ့အခြေနေနဲ့ပတ်သက်ပြီး” ရေးသားထားတာတွေ့ရပါတယ်။ “သူတို့နှစ်ယောက်လုံးကတော့ဖားကန့်သတင်းတွေကို ဒိုင်ခံရေးနေတဲ့ သူပေါ့နော်။ ကိုတာလင်းမောင်ဆိုရင် သတင်းရေးတဲ့အပြင်မှာမှ တစ်ချို့ဟာတွေလည်းပြင်းပြင်းထန်ထန်သုံးသပ်တာတွေ ရှိတယ်။ FB မှာဆိုရင် တင်တယ်။ အဓိကတော့ စစ်ပွဲတွေနဲ့ အကျိုးစီးပွားတွေနဲ့ပတ်သက်ပြီးသူရေးနေတာ တွေရှိတယ်။ ဒီရှေ့ရက် မှာဆိုရင် KIA အရာရှိတစ်ချို့ အာဏာပါဝါအလွဲသုံးစားလုပ်ပြီး လူခိုးထုတ်တာတို့ဘာတို့ပေါ့ အဲ့တာသူရေး တင်ထားတာရှိတယ်။ အခုခေါ်သွားတာဟာ ဒါနဲ့ဆက်စပ်မှုရှိလားဆိုပြီးတွေးမိတာပေါ့နော်။ပြီးတော့ နှောင်ရိုးဖမ်းခံရတာကျတော့ ဘာကြောင့်ဖြစ်နိုင်လဲဆိုတာ မပြောတတ်ဘူး”လို့ ကိုတာလင်းမောင်နဲ့နီးစပ်နဲ့ မိတ်ဆွေတစ်ဦးက ဆက်ပြောပါတယ်။ သတင်းထောက်တာလင်းမောင် ဖမ်းဆီးမခံရင် နောက်ဆုံးရေးသားခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ ရုပ်သံကို KNG သတင်းဌာနကလည်း ရရှိထားပါတယ်။ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရပြီးချိန်ကစလို့ ဒီနေ့အထိအဆက်အသွယ်တစ်စုံတစ်ရာမရရှိသေးပဲ သူတို့ နှစ်ဦးဟာ ဖားကန့်မြို့နယ်အတွင်းကသတင်းတွေနဲ့ပတ်သက်လို့ဒိုင်ခံရေးနေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ KNG က KIO/KIA ရဲ့သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူကြီးနော်ဘူကိုဆက်သွယ်ခဲ့ပေမယ့် ဒီသတင်းနဲ့ပတ်သက်လို့မကြားမိသေးကြောင်း အတည်ပြုမေမြန်းရအုံးမှာ ဖြစ်တဲ့အကြောင်းသာ ဖြေဆိုပါတယ်။…
Read More » -
1 Octoberသတင်း
ဖားကန့်- မြစ်ကြီးနားကားခတစ်ဆမြင့်တက်
ကချင်ပြည််နယ် ဖားကန့် – မြစ်ကြီးနားလမ်း ကားခတစ်ဆမြင့်တက်နေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ ဆိုင်းတောင်ကျေးရွာမှာ စက်တင်ဘာလ ၇ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲစပြင်းထန်လာတဲ့အတွက် ဖားကန်မြို့ပေါ်နဲ့ အနီးဝန်းကျင်နေထိုင်တဲဲ့ပြည်သူတွေ မြစ်ကြီးနားဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့အတွက် ကားခစျေးမြင့်တက်လာတာဖြစ်ပါတယ်။ “လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်း ကနေ ဒီကနေ့အထိပဲအုံလိုက်ကျင်းလိုက်ကိုပြောင်းလာနေကြတာ ခရီးသည်ကများ ကားသမားတွေလည်းတိုက်ပွဲတွေကြားသွားလာရတာဆိုတော့ ကားသမားတိုင်းမသွားနိုင်ဘူးလေး အဲ့ကြောင့်ကားခပိုတောင်းရတာပေါ့ အခုလောလောဆယ် နှစ်သိန်းခွဲအထိရှိတယ်ဗျအမြင့်ဆုံးစျေး”လို့ အမည်မဖော်လိုတဲ့ကားသမားတစ်ဦးကပြောပါတယ်။ မြစ်ကြီးနား–ဖားကန့်ကြားမှာ ပုံမှန်အားဖြင့် ခရီးသည်တစ်ဦးကို ကားနောက်ခန်း ကျပ် ၁၃၀၀၀၀ (တစ်သိန်း သုံးသောင်း) ၊ ကားအရှေ့ခန်း ကျပ် ၁၅၀၀၀၀ ( တစ်သိန်း ငါးသောင်း)သာရှိပေမယ့် လက်ရှိ ခရီးသည်တစ်ဦးကို ကားအနောက်ခန်း ကျပ် ၂၀၀၀၀၀ (နှစ်သိန်း) ကားအရှေ့ခေါင်းခန်းဆိုလျှင် ကျပ် ၂၅၀၀၀၀ ( နှစ်သိန်းငါးသောင်း) အထိရှိတယ်လို့ သိရပါတယ်။ ဖားကန့်ဘက်က မြစ်ကြီးနားဘက်ကို စစ်ရှောင်လာတဲ့ပြည်သူတွေဟာ နေ့စဉ်ရာဂဏန်းနဲ့ဝင်ရောက်နေတာကြောင့် မြစ်ကြီးနားမြို့ပေါ် ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာလည်း လူပြည့်လျှံနေပြီလို့ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက ပြောပါတယ်။ “ဘယ်ဟိုတယ် ဘယ်တည်းခိုခန်းမှမလွတ်ဘူး ရှိသမျှဟိုတယ်တွေတည်း ခိုခန်းတွေအကုန်ဖားကန့်ဘက်က စစ်ရှောင်လာတဲ့လူနဲ့ပဲပြည့်နေတာ လူသိတဲ့တဲ့ဂျောင်ကျတဲ့တည်းခန်းတွေလောက်ပဲရှိတော့တယ်။ မြို့ထဲတော့အပြည့်ပဲ ဟိုတယ်ခ တည်းခိုခန်းခတွေတော့ စျေးမတက်ဘူးပုံမှန်ပဲ”လို့ ပြောပါတယ်။ လက်ရှိမြစ်ကြီးနားဘက်ကိုတိမ်း ရှောင်လာကြသူတွေဟာဖားကန့်မြို့ပေါ်ကပြည်သူတွေနဲ့ လုံးခင်း၊ဆိုင်းတောင်ဘက်၊ မရှီကထောင် စစ်ရှောင်တွေများတယ်လို့သိရပါတယ်။ မြစ်ကြီးနားမြို့ပေါ်ကိုရောက်လာတဲ့ ဖားကန့်စစ်ဘေးရှောင်တွေထဲကအချို့ဟာ မြစ်ကြီးနားကနေတဆင့် မန္တလေး ၊ရန်ကုန်ဘက်ကိုထွက်ခွာသွားတဲ့များတာကြောင့်လက်ရှိ မြစ်ကြီးနား–မန္တလေး– လေယာဥ်လက်မှတ်တွေဝယ်ယူရခက်နေပြီး လက်မှတ်တစ်စောင်ကို ကျပ် ၁၀ သိန်းအထိပေါက်စျေးရှိတယ်လို့သိရပါတယ်။ ဖားကန့်မြို့နယ်ထဲမှာ စခန်းသိမ်းတိုက်ပွဲတွေ ဒီနှစ်ဆန်းပိုင်းကတည်းက ခပ်စိပ်စိပ်ဖြစ်လာနေပြီး လက်ရှိ ဆိုင်းတောင်၊ နန့်ယား၊တာမခံ၊ ဆယ်ဇင်း၊လမောင်ဗျူဟာကုန်း၊နန့်တိန်အပါအဝင် ရှေ့တန်းစခန်း ၉ ခုထက်မနည်းကို KIA၊KPDF ပူးပေါင်းတပ်တွေသိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဖားကန့်မြို့ဟာ ကမ္ဘာ့ကျောက်စိမ်းထွက်ရှိရာဒေသဖြစ်ပြီး ခေတ်အဆက်ဆက် အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းအလုပ်လာရောက်လုပ်ကိုင်သူများတဲ့အတွက် လူဦးရေထူထပ်တဲ့နေရာဒေသတစ်ခုလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Sep- 2024 -25 Septemberသတင်း
ဖားကန့်မှာ တိုက်ပွဲကြောင့် ပြည်သူတွေ ရာနဲ့ချီစွန့်ခွာနေ
ဖားကန့် ဆိုင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဖားကန့်မြို့ထဲက ပြည်သူတွေ ရာနဲ့ချီနေ့စဉ် ထွက်ခွာနေကြတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ ဆိုင်းတောင်ကျေးရွာကို စစ်ကောင်စီတပ်တွေ စတင်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း ဖားကန့်ဒေသမှာရှိကြတဲ့ ပြည်သူတွေအများအပြားဟာ…
Read More » -
25 Septemberသတင်း
ဖားကန့်မှာ စစ်ဘေးရှောင် ၆ ထောင်ခန့်အထိရှိလာပြီး စစ်ရှောင်အကူညီအရေးပေါ်လိုအပ်နေဆဲ
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင်ပြည်သူ ၆ ထောင်ခန့်ရှိလာပြီး စစ်ရှောင်တွေအတွက် အရေးပေါ်အကူညီလိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့အထိ စစ်ဘေးရှောင် ၄ ထောင်ရှစ်ရာအထိသာရှိခဲ့ပေမယ့် ၂၀ ရက်နောက်ပိုင်းမှာ စစ်ရှောင်ဦးရေ ၆ ထောင်ခန့်ထိမြင့်တက်လာတာလို့ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “၁၉ ရက်နေ့ မတိုင်ခင်အထိတော့ စစ်ရှောင် ၄ ထောင်ကျော်ပဲရှိသေးတယ်။ ဒီ ၂၀ ရက်နောက်ပိုင်း ပြည်သူတွေက နေ့တိုင်းလိုလိုရှောင်ကြတာ အခု ၆ ထောင်လောက်ရှိသွားပြီ။ အခုတိမ်းရှောင်ကြတဲ့ထဲမှာ ဆိုင်းတောင်တစ်ခုထဲမကတော့ဘူး။ ဆိုင်းတောင်တိုက်ပွဲကြောင့်ဆိုရင် ဖားကန့်မြို့တွင်းပါမယ်။ ပြီးရင် ယူမာရှောင်ရင် မရှီကထောင်လည်းအကုန်ရှောင်ကြပြီ။ မြစ်ကြီးနားဘက်ကို ဆင်းသွားတဲ့ သူတွေတောင်အရမ်းများတယ်”လို့ပြောပါတယ်။ လက်ရှိ စစ်ဘေးရှောင် ၆ ထောင်ကျော်ခန့်ကို ဖားကန့်မြို့နယ်ထဲက ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆွေမျိုးအိမ်နဲ့ တောနေရာအပါအဝင် နေရာ ၂၇ ခုသတ်မှတ်ပေးထားပြီး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင် ၆ ထောင်ခန့်ထဲမှာ ဆိုင်းတောင်ကျေးရွာက ပြည်သူတွေအားလုံးနီးပါးပါဝင်ပြီး ဆိုင်းတောင်ကျေးရွာနဲ့ ထိစပ်တဲ့ စပေါ့၊ ယူမာ၊ မရှီကထောင် စတဲ့ ကျေးရွာက ပြည်သူတွေလည်း ပါဝင်တယ်ပြောပါတယ်။ ဖားကန့်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တိုက်ပွဲစတင်လာတဲ့ စက်တင်ဘာ ၇ ရက်ကနေ ကုန်ကားအဝင်မရှိတဲ့အတွက် မြို့ထဲ ကုန်စုံဆိုင်တစ်ချို့ကုန်ပစ္စည်း ပြတ်လပ်သွားတဲ့အပြင် ကုန်စုံဆိုင်ကြီးတွေအများပိုင်းလည်းပိတ်ထားပြီး လက်ကျန်ရောင်းနေသေးတဲ့ ကုန်ပစ္စည်းတွေကလည်း စျေးနှုန်းအဆမတန်မြင့်တက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖားကန့်မြို့မှာရှိတဲ့ ရေသန့်စက်ရုံတွေလည်း ယာယီပိတ်ထားတာကြောင့် သောက်သုံးရေပြတ်လပ်ဒဏ်ကိုကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါကြောင့် ငွေကြေးတတ်နိုင်တတ်နိုင်သူတွေလည်း ကုန်ပစ္စည်းဝယ်ယူနိုင်ဖို့ ခက်ခဲနေပြီး တစ်ဖက်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူထောင်ချီအတွက် ပိုပြီးအခက်အခဲဖြစ်စေတယ်လို့ ဖားကန့် စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “အခုက ဘယ်ဖြစ်လာလဲဆိုတော့ ပိုက်ဆံရှိနေရင်တောင် အစားအသောက်ဝယ်စားနိုင်ဖို့ ခက်ခဲလာတယ်။ ဘာလို့လဲဆိုတော့ စစ်ရှောင်တွေက အရမ်းများလာတယ်။ ဆိုင်ကြီးတွေက ပိတ်ထားတာများလာတယ်။ လူထောင်ချီစာအတွက်ဝယ်ယူဖို့ ခက်ခဲတယ်။ ပြီးရင် သောက်ရေသန့် ထုတ်တဲ့ စက်ရုံတွေပိတ်ထားလို့ သောက်ဖို့ ရေတောင်ခက်ခဲသွားပြီ။ နောက်တစ်ခုဆေးဝါး လုံးဝ ဝယ်ဖို့ အရမ်းခက်ခဲသွားပြီ ဆေးဆိုင်တွေ အကုန်ပိတ်ထားတယ်။ ဒီအချက်တွေက အခုလောလောဆယ်ကူညီပေးဖို့ လိုအပ်နေတာဖြစ်တယ်”လို့ပြောပါတယ်။ KIO/KIA ဘက်ကနေ ဆေးဝါးတွေကို အရေးပေါ်အတွက်သာပြင်ဆင်ထားတာဖြစ်တဲ့အတွက် စစ်ရှောင်နေရာတွေမှာ နားမကျန်းဖြစ်တဲ့ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေအတွက် ဆေးဝါးတွေအရေးပေါ်လိုအပ်နေတယ်လို့ သူကဆက်ပြောပါတယ်။ လက်ရှိ စစ်ဘေးရှောင် ၆ ထောင်ခန့် အတွက် တိမ်းရှောင်နေတဲ့ ကျေးရွာအလိုက် တာဝန်ရှိ အုပ်ချုပ်ရေးအဖွဲ့နဲ့ လူမှုကူညီရေးတွေ ပူးပေါင်းပြီး လတ်တလောစားဝတ်နေအတွက် ဖြေရှင်းပေးနိုင်ပေမယ့် တိုက်ပွဲကာလ ဒီထက်ပိုပြီး ကြာမြင့်လာရင် အစားအသောက်ပြတ်လပ်တာတွေ ဖြစ်လာနိုင်တယ်လို့ ကူညီဆောင်ရွက်ပေးတဲ့ သူတွေကပြောပါတယ်။ လတ်တလောစစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်း၊ အမိုးအကာ၊စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ သောက်သုံးရေတွေအဓိက လိုအပ်နေတယ်လို့လည်း သိရပါတယ်။ ဆိုင်းတောင်ကျေးရွာမှာ ဒေသခံပြည်သူတွေအားလုံး တိမ်းရှောင်သွားကြပြီးနောက် ကျေးရွာအဝင်ပေါက် အားလုံးကို KIA ပူးပေါင်းတပ်က ကြိုးသွယ်တန်းကာပိတ်ထားပြီး တိုက်ပွဲဖြစ်နေတဲ့ Lucky Man Hotel ထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ထွက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဆက်ဖြစ်နေတာလည်းဖြစ်ပါတယ်။ စက်တင်ဘာလ ၂၄ ရက်နေ့ထိ ဆိုင်းတောင်တိုက်ပွဲမှာ စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တိုက်ခိုက်မှုဆက်တိုက်လုပ်နေဆဲဖြစ်ပြီး နှစ်ဖက်တပ်တို့အကြား စစ်ရေးတင်းမာနေဆဲလည်းဖြစ်ပါတယ်။ မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးကာလအတွင်း ဖားကန့်မြို့နယ်ထဲက နန့်တိန်၊နန့်ယား၊တာမခံ၊ဝှေခါ၊ဆယ်ဇင်း၊ လမောင်တပ်စခန်းကုန်းအပါအဝင် တပ်စခန်းနေရာ ၉ခုထက်မနည်း သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
23 Septemberသတင်း
Lucky Man ဟိုတယ်မှာ စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ရှိနေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြော
ဖားကန့် မြို့နယ် ဆိုင်းတောင်ကျေးရွာ Lucky Men ဟိုတယ်တွင်း စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင် ဒီနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ ထိရှိနေသေးတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဆိုင်းတောင်ကျေးရွာ ရပ်ကွက် ၄ မှာရှိတဲ့ Lucky Man ဟိုတယ်ကနေ ဒီနေ့ထိထွက်ခွာသွားခြင်းမရှိဘဲ ဆက်ရှိနေသေးတဲ့အတွက် KIA ပူပေါင်းတပ်ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်တယ်လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “Lucky Man ဟိုတယ်ထဲမှာရှိနေတဲ့ အင်အား ၅၀ လောက်က အခုချိန်အထိ မထွက်လာသေးဘူး။ အဲဒါကြောင့် KIA ပူပေါင်းတပ်တွေကလည်း လမ်းကြောင်းအားလုံးကို ပိတ်ထားတယ်။ စစ်တပ်ဘက်ကလည်း အဲဒီစစ်ကြောင်းတွေကို ကယ်ထုတ်ဖို့ရန်အတွက် စစ်တပ်ကုန်းကနေ လက်နက်ကြီးတွေလှမ်းထုတယ်။ ပြီးရင် လက်နက်ကြီးတွေနဲ့ နေ့တိုင်းလာပစ်တယ်။ အဲကြောင့် ဒေသခံပြည်သူတွေရဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီးသွားတယ်။ ဖားကန့်မြို့တစ်ခုလုံးမှာရှိတဲ့ ပြည်သူတွေလည်း ကြောက်လန့်ပြီးတော့ စစ်ရှောင်နေကြတယ်”လို့ပြောပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့ ဒီနေ့အထိ နှစ်ဖက်လက်နက်ကိုင်အဖွဲ့အချင်းချင်း လမ်းကြောင်းအပြန်အလှန်ပိတ်ဆို့ထားသလို ဖားကန့် ဗျူစစ်တပ်ကုန်းကနေ တိုက်ပွဲဖြစ်တဲ့ ဆိုင်းတောင်ရွာဘက်ကို လက်နက်ကြီးတွေ အဆက်မပြတ်ယမ်းသမ်းပစ်ခတ်နေတာကြောင့် တိုက်ပွဲပိုပြင်းထန်နေတာလို့ ဒေသခံတွေပြောပါတယ်။ အလားတူ KIA ပူးပေါင်းတပ်ဘက်ကလည်း ဗျူဟာကုန်းဘက်ကို တန်ပြန်ပစ်ခတ်တာတွေလုပ်နေပြီး စစ်ကောင်စီဘက်ကနေ တစ်ရက်ကို ၂ ကြိမ်နှုန်း လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လူနေအိမ် မီးလောင်ပျက်စီးတာတွေ ဆက်လက်ရှိနေတယ်လို့လည်း သိရပါတယ်။ ဖားကန့် ဆိုင်းတောင်တိုက်ပွဲဟာ တစ်ရက်ပြီးတစ်ရက် ပိုမိုပြင်းထန်လာတဲ့အတွက် ဖားကန့်မြို့တွင်းကုန်စုံဆိုင်ရောင်းဝယ်တဲ့ လုပ်ငန်းရှင်တွေ၊ ကျောက်စိမ်းလုပ်ငန်းရှင်တစ်ချို့တွေ လုပ်ငန်းတွေ ရပ်တန့်ထားပြီး စွန့်ခွာတဲ့ သူတွေများပြားလာတယ်လို့ သိရပါတယ်။ လက်ရှိ ဖားကန့်တိုက်ပွဲနဲ့ ပတ်သက်ပြီး ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက အခုလို ဆက်ပြောပါတယ်။ “ဆိုင်းတောင်တိုက်ပွဲသတင်းက မနေ့ည အထိ ပြင်းပြင်းထန်ထန်ပစ်ခတ်နေကြတုန်းပါပဲ။ အခုအဓိက တိုက်ပွဲဲဖြစ်နေတဲ့ နေရာက Lucky Man Hotel နဲ့ ယူမာကျောက်မျက်ရုံး ၊ အနောက်ဖက်ခြမ်း ဥရုချောင်းနဲ့ ဂွေခါ ချောင်းဆုံအနီးတဝိုက်မှာပဲ တိုက်ပွဲက ဆက်ဖြစ်နေတာ”လို့ပြောပါတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့မှာလည်း ယူမာကျေးရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA တပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က တစ်ပြိုင်နက် ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဆိုင်းတောင်တိုက်ပွဲဟာ စက်တင်ဘာလ ၇ ရက်နေ့ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကာလကြာမြင့်လာတာနဲ့အတူ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများလာသလို ဆိုင်းတောင်ကျေးရွာအပါ ထိစပ်တဲ့ ကျေးရွာအသီးသီးက ဒေသခံပြည်သူ ၅ ထောင်ဝန်းကျင်ခန့်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ရက်ပေါင်း ၂၀ ကျော်အတွင်း စစ်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပြင် လက်နက်ကြီးနဲ့အပြန်အလှန်ပစ်ခတ်တာတွေကြောင့် လူနေအိမ် ၅၀၀ ခန့် မီးလောင်းပျက်စီးမှုရှိနိုင်တယ်လို့ ဖားကန့် ဒေသခံ လူမှုကူညီရေးအဖွဲ့တွေကပြောပါတယ်။…
Read More »









