BGF
-
Nov- 2024 -11 Novemberသတင်း
ဆော့လော်မြို့နယ်တွင်း နောက်ဆုံးကျန်ရှိနေတဲ့ လန်ဆယ်ပြည်သူ့စစ် တပ်စခန်းကို KIA သိမ်းပိုက်လိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်
ကချင်ပြည်နယ် ချီဖွေခရိုင် ဆော့လော်မြို့နယ် လန်ဆယ်(Lanse) မြို့တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ KIO ပြောပါတယ်။ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လန်ဆယ်ပြည်သူ့စစ်နေရာကို နိုဝင်ဘာလ ၁၀ ရက်နေ့ အပြီးသတ် သိမ်းပိုက်လိုက်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “လန်ဆယ်ကိုတော့ မနေ့က နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်မှာ အပြီးသတ်သိမ်းလိုက်ပြီ။ အဲဒီနေရာမှာက တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေ နေရာယူထားတဲ့ နေရာဖြစ်တယ်။ သူတို့ကိုယ်တိုင်လည်း လက်ရှိ အခြေအနေကို နားလည်သဘောပေါက်ကြတာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်တာမရှိဘူး။ ဒါကြောင့် ထိခိုက်သေဆုံးမှုမရှိဘဲ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်”လို့ပြောပါတယ်။ လန်းဆယ်ပြည်သူ့စစ်နေရာမှာ ပြည်သူ့စစ် အင်အား ၃၀ ဝန်းကျင်နဲ့ တပ်နေရာတစ်ခုသာရှိတာဖြစ်ပြီးတော့ တိုက်ခိုက်မှုမရှိဘဲ သိမ်းပိုက်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ KIA ပူးပေါင်းတပ်တွေ ဝင်ရောက်လာတဲ့ အချိန် တန်ဂူးတန် ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဘက်လည်း နားလည်သဘောပေါက်စွားနဲ့ တပ်ဆုတ်ခွာသွားကြတာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် လန်းဆယ်တိုက်ပွဲမှာ နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုမရှိတဲ့အပြင် တစ်ရက်အတွင်းမှာပဲ သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသတစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေတပ်ချကာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ “လန်ဆယ်မှာက တခြားတပ်တွေမရှိဘူး။ ပူတာအိုက တန်ဂူးတန် ပြည်သူ့စစ်အဖွဲ့ တစ်ခုထဲရှိပါတယ်။ အဲ့ဒါကြောင့် KIA တပ်တွေ ဝင်ရောက်လာတဲ့အချိန် ပြင်းပြင်းထန်ထန် တိုက်ခိုက်တာမရှိဘူး။ လက်ရှိအခြေအနေကို နားလည်သဘောပေါက်တယ်။ တစ်ဖက်မှာ ပြည်သူလူထုတွေ ထိခိုက်သေဆုံးတာမရှိသလို နှစ်ဖက်တပ်လည်း ထိခိုက်သေဆုံးတာမရှိဘူး။ ဒီကနေ့အထိတော့ လန်းဆယ်ဒေသကို KIA ဘက်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတဲ့ အနေအထားမှာပဲရှိနေသေးတယ်”လို့ပြောပါတယ်။ လန်ဆယ်မြို့ဟာ ဆော့လော်မြို့နယ်ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ BGF တပ်စခန်းရှိတဲ့ နေရာဖြစ်ပြီး ဆော့လောက်မြို့နယ်တစ်ခုလုံး KIA ထိန်းချုပ်နယ်မြေထဲရောက်ရှိသွားပြီဖြစ်ပါတယ်။ အခုလို လန်ဆယ်မြို့ သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက အခုလို ဆက်ပြောပါတယ်။ “လန်ဆယ်ကို မနေ့က မနက်ပိုင်း သိမ်းလိုက်ပြီ။ လန်ဆယ်မှာရှိတဲ့ ပြည်သူ့စစ်တွေ အကုန်ထွက်ပြေးကုန်တယ်။ အခုက ကချင်အထူးဒေသ(၁) နေရာမှာ ကန်ပိုင်တည် တစ်ခုဘဲကျန်တော့တယ် မရှိတော့ဘူး။ အထက်ဘက်မှာက ခေါင်လန်ဖူးပဲကျန်တော့တယ်။ လန်ဆယ်အထက်ဘက်ဆိုရင် ပူတာအိုဒေသဖြစ်သွားပြီ။ ဒီတစ်ကြောက ပြည်သူ့စစ်နဲ့ BGF မရှိတော့ဘူး”လို့ပြောပါတယ်။ ဒါ့အပြင် လန်ဆယ်မြို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာ နှစ်လအတွင်းမှာပဲ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ ချီဖွေ၊ ဆော့လော်၊ ကန်းဖန့်၊ ဖီမော်၊ ပန်ဝါ မြို့တွေနဲ့ တစ်ဆက်တည်းရှိပြီးတော့ ပူတာအိုဒေသနဲ့ အနီးနေရာမှာရှိတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် လန်ဆယ်ဒေသမှာ ပူတာအိုဒေသရဲ့ ဌာနယ်ပြည်သူ့စစ်ဖြစ်တဲ့ တန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေထဲပါဝင်နေတာလည်းဖြစ်ပါတယ်။ လန်ဆယ်ဒေသမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်လုပ်ငန်းရှင်အများအပြား ဝင်ရောက်လာပြီး ကျောက်ရွှေတူးဖော်တဲ့ လုပ်ငန်းကို အဓိက တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
1 Novemberသတင်း
နယ်ခြားစောင့်တပ် BGF ရဲ့ နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို KIA သိမ်းပိုက်
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့ အပြီးသတ်သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်လောက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်တလောမှာတော့ အမှတ် ၁၀၀၁ တပ်စခန်းအနီးတစ်ဝှိုက်ပစ်ခတ်မှုတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။ “၁၀၀၁ ကတော့ကျသွားပြီ ဒါပေမဲ့ အဲ့ဒီကနေဆုတ်သွားတဲ့ တပ်ဖွဲ့တွေနဲ့ KIA နဲ့က ပစ်ခတ်မှုတွေဖြစ်နေ တုန်းပဲ။ လောလောဆယ်တော့ အဲ့ဒီအနီးနားတစ်ဝှိုက်ကရွာတွေကတော့ ရှောင်ကုန်၊ပြေးကုန်ကြပြီပေါ့”လို့ ပြောပါတယ်။ အမှတ် ၁၀၀၁ ဌာနချုပ်တပ်ရင်းဟာ ဖီမော်မြို့ပေါ်နဲ့ ဆိုင်ကယ်နဲ့ဆိုရင် ၁နာရီကျော်လောက်သွားရတဲ့အကွာ အဝေးမှာရှိပြီး ဖီမော်မြို့ပေါ်ဒေသခံတွေအပါအဝင် အဲ့ဒီအနီးတစ်ဝှိုက်ဒေသခံတွေကတော့ ဘေးလွှတ်ရာတွေ မှာ တိမ်းရှောင်နေကြရတယ်လို့ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ပြန်ကြားရေးတာဝန်ခံကတော့ ဖီမော်မြို့စောင့်တပ်ဖြစ်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်သိမ်းပိုက်တဲ့အခြေနေနဲ့ပတ်သက်လို့ KNG ကို ဒီကနေ့မနက်ပိုင်း ၈ နာရီ ဝန်းကျင်မှာ အခုလိုပြောပါတယ်။ “ဖီမော်သိမ်းတာကတော့ ကျနော်တို့တရားဝင်မကြားရသေးဘူး။ လူမှုကွန်ယက်မှာပြန့်တာကိုပဲတွေ့တယ်။ တရားဝင်တော့သတင်းပို့တာမရှိသေးဘူး။ တိုက်ပွဲအခြေနေလည်း အသေးစိတ်တော့ မသိဘူး။”လို့ပြောပါတယ်။ တစ်ဖက်မှာ ဖီမော်ဒေသအတွင်းမှာရှိတဲ့ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းတွေကတော့ဆက်လက်လည်ပတ် နေပြီး ဖီမော်မြို့ပေါ်နယ်စပ်ဂိတ်မှာလည်း ကျောက်ဖြူလုပ်ငန်းကားတွေသာ သွားလာခွင့်ရှိနေတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIAဟာ ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးအပတ်ကစတင်ပြီးတော့ ကချင် အထူးဒေသ ၁ နယ်မြေတွေထဲက စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တပ်စခန်းတွေကို စစ်ဆင်ရေးဆောင်ရွက်နေတာဖြစ်ပြီး ဆဒုံး၊ချီဖွေ၊ ပန်ဝါ၊ ဆော့လော်မြို့တွေအပါအဝင် ၁၀၀၂လုပ်ီတပ်ရင်း၊ ၁၀၀၃ စင်ကြိုင်တပ်ရင်းဌာနချုပ်အားလုံးကို KIA က ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။ By – အမိုး
Read More » -
Oct- 2024 -28 Octoberသတင်း
KIA သိမ်းပိုက်ထားတဲ့ ပန်ဝါဒေသမှာ နေအိမ်ဖောက်ထွင်းခံရတာတွေရှိနေ
ကချင်အထူးဒေသ (၁) ပန်ဝါမြို့ကို KIA သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း ဒေသခံတွေရဲ့နေအိမ်တစ်ချို့ကို ဖောက်ထွင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ လတ်တလော ပန်ဝါဒေသအတွက် KIO ဘက်က အုပ်ချုပ်ရေးလုပ်ငန်းတွေမစီမံရသေးသလို မြို့တွင်းမှာလည်း ရှေ့တန်း KIA တပ်သားနဲ့ PDF တပ်သားတွေသာရှိပြီး သူတို့တွေက ဒေသခံနေအိမ်တွေကိုဖောက်တာ၊ပစ္စည်းတွေကိုယူတာတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အခုက ဒီမှာက ကေအိုင်အေနဲ့PDF က တိုက်ထားတာနိုင်ထားတယ်။ ဒါပေမဲ့ နေရာတွေကအတည်တကျ မဖြစ်သေးဘူးလေ။ ပြောမယ်ဆိုရင် စစ်တပ်တစ်ခုကနိုင်ထားပြီဆိုရင် အဲ့ရှေ့ကတန်းကသူတွေပဲရှိနေသေး တယ်။ ပြောမယ်ဆို သူတို့ဘယ်လိုအုပ်ချုပ်မယ်ဆိုတာမစီမံသေးဘူးပေါ့။ စစ်သားတွေက ဒေသခံတွေဆီမှာ ဆိုင်ကယ်သွားငှားပြီးတော့ ပြန်မပို့ပေးတာတွေလုပ်ပေးတယ်။ အိမ်ကရှိပြီးလူမရှိရင် ပစ္စည်းတွေလိုက်ယူ အဲ့မျိုးတွေပေါ့”လို့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ကချင်အထူးဒေသ ၁ ပန်ဝါဒေသကို နယ်ခြားစောင့်တပ် BGF နဲ့ ပြည်သူ့စစ်လက်ထဲကနေ KIAပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ကပဲအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ပန်ဝါမြို့မှာ အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ဖို့ပြင်ဆင်နေပြီး KIAတပ်ဖွဲ့ဝင်တွေဒေသခံနေအိမ်တွေဖောက်ထွင်းတဲ့ သတင်းတွေနဲ့ပတ်သက်လို့ အခုလိုတုံ့ပြန်ပါတယ်။ “ပစ္စည်းယူတာနဲ့ပတ်သက်လို့ကတော့ စစ်ကြောင်းတွေကို မနာလိုတဲ့အခါကျတော့ အပြစ်မြင်တာလည်း ရှိမှာ။ စစ်သည်တွေလည်းရှေ့တန်းသမားတွေဆိုတော့စားစရာ၊ သောက်စရာတွေယူစားသောက်စား တွေလည်း ရှိကောင်းရှိနိုင်တာပေါ့။ သိပ်ပြီးကြီးမားတဲ့ပြဿနာတွေ ရှိမယ်လို့တော့ကျနော်မထင်ပါဘူး။ ကျနော်တို့ခေါင်းဆောင်တွေ၊ လူကြီးပိုင်းတွေလည်းရှိတယ်။ သူတို့ရဲ့ စည်းကမ်းလိုက်နာမှုတွေကို ထိန်းထိန်း သိမ်းသိမ်းလုပ်နေတာ။ ဒါ့ကြောင့် ပြဿနာကြီးကြီးမားမားရှိမယ်လို့ ကျနော်မထင်ပါဘူး။လို့ ပြောပါတယ်။ လက်ရှိတော့ KIA သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း တရုတ်ဘက်က လျှပ်စစ်မီးတွေအားလုံး ဖြတ်တောက်ထားပြီး မြေရှားသတ္တုလုပ်ငန်းတွေလည်း အားလုံးရပ်နားထားရတယ်လို့သိရပါတယ်။ တစ်ဖက်မှာ အဆိုပါမြေရှားသတ္တုဆိုက်တွေမှာလာရောက်လုပ်ကိုင်တဲ့ အနယ်နယ်အရပ်ရပ်က အလုပ်သမား တွေလည်း နေရပ်ပြန်သွားတာတွေရှိပြီး ဒေသခံတစ်ချို့လည်း မြစ်ကြီးနားမြို့ဘက်ကယာယီတိမ်းရှောင်နေ ကြတယ်လို့ဒေသခံတွေကပြောပါတယ်။ တစ်ဖက်မှာ တရုတ်ဘက်ကကုန်ပစ္စည်းတွေကိုသာအားကိုနေရတဲ့ ဒေသခံတွေဟာ တရုတ်ဘက်ကလျှပ်စစ် မီးဖြတ်တာ၊ နယ်စပ်ကုန်စည်စီးဆင်းမှုတွေကို ပိတ်လိုက်တာတွေကြောင့် အဘက်ဘက်က အခက်အခဲတွေ ကြုံနေရတယ်လို့ပြောပါတယ်။ By – အမိုး
Read More » -
23 Octoberသတင်း
ကံပိုင်တည်က BGF တပ်ဖွဲ့ ထွက်ပြေးသွားတဲ့အတွက် စစ်တပ်က လူသားဒိုင်းလုပ်ဖို့ ပြည်သူတွေကို လိုက်ဖမ်းဆီးနေ
ကံပိုင်တည်မြို့ပေါ်မှာရှိတဲ့ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်တွေ ထွက်ပြေးသွားတဲ့အတွက် စစ်ကောင်စီတပ်သားတွေဟာ စစ်ဘေးရှောင်နေတဲ့ကြတဲ့ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုရန် လိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့ ကံပိုင်တည်စောင့်တပ်ဖြစ်တဲ့ စင်ကြိုင်ကျေးရွာ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းကို KIA သိမ်းပိုက်လိုက်ပြီးနောက် ကံပိုင်တည်မြို့ထဲရှိ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်တပ်တွေ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့ သိရပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဟာ ကံပိုင်တည်မြို့ လက်မလွှတ်ရေး စစ်အင်အား ၅၀၀ ဝန်းကျင်ထပ်ဖြည့်ထားပြီး ခုခံတိုက်ခိုက်ဖို့ပြင်ဆင်နေပြီး တစ်ဖက်မှာလည်း မြို့အနိီးဝန်းကျင် စစ်ရှောင်နေတဲ့ပြည်သူတွေကို လိုက်ဖမ်းဆီးနေတယ်လို့ ကံပိုင်တည်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုချိန်မှာ ကန်ပိုင်တည်မှာရှိတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် BGF အဖွဲ့တွေက အားလုံးပြေးကုန်ပြီ မရှိတော့ဘူး။ ပြေးလို့မရတဲ့ တစ်ချို့လူတွေလောက်ပဲရှိတော့တယ်။ ဘယ်လိုဖြစ်လာသလဲဆိုတော့ ရက်ပိုင်းအတွင်းမှာပဲ ပို့ထားတဲ့ စစ်ကောင်စီတပ်သားအများကြီးရှိလာတယ်။ သူတို့က နယ်ခြားစောင့်တပ်တွေကို အားကိုးပြီးနေရတော့ ခုနယ်ခြားစောင့်၊ပြည်သူ့စစ်တွေပြေးသွားတော့ သူတို့အတွက် အခက်ခဲရှိသွားတယ်ထင်တယ်။ အဲ့ကြောင့် အားလုံးကို ပြန်လာဖို့ခေါ်တယ်။ ဒါပေမယ့် ပြည်သူ့စစ်တွေက ဘယ်သူမှမပြန်လာကြဘူး။ အဲ့ကြောင့် စစ်ပြေးနေကြတဲ့ ပြည်သူတွေက လူငယ်၊ လူလတ်။ လူကြီးပိုင်း အားလုံးကို လိုက်ဖမ်းနေတာ”လို့ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာလ ၂၂ ရက်နေ့ ကစတင်ပြီး ကံပိုင်တည်မြို့ပေါ်မှာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် မြို့အနီးတဝိုက် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေကို မြို့ထဲကို ပြန်ဝင်လာဖို့ လိုက်လံပြောဆိုနေသလို လူငယ်နဲ့ လူကြီးတွေကိုတော့ လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ရှောင်ပြည်သူတွေနဲ့ ထွက်ပြေးနေတဲ့ BGF တပ်တွေအနေနဲ့ ရွာထဲကို ဝင်မလာဘဲ ဆက်ပြီးထွက်ပြေးတိမ်းရှောင်နေပါက ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို မီရှို့ဖျက်ဆီးမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဆက်သိရပါတယ်။ လက်ရှိ ကံပိုင်တည်မြို့ထဲမှာ စစ်ကောင်စီတပ်သား စစ်အင်အား ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ရှိနေပြီး KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေ လူသားဒိုင်းအဖြစ် လိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့ သူကဆက်ဆိုပါတယ်။ “စစ်သားတွေ ကိုယ်တိုင်လည်း ကံပိုင်တည်မြို့ပတ်ပတ်လည်တစ်ခုလုံးကို KIA တွေရှိနေပြီဆိုတာ သူတို့သိတယ်။ KIA ဝင်လာမှာကို သူတို့အရမ်းကြောက်နေတာ အဲ့ကြောင့် ပြည်သူတွေကိုခေါ်ပြီး လူသားဒိုင်းလုပ်ခိုင်းတဲ့သဘောပါ။ အခုတောင်မှ ဘာမှမဖြစ်သေးဘူး ပြည်သူတွေက တော်တော်လေးခြိမ်းခြောက်ခံနေရတဲ့ အခြေအနေမှာရှိနေပြီ။ KIA ဘက်ကလည်း တကယ်လို့ ဝင်လာပြီဆိုတာနဲ့ အခြေအနေတော်တော်ဆိုးသွားနိုင်ပါတယ်”လို့ပြောပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့ မနေ့ကတည်းကနေ လိုက်လံဖမ်းဆီးနေတာကြောင့် အရပ်သားပြည်သူတစ်ချို့ဖမ်းဆီးခံထားရပြီးတော့ ခြိမ်းခြောက်မှုထဲမှာ အမျိုးသမီးတွေကိုပါ ထပ်မံဖမ်းဆီးမယ်လို့ ပြောဆိုထားတယ်လို့ သိရပါတယ်။ ကံပိုင်တည်မြို့ပေါ်မှာ ရှိရင်းစွဲစစ်ကောင်စီတပ်သားတစ်ချို့နဲ့ ရက်ပိုင်းအတွင်း ပန်ဝါမြို့သိမ်းတိုက်ပွဲကြောင့် တရုတ်ဘက်ခြမ်းကနေ ထွက်ပြေးလွတ်မြောက်လာသူများ၊ ဆဒုံးမြို့ဘက်ကနေ ထွက်ပြေးလာတဲ့သူများ၊ ရဟတ်ယာဉ်နဲ့ပို့ထားတဲ့ စစ်သား စုစုပေါင်း စစ်အင်အား ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။ ဒေသခံသတင်းအရင်းအမြစ်ရဲ့ ပြောဆိုချက်အရ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ပန်ဝါဘက်က လုပီနယ်ခြားစောင့်တပ် အမှတ် ၁၀၀၂ တပ်ရင်းနဲ့ စင်ကြိုင် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်က တာဝန်ရှိသူ အရှာရှိအားလုံးနီးပါး တရုတ်ဘက်ကို ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့ ပြောပြပါတယ်။ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်းမှာပဲ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ လုပီ၊ စင်ကြိုင် စတဲ့ စစ်ဌာနချုပ်ရှိတဲ့ မြို့တွေကို KIA ပူးပေါင်းတပ်တွေက တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်။ လက်ရှိမှာ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖီမော်ဘက်က အမှတ် ၁၀၀၁ တပ်ရင်းနဲ့ ချန်းမောခုန်း ဒေသတွေသာ ကျန်ရှိတော့တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
20 Octoberသတင်းဆောင်းပါး
စိန်ခေါ်မှု များစွာရှိတဲ့ မြို့သိမ်းတိုက်ပွဲများ
နှစ်ပေါင်း ၆၀ နီးပါး ကွန်မြူနစ်စနစ် နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF အုပ်ချုပ်မှုစနစ် အောက် တလှည့်စီ နေထိုင်ခဲ့တဲ့ တရုတ်နယ်စပ် ပန်ဝါမြို့ကို KIA တပ် အောက်တိုဘာလ ၁၈ ရက်ညမှာ သိမ်းပိုက်ခဲ့ပါတယ်။ ပန်ဝါမြို့ကို အောက်တိုဘာလ ၁၈ ရက် ညနေ ၅ နာရီဝန်းကျင်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ည ၁၀ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာကြောင့် ၄ နာရီဝန်းကျင်သာ ကြာမြင့်ခဲ့တယ်လို့ ပန်ဝါဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့…
Read More » -
May- 2022 -17 Mayသတင်း
ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်နှင့် ၂၀၀၈ အောက် နိုင်ငံရေးပါတီများကို ရန်သူအဖြစ် KIO သတ်မှတ်
စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့နှင့် နယ်ခြားစောင့်တပ်အပြင် ၂၀၀၈ ဖွဲ့စည်းပုံအောက် နိုင်ငံရေးပါတီများကို ရန်သူ အဖြစ် သတ်မှတ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောသည်။ မေလ ၁၆ ရက်နေ့ KIO သတင်းပြန်ကြားရေးစာမျက်နှာ ‘The Kachin…
Read More »