မြစ်ကြီးနားမှာ လေယာဉ်လက်မှတ်ဝယ်ရ ပိုခက်ခဲလာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လေယာဉ်လက်မှတ်ဝယ်ယူဖို့ နှစ်လနီးပါးအထိ စောင့်ဆိုင်းနေရတာကြောင့် အရေးပေါ်ခရီးသွားရမယ့် ပြည်သူတွေအခက်အခဲကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြစ်ကြီးနားကနေ ရန်ကုန်နဲ့ မန္တလေးမြို့တွေကို သွားမယ့်သူတွေအနေနဲ့ တရားဝင်လေကြောင်းလိုင်းတွေရဲ့ ဝက်ဘ်ဆိုက်တွေကနေ လက်မှတ်ဝယ်ယူနိုင်တယ်လို့ ထုတ်ပြန်ထားပေမယ့် လက်တွေ့မှာတော့ ခုံနေရာတွေ အပြည့်ဖြစ်နေပြီး လက်မှတ် ဝယ်ယူဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။
ဒါကြောင့် လူကိုယ်တိုင် မြစ်ကြီးနားလေဆိပ်မှာ သွားရောက်ဝယ်ယူကြပေမယ့် တစ်နေ့ကို လက်မှတ် နှစ်စောင်၊ သုံးစောင်လောက်သာ ရောင်းချပေးနေပြီး အများစုကတော့ လက်မှတ်မရဘဲ နောက်လတွေအတွက်သာ Booking ယူနိုင်တဲ့အခြေအနေ ဖြစ်နေတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။
“အခု ကျွန်တော် မြစ်ကြီးနားကနေ မန္တလေးကို လက်မှတ်နှစ်စောင်လိုနေတာ။ လက်မှတ်မရနိုင်ဘူး၊ ခုံတွေပြည့်နေတယ်လို့ ပြောတယ်။ နောက်လမှရနိုင်မယ်၊ အဲဒီနောက်လတောင် ၁၀ ရက်၊ ၁၅ ရက်လောက်မှ ရနိုင်မယ်တဲ့။ ဒါပေမယ့် လူနာက အသည်းအသန်ဖြစ်နေပြီ”လို့ဆိုပါတယ်။
ဒီလို လက်မှတ်ဝယ်ယူဖို့ ကြန့်ကြာနေတာကြောင့် အရေးပေါ်အလုပ်ကိစ္စနဲ့ ခရီးသွားရမယ့်သူတွေ၊ ရန်ကုန်နဲ့ မန္တလေးလိုမြို့တွေမှာ အရေးပေါ်ဆေးကုသမှုခံယူရမယ့် လူနာတွေအတွက် အခက်အခဲတွေ ပိုများလာတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
တစ်ဖက်မှာလည်း လေယာဉ်လက်မှတ်မရတဲ့အတွက် ကားလမ်းကနေ သွားလာသူတွေဟာ လမ်းပိတ်တာ၊ ခရီးစဉ်ကြန့်ကြာတာတွေကိုပါ ထပ်မံကြုံတွေ့နေရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သူငယ်ချင်းတွေက ကားလမ်းနဲ့သွားတာ ၅ ရက်လောက်ကြာသွားတယ်။ နောက်ပြီး လူနာဖျားလို့ သွားကြည့်မယ့်သူတစ်ယောက်လည်း လေယာဉ်လက်မှတ်မရလို့ ကားနဲ့သွားတဲ့အချိန် လမ်းတွေပြန်ပိတ်နေတော့ တော်တော်အခက်အခဲဖြစ်ခဲ့ရတယ်”လို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာ မြစ်ကြီးနားဒေသခံတွေအနေနဲ့ တခြားမြို့တွေကို သွားလာဖို့ သယ်ယူပို့ဆောင်ရေးအခက်အခဲမျိုးစုံကို ကြုံတွေ့နေရပြီး လုံခြုံရေးအခြေအနေကြောင့် ကုန်ကျစရိတ်ပိုများပေမယ့်လည်း လေယာဉ်နဲ့သာ ခရီးသွားဖို့ ရွေးချယ်နေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က စစ်ကောင်စီလက်အောက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ရန်ကုန်–မြစ်ကြီးနား ခရီးစဉ်တွေမှာ သတ်မှတ်ထားတဲ့ လေယာဉ်လက်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချတာတွေ မဖြစ်စေဖို့ ကြပ်မတ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ လေယာဉ်လက်မှတ်ဝယ်ယူရတာ ပိုမိုခက်ခဲလာတဲ့အပြင် ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ကြီးနား–မန္တလေး ခရီးစဉ်ဟာ ယခင် ငွေကျပ် ၇ သိန်းဝန်းကျင်ကနေ ၁၄ သိန်းအထိ မြင့်တက်လာသလို မြစ်ကြီးနား–ရန်ကုန် ခရီးစဉ်ကလည်း ၉ သိန်းဝန်းကျင်ကနေ ၁၆ သိန်းအထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ လေယာဉ်လက်မှတ်ဝယ်ယူရတာ အခုလို ပိုမိုခက်ခဲလာတာဟာ ဇူလိုင်လအစပိုင်းကတည်းက စတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း မြစ်ကြီးနားကနေ လေယာဉ်ခရီးစဉ်ကို တစ်နေ့တစ်ကြိမ်သာ ပြေးဆွဲနေတယ်လို့ သိရပါတယ်။
By – Hope




