ခိုးရာပါပစ္စည်းဝယ်ယူနေတဲ့အဖွဲ့ကို ဖော်ထုတ်အရေးယူပေးဖို့ မြစ်ကြီးနားပြည်သူတွေ တောင်းဆို

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ခိုးရာပါပစ္စည်းတွေ ဝယ်ယူရောင်းချနေတဲ့ အဖွဲ့တွေကို ဖော်ထုတ်ပြီး ထိရောက်စွာ ဖမ်းဆီးအရေးယူပေးဖို့ ပြည်သူတွေ တောင်းဆိုနေပါတယ်။

ခိုးဆိုးလုယက်မှုများနေတဲ့ မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ရမ်ပူရပ်ကွက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ခိုးယူလာတဲ့ ဆိုင်ကယ်၊ လက်ကိုင်ဖုန်းနဲ့ ရွှေထည်ပစ္စည်းတွေကို ဈေးကောင်းပေးဝယ်ယူပြီး ပုံစံပြောင်းလဲကာ ပြန်လည်ရောင်းချနေတဲ့ အဖွဲ့တွေ ရှိနေတယ်လို့ ဖြစ်စဉ်ကိုသိတဲ့ ရပ်ကွက်နေပြည်သူတွေ ပြောပါတယ်။

ခိုးသွားတဲ့ ဆိုင်ကယ်၊ ဖုန်း၊ ရွှေတွေကို ဝယ်တဲ့လူတွေ ရှိတယ်ဆိုတာ ရပ်ကွက်ထဲမှာ တော်တော်များများ သိနေကြပါတယ်။ ဝယ်ပြီးရင် အစိတ်အပိုင်းတွေ လဲတာ၊ ပုံစံပြောင်းတာတွေလုပ်ပြီး ပြန်ရောင်းနေကြတာပါ။ ဒီလိုလုပ်နေတာ ကြာပြီဖြစ်ပေမယ့် ထိထိရောက်ရောက် အရေးယူတာတော့ မတွေ့ရသေးပါဘူးလို့ ရမ်ပူရပ်ကွက်နေ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ရပ်ကွက်နေပြည်သူတွေရဲ့ပြောကြားချက်အရ ခိုးရာပါပစ္စည်းတွေကို မူလပိုင်ရှင်ရှိမရှိ၊ တရားဝင်ပိုင်ဆိုင်တဲ့ ပစ္စည်းဟုတ်မဟုတ် စစ်ဆေးမေးမြန်းတာမရှိဘဲ ဝယ်ယူနေကြသလို၊ ဝယ်ယူထားတဲ့ ပစ္စည်းတွေကို အစိတ်အပိုင်းပြောင်းလဲတာ၊ ပုံစံပြင်ဆင်တာတွေ လုပ်ပြီး ဈေးကွက်အတွင်း ပြန်လည်ရောင်းချနေတာ နှစ်နှစ်ခန့် ရှိလာပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ခိုးရာပါပစ္စည်း ရောင်းဝယ်သူတွေနဲ့ ခိုးယူသူတွေဟာ ရမ်ပူရပ်ကွက်အတွင်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ဆုံရပ်အဖြစ်သတ်မှတ်ပြီး တိတ်တဆိတ် အရောင်းအဝယ် လုပ်နေကြတယ်လို့လည်း ဆိုပါတယ်။ 

ခုလို ခိုးရာပါပစ္စည်းတွေကို အလွယ်တကူ ရောင်းချနိုင်တဲ့ ဈေးကွက်ရှိနေတာက ခိုးမှုတွေ ဆက်လက်ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်နေတယ်လို့လည်း ရပ်ကွက်နေပြည်သူတွေ သုံးသပ်နေကြပါတယ်။

ရမ်ပူရပ်ကွက်ဟာ မြစ်ကြီးနားမြို့အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုအဆိုးဆုံး ရပ်ကွက်တစ်ခုဖြစ်ပြီး၊ အခုလို ခိုးရာပါပစ္စည်း လက်ခံဝယ်ယူရောင်းချတဲ့ အဖွဲ့တွေပါ ရှိနေတာကြောင့် ရပ်ကွက်အတွင်း လုံခြုံရေးအခြေအနေ ပိုစိုးရိမ်စရာဖြစ်လာနေတယ်လို့ ဆိုပါတယ်။

သူခိုးကိုပဲ ဖမ်းနေရုံနဲ့ မလုံလောက်ဘူး။ ခိုးရာပါပစ္စည်းတွေကို ဈေးကောင်းပေးဝယ်နေတဲ့သူတွေ ရှိနေလို့ပဲ ခိုးမှုတွေ မရပ်တာပါ။ ဒီအဖွဲ့တွေကို ဖော်ထုတ်အရေးယူမှ ခိုးမှုတွေလည်း လျော့သွားမှာ ဖြစ်ပါတယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်အတွင်း စီးပွားရေးအခက်အခဲ၊ အလုပ်အကိုင်ရှားပါးမှုနဲ့ လုံခြုံရေးအခြေအနေကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု၊ ဆိုင်ကယ်ခိုးမှု၊ ဖုန်းလုယက်မှုနဲ့ နေအိမ်ဖောက်ထွင်းမှုတွေ ပိုများလာတာဖြစ်ပါတယ်။

ဒါကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ခိုးဆိုးလုယက်ကျူးလွန်သူတွေသာမက ခိုးရာပါပစ္စည်းတွေလက်ခံဝယ်ယူနေတဲ့အဖွဲ့ကိုလည်း ဖမ်းဆီးပေးကြဖို့ တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။

By – Zami

Show More

Leave a Reply

Back to top button