သတင်း

ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်နှင့် ၂၀၀၈ အောက် နိုင်ငံရေးပါတီများကို ရန်သူအဖြစ် KIO သတ်မှတ်

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့နှင့် နယ်ခြားစောင့်တပ်အပြင် ၂၀၀၈ ဖွဲ့စည်းပုံအောက် နိုင်ငံရေးပါတီများကို ရန်သူ အဖြစ် သတ်မှတ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောသည်။

မေလ ၁၆ ရက်နေ့ KIO သတင်းပြန်ကြားရေးစာမျက်နှာ ‘The Kachin Net’ တွင် ဖော်ပြချက်နှင့်ပတ်သက်ပြီး ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ယခုလို ပြောသည်။

တကယ်တော့ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်ဆိုတာ ကိုယ့်ဒေသကိုကာကွယ်တာ၊ လူထုကိုကာကွယ်တဲ့တပ်ဖွဲ့ဆိုရင် ဘာပြဿနာမရှိပေမယ့် ဒီကနေ့ မြန်မာပြည်မှာတော့ ပြည်သူဘက်ရပ်တည်တဲ့ ပြည်သူ့စစ်၊ ရဲတပ်ဖွဲ့ မဟုတ်တော့ဘူး။ စစ်ကောင်စီရဲ့ အထောက်အကူပြု လက်နက်ကိုင်တပ်ဖြစ်လာတယ်။ ဒါကြောင့် KIO အနေနဲ့ သူတို့ဟာ ရန်သူဖြစ်တယ်လို့ ပြောဆိုတဲ့အကြောင်း ကြားရတယ်။ သဘောထားထုတ်ပြန်ထားမျိုးတော့ မဟုတ်ဘူး။

စစ်ကောင်စီအောက် ပြည်သူ့စစ်နှင့် BGF များသည် လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တိုက်ပွဲဖြစ်ပွားနေသော နေရာများတွင် စစ်ကောင်စီဘက်က ကူညီ တိုက်ခိုက်နေသည်ဟုလည်း ဆိုထားသည်။

အလားတူ ရိုးရာယဉ်ကျေးမှု ခေါင်းဆောင် တာဝန်ယူထားပြီး ပြည်သူ့စစ် ဦးဆောင်မှုတွင် ပါဝင်နေသူများနှင့် နိုင်ငံရေးပါတီဖွဲ့ပြီး ပြည်သူ့စစ်အဖွဲ့ကို ဦးဆောင်နေသူများကိုလည်း သတိပေးလိုကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။

ပြည်သူ့စစ်ခေါင်းဆောင်းတချို့ဟာ ရိုးရာယဉ်ကျေးမှု ခေါင်းဆောင်လည်းဟုတ်သလို၊ အဲဒီခေါင်းစဉ်နဲ့ ပြည်သူ့စစ် ပြန်လုပ်တယ်။ ရိုးရာယဉ်ကျေးမှုက ပြဿနာမဟုတ်ပေမယ့် ပြည်သူ့စစ်ဆိုရင် ရန်သူဖြစ်နေတယ်။ တချို့ က နိုင်ငံရေးပါတီ ဥက္ကဋ္ဌလုပ်ပြီး ပြည်သူ့စစ်မှာလည်း လုပ်နေတယ်

အလားတူ စစ်တပ်အလိုကျ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအောက် နိုင်ငံရေးပါတီများကိုလည်း နိုင်ငံရေး ရန်သူအဖြစ် သတ်မှတ်သည်ဟု ဆိုသည်။

အဆိုပါ သတ်မှတ်မှုအတွက် ဗဟိုကော်မတီမှ သဘောထားထုတ်ပြန်ခြင်းမရှိသော်လည်း သက်ဆိုင်ရာဌာနများကို ညွန်းကြားချက် ပို့ထားသည်ဟု သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ LNDP ဥက္ကဋ္ဌ ဖြစ်သလို ပြည်သူ့စစ် ခေါင်ဆောင်တစ်ဦး ဖြစ်သော ဦးရွှေမင်း ကို မေးမြန်းရာ “သတင်းဌာနတွေမှာ ဖော်ပြတာတွေ့ရနေတယ်။ ကျနော်တို့က ဒါကို တရားဝင်ကြေညာတဲ့အတွက် သူတို့ အသိအမှတ်ပြုရပြီပေါ့ဗျာ အဲလိုပြောချင်တယ်” ဟု ဆိုသည်။

ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်နှင့် နိုင်ငံရေးပါတီများကို KIO မှ ရန်သူအဖြစ် သတ်မှတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မြစ်ကြီးနားရှိ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ယခုလိုပြောသည်။

“အရင်ကတည်းကလည်း ရန်သူဆိုပြီး KIO က ပြောဆိုခဲ့တဲ့အဖွဲ့တွေ ရှိပါတယ်။ ဒါကြောင့် အရမ်းထူးခြားမယ်လို့လည်း မမြင်ပါဘူး။ အဓိက စိုးရိမ်မိတာကတော့ ပြောတဲ့အတိုင်း လက်တွေ့လုပ်ဆောင်တဲ့အပိုင်း အားနည်းပါတယ်။ အကြောင်းသိတဲ့အဖွဲ့တွေက KIO ကို မကြောက်ကြဘူးလေ။ အဓိကအကြောင်းရင်းက ထုတ်ပြန်တဲ့အတိုင်း မလုပ်ဆောင်ခဲ့တာ”

လက်ရှိအချိန် ကချင်ပြည်နယ်အတွင်း နိုင်ငံရေးပါတီများသည် စစ်ကောင်စီက ပြုလုပ်ပေးမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများ ရှိနေသည်ဟုလည်း သူက ဆိုသည်။

ကချင်ပြည်နယ်တွင် ပူတာအိုဒေသ ဒန်ကူးဒန် ပြည်သူ့စစ်၊ ပန်ဝါပြည်သူ့စစ်၊ ဦးလဆန်အောင်ဝါ ပြည်သူ့စစ်အပါအဝင် ပြည်သူ့စစ်အဖွဲ့၃၀ ကျော်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ကလည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဟူးကောင်းခရိုင်နှင့် မြစ်ကြီးနားခရိုင်ရှိ စစ်ကောင်စီအောက် ဌာနဆိုင်ရာတွင် အမှုထမ်းနေသူများ ယခုလအတွင်း တာဝန်မှ အမြန်နှုတ်ထွက်ရန် KIO မှ ခရိုင်အဆင့် ထုတ်ပြန်ခဲ့သည်။

အလားတူ ယခုနှစ်ဆန်းပိုင်းတွင်လည်း စစ်ကောင်စီထုတ် ယမကာများကို ရောင်းဝယ် သုံးစွဲခြင်းမပြုရန် KIO မြစ်ကြီးနား၊ ပူတာအို၊ ဟူးကောင်းနှင့် ဖားကန့် ခရိုင်းများမှ သတိပေးထုတ်ပြန်ခဲ့ပြီးနောက် ရောင်းဝယ်မှု နည်းပါးသွားခဲ့သည်ဟု ဒေသအသီးသီး ပြည်သူများ၏ ပြောဆိုမှုမှ သိရပါသည်။

Show More

Related Articles

Back to top button