လမ်းပြင်နေစဉ် ကုန်ကားကြီးတွေ ဖြတ်သန်းခွင့်ယာယီီီရပ်နားမယ်လို့ဆို

ကချင်ပြည်နယ် ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းကို ပြုပြင်နေတဲ့ကာလအတွင်း ကုန်ကားကြီးတွေ ဖြတ်သန်းသွားလာခွင့်ကို ယာယီရပ်နားထားမယ်လို့ ကားသမားတွေဆီကနေ ရပါတယ်။

ဇူလိုင်လအစပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းရှိ နေရာအချို့မှာ မြေပြိုမှုတွေ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့ပြီး အဲဒီလမ်းပိုင်းတွေကို ပြန်လည်ပြုပြင်ရမှာဖြစ်တဲ့အတွက် ကုန်ကားကြီးတွေကို ယာယီဖြတ်သန်းခွင့် မပြုတာဖြစ်တယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HK PDF) မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။

မိုးများတဲ့အတွက်ကြောင့်ပြုပြင်တဲ့ကာလမှာတော့ လမ်းရဲ့ကြံ့ခိုင်မှုမကောင်းခင်မှာတော့ ကုန်ကားကြီးတွေဖြတ်ရင် အန္တာရာယ်များမှာဆိုးလို့ပြုပြင်တဲ့ကာလမှာတော့ကုန်ကားကြီးတွေခနနားမယ့်သဘောပါလို့သူကပြောပါတယ်။

လမ်းပြုပြင်ရမယ့် လမ်းပိုင်းတွေဟာ မြစ်ကြီးနားနဲ့ ဆွမ်ပရာဘွမ်ကြား ဒေသအခေါ် အိခပန့်ခ ကြားနဲ့ မြစ်ကြီးနားမြို့အထက် ၄၂ မိုင် ဝန်းကျင်တို့မှာ ဖြစ်တယ်လို့သိရပါတယ်။

ဒီလမ်းပိုင်းကို KIA/KIO ဘက်က တာဝန်ယူ ပြုပြင်သွားမှာဖြစ်ပြီး ခရီးသွားပြည်သူတွေရဲ့ လုံခြုံရေးအတွက် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားမယ်လို့လည်း အထက်ဖော်ပြပါတာဝန်ရှိသူက ပြောပါတယ်။

လမ်းပြုပြင်ရေးလုပ်ငန်းတွေကို KIA/KIO ဘက်က စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ကုန်ကားကြီးတွေကိုတော့ ဇူလိုင်လ ၂၅ ရက်နေ့ကစတင်ကာ ယာယီဖြတ်သန်းခွင့် ရပ်နားထားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ခရီးသည်တင်ကား၊ အိမ်စီးကားနဲ့ ကုန်တင်ကားအသေးစားတွေကိုတော့ ပုံမှန်အတိုင်း သွားလာခွင့်ပြုထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကားကြီးတွေပိတ်တာဗျ ကားတွေကိုတော့ ၂၅ ရက်နေ့ကစပြီး သွားလို့မရတော့ဘူးပြောတယ်။ ဒါပေမယ့်ပုံမှန် အိမ်စီးကားနဲ့ကုန်တင်တဲ့ကားတွေခရီးသည်တင်ကားတွေကတော့ မနားဘူးပုံမှန်ပဲသွားလာနိုင်တယ်ဗျလို့  မြစ်ကြီးနားမြို့မှာထိုင်ထားတဲ့ ကားဂိတ်မှူးတစ်ဦးက ပြောပါတယ်။

ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းမှာ ဇွန်လကနေ ဇူလိုင်လအထိ မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် လမ်းပြို၊ မြေပြိုမှုတွေ အများအပြားဖြစ်ပွားခဲ့ပြီး အိခပန့်ခနဲ့ ၄၂ မိုင်ဝန်းကျင်တို့မှာ ကုန်ကားနဲ့ ခရီးသည်တင်ယာဉ်တွေ ဖြတ်သန်းရာမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ကားသမားတွေက ပြောပါတယ်။

လမ်းကပြင်ပေးသင့်ပါတယ် တော်တော်ဆိုးတယ်ဗျ ဘတ်ဖိုးနဲ့ဆွဲတင်တာတောင်မနိုင်ဘူး တချို့ကားတွေဆွဲတင်ရင်းနဲ့ ပျက်သွားလို့ရပ်ထားတဲ့ကားတွေလည်းရှိတယ် မပြင်ပဲအခုလမ်းတိုင်းဆို တစ်လတစ်ခေါက်ပူတာအိုရောက်ဖို့မလွယ်ဘူးလို့သူကပြောပါတယ်။

လမ်းပြုပြင်ရေးလုပ်ငန်း ဘယ်လောက်ကြာမယ်ဆိုတာကို KIA/KIO ဘက်က တရားဝင် မထုတ်ပြန်သေးပေမယ့် ကားသမားတွေကတော့ လနဲ့ချီ ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒေသခံတွေကတော့ ကုန်ကားကြီးတွေ ယာယီရပ်နားထားတဲ့ကာလအတွင်း ပူတာအို၊ နောင်မွန်၊ မချမ်းဘော့နဲ့ ခေါင်လန်ဖူးဒေသတွေမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ပိုမိုမြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။

ပူတာအိုမြစ်ကြီးနားကားလမ်းဟာ ပူတာအို၊ နောင်မွန်၊ မချမ်းဘော့နဲ့ ခေါင်လန်ဖူးမြို့နယ်တွေအတွက် စက်သုံးဆီ၊ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ အဓိက သယ်ယူပို့ဆောင်တဲ့ တစ်ခုတည်းသော ကုန်းလမ်းကြောင်း ဖြစ်ပါတယ်။

ယခင် NLD အစိုးရလက်ထက်မှာ အဆိုပါကားလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခဲ့တာကြောင့် တစ်လနီးပါးကြာမြင့်ခဲ့တဲ့ ခရီးစဉ်ဟာ တစ်ရက်ခန့်နဲ့ သွားလာနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ခုလိုမိုးရာသီရောက်တိုင်း လမ်းပြို၊ မြေပြိုနဲ့ တံတားပျက်စီးမှုတွေ ဖြစ်နေတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကို နှစ်စဉ်လိုလို ကြုံတွေ့နေရတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button