သတင်း

KIO ဆက်ဆံရေးရုံး ပိတ်ရန် မြန်မာစစ်အစိုးရ သတိပေး

စစ်အစိုးရမှ မြန်မာ တစ်နိုင်ငံလုံးရှိ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေးရုံးများ ပိတ်ပေးရန် နှုတ်ဖြင့် သတိပေးပြီးနောက် KIOမှ နိုဝင်ဘာလ ၂၅ရက်နေ့ နောက်ဆုံးထားကာ ၎င်း၏ ဆက်ဆံရေးရုံးများ …

စစ်အစိုးရမှ မြန်မာ တစ်နိုင်ငံလုံးရှိ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေးရုံးများ ပိတ်ပေးရန် နှုတ်ဖြင့် သတိပေးပြီးနောက် KIOမှ နိုဝင်ဘာလ ၂၅ရက်နေ့ နောက်ဆုံးထားကာ ၎င်း၏ ဆက်ဆံရေးရုံးများ ပိတ်ရန် အမိန့်ထုတ်လိုက်သည်။

မြန်မာ စစ်အစိုးရ ထိန်းချုပ်မှုအောက်ရှိ မြစ်ကြီးနား ဆက်ဆံရေးရုံး၊ ဘူးဂါးကုမ္ပဏီရုံး၊ ဘူးဂါးလျှပ်စစ်ရုံး သုံးခုမှလွဲ၍ ကျန်သည့် KIO ဆက်ဆံရေးရုံး အားလုံးရုပ်သိမ်းရန် နိုဝင်ဘာ ၂၀ ရက်နေ့တွင် KIO ဗဟိုကော်မတီမှ အမိန့်ထုတ်ပြန်ခြင်း ဖြစ်သည်။

“နေ့စွဲက သူတို့ မသက်မှတ်ဘူး၊ ကျတော်တို့ကိုယ်တိုင် သတ်မှတ်လိုက်တာ၊ ပြင်ဆင်စရာတွေ အများကြီးရှိသေးတယ်ဆိုတော့ ဒီနိုဝင်ဘာ ၂၅နောက်မကျအောင် ဆိုတာက ကျတော်တို့ သက်မှတ်ယူတာပါ၊” ဟု အမည်အဖော်လိုသူ KIO အရာရှိကြီးတစ်ဦးမှ ပြောသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ ယခုလ နိုဝင်ဘာလဆန်းမှစကာ မြစ်ကြီးနားအခြေစိုက် KIO ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးကြီး (ဒူကဘား) ဂျီးနောင်အား KIO ဆက်ဆံရေးရုံးများအား ချက်ခြင်းရုပ်သိမ်းပေးရန် ဖုန်းဖြင့် အကြောင်းကြားခဲ့သည်ဟု ဗိုလ်မှူးကြီး ဂျီးနောင်မှ ပြောသည်။

“သူတို့ဘက်က အမိန့်လိုမျိုးဟုတ်နေတယ်။ အမိန့်ဟုတ်တယ်၊ အမိန့်ပေးတာ၊ အဲ့….စကားနဲ့ အကြောင်းကြားပြီဆိုတော့ ကျတော်တို့ ငြင်းဆန်နေရင် ပြန်ခံရနိုင်တယ်” ဟု KIO အရာရှိကြီးမှ ဆက်ပြောသည်။

KIO ရုံးများအား ရုပ်သိမ်းခြင်း၊ ပိတ်ပင်ခြင်း မလုပ်ခဲ့လျှင် စစ်အစိုးရဘက်မှ နည်းလမ်းအမျိုးမျိုးနဲ့ ရုပ်သိမ်းအောင် အစီအစဉ်ရှိနေသဖြင့် ဒဲ့မျက်နှာချင်းဆိုင် ဆက်လက်တိုင်ပင်ဆွေးနွေးနေခြင်း မလုပ်တော့ကြောင်း KIO အရာရှိကြီးမှပဲ ပြောသည်။

ရုမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ KIO ဆက်ဆံရေးရုံးကိုလည်း နိုဝင်ဘာလ ၂၀ရက်နေ့တွင် တရားဝင် ပိတ်ပင်လိုက်ပြီဖြစ်သည်။

KIO မှ တစ်စုံတစ်ရာ ပြဿနာဖြစ်လာနိုင်သဖြင့် ပိတ်ပင်လိုက်ရခြင်းဖြစ်ပြီး တင်းမာနေသည့် ဆက်ဆံရေးမှာလည်း ပို၍ တင်းမာသွားခဲ့သည်ဟု KIO အရာရှိကြီးတစ်ဦးမှပင် ဆိုသည်။

လွန်ခဲ့သည့် သြဂုတ်လ ၂၂ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ စစ်အစိုးရနှင့် KIO တွေ့ဆုံစဉ်  စစ်ဖက်ရေးရာလုံခြံုရေးအကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်မှ စက်တင်ဘာလဆန်းမှစ၍ လက်နက်ချရန်နှင့် အကယ်၍ လက်နက်မချပါက ယခင် အပစ်အခတ် မရပ်စဲမီ ၁၉၉၄ ခုနှစ်မတိုင်ခင် အခြေအနေတရပ်တို့ ရောက်ရှိသွားနိုင်သည်ဟု ပြောဆိုခဲ့သည်။

သို့သော် KIO မှ လက်နက်ချရန်ငြင်းဆန်ခဲ့ခြင်းကြောင့် နှစ်ဘက်ကြား ဆက်ဆံရေး တင်းမာလာခဲ့သည်။

အောက်တိုဘာ ၁၅ရက်နေ့ အစိုးရပိုင် သတင်းစာတွင်လည်း KIO လက်အောက်ခံ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) အား “သောင်းကျန်သူများ” ဟု တရားဝင်ခေါ်ဆိုလိုက်ပြီးနောက် KIO မှလည်း “ကျတော်တို့ဘက်က ငြိမ်းချမ်းရေးလည်းရုပ်သိမ်းပြီ။ တိုင်းပင်ဆွေးနွေးတာလည်း မရှိတော့ဘူးလို့ ကျတော်တို့က အဲလို သက်မှတ်ယူလိုက်တယ်” ဟု KIO အရာရှိကြီးမှ ဆက်ပြောသည်။

ယခုလို နှစ်ဘက်ကြားဆက်ဆံရေးတင်းမာမှုရှိသော်လည်း KIA မှ မြန်မာစစ်အစိုးရအား စတင်ပစ်ခက်ရန် အကြောင်းမရှိသေးကြောင်း KIO အရာရှိကြီးတစ်ဦးမှပင် ပြောသည်။

Show More

Related Articles

Back to top button