ပူတာအို လေကြောင်းခရီးစဉ် တိုးချဲ့ပြေးဆွဲပေးဖို့ ဒေသခံတောင်းဆို
ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနား လေကြောင်းလိုင်းတွေကို တိုးချဲ့ပြေးဆွဲပေးဖို့ ဒေသခံတွေတောင်းဆိုနေပါတယ်။
ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်းမှာ လက်ရှိ စစ်ကောင်စီတပ်ဘက်က ခရီးသွားပြည်သူတွေအပေါ် တားမြစ်ချက်တွေ ပိုလုပ်လာတာကြောင့် ကားလမ်းကနေ ခရီးသွားလာဖို့ ပိုပြီးခက်ခဲလာနေတယ်လို့ ဒေသခံတွေပြောပါတယ်။
ဒါကြောင့် လေကြောင်းခရီးကိုပဲ အားထားလာရတဲအ့တွက် လေကြောင်းလိုင်းတွေကို အရင်ကထက် တိုးချဲ့ပြေးဆွဲပေးဖို့ လိုအပ်နေကြောင်း ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်နေ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“အခုကားလမ်းကနေ ကလေးပေါက်စတွေနဲ့ သက်ကြီးရွယ်အိုလောက်ပဲ သွားခိုင်းတာ။ တကယ့် ခရီးသွားလာဖို့ လိုအပ်ချက်များတဲ့ အသက်အရွယ်ပိုင်းတွေကျတော့ မသွားခိုင်းဘူး။ ကားလမ်းနဲ့က အခုအခြေအနေမှာ အားကိုးစရာက လေကြောင်းပဲရှိတယ်” လို့ ပြောပါတယ်။
လက်ရှိ ပူတာအို–မြစ်ကြီးနားလေကြောင်းဟာ တစ်ပတ်ကြိမ်၊ တစ်ခါတစ်ရံ တစ်ပတ်နှစ်ကြိမ်သာလာတယ်လို့ သူကဆက်ပြောပါတယ်။
ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်းမှာ ဒီနှစ် ဩဂုတ်လမတိုင်ခင်အထိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံစာပါရင် အသက်အရွယ်မရွေး ခရီးသွားလာလို့ရခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။
ဒါပေမယ့် ဂုတ်လဆန်းပိုင်းကစပြီး အသက် ၁၅ နှစ်အထက်နဲ့ အသက် ၄၀ အောက် ခရီးသွားတွေကို စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ သွားလာခွင့် ပိတ်ထားခဲ့တာဖြစ်ပါတယ်။
ခရီးသွားလာမှုများတဲ့ အသက်အရွယ်ပိုင်းတွေကို ကားလမ်းကနေ သွားလာခွင့် တားမြစ်ထားတာကြောင့် ခရီးသွားတွေဟာ လေကြောင်းကိုသာ အဓိကအားထားလာရပေမယ့် လေကြောင်းလိုင်းတွေကလည်း တစ်ပတ်ကို အများဆုံးနှစ်ကြိမ်သာ ပြေးဆွဲတာကြောင့် လိုအပ်ချက်နဲ့ မလောက်ငှဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် နည်းဆုံး တစ်ပတ်ကို သုံးကြိမ်ထက်မနည်း ပြေးဆွဲပေးသင့်တယ်လို့လည်း ဆိုပါတယ်။
“အခုဆိုရင် အဝေးသင်ကာလက ရောက်တော့မယ်။ လေယာဉ်က တစ်ပတ်ကို တစ်ခါ၊ နှစ်ခါပဲလာတော့ ဘယ်လိုမှ အဆင်မပြေဘူး။ တချို့ ပူတာအိုကနေ မြစ်ကြီးနားဆင်းဖို့ တစ်လကြိုပြီး လက်မှတ်ဖြတ်တာတောင် မရဘူး။ လေယာဉ်လာတဲ့အကြိမ်ရေက အရမ်းနည်းတော့ အဆင်မပြေဘူး။ ခရီးသွားကများပြီး လေယာဉ်ခုံက နည်းနေတာ။ အရင် ကားလမ်းနဲ့ အဆင်ပြေပြေသွားလာလို့ရတဲ့အချိန်တောင် လေယာဉ်က တစ်ပတ်ကို သုံးလေးခေါက်လာနိုင်သေးတယ်” လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်အာဏာမသိမ်းခင်ကာလမှာ ပူတာအို–မြစ်ကြီးနား ကားလမ်းကနေ အသက်အရွယ်မရွေး လွတ်လပ်စွာ ခရီးသွားလာလို့ရခဲ့သလို လေကြောင်းလိုင်းတွေကလည်း တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်ကနေ အများဆုံး သုံးကြိမ်၊ လေးကြိမ်အထိ ပြေးဆွဲခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကားလမ်းကနေ အသက်အရွယ်အလိုက် ခရီးသွားလာခွင့် တားမြစ်တာတွေ ရှိလာသလို လေကြောင်းလိုင်းတွေကလည်း တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်ကနေ အများဆုံးနှစ်ကြိမ်အထိသာ ပြေးဆွဲတော့တာကြောင့် ခရီးသွားလာရေး ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“လေယာဉ်ကလာတယ်။ ပုံမှန်တစ်ပတ်တစ်ခါပေါ့။ အများဆုံးတစ်ပတ်နှစ်ခါလာတယ်။ မလောက်ဘူး။ ကားလမ်းနဲ့ ခရီးသွားလို့မရတော့ အနည်းဆုံး နှစ်ခေါက်၊ သုံးခေါက်ကတော့ ပုံမှန်လာပေးသင့်တယ်။ ဒါမှ အဆင်ပြေမှာ” လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒေသခံတွေရဲ့ အဆိုအရ လက်ရှိ ပူတာအို–မြစ်ကြီးနား လေကြောင်းခရီးစဉ်ကို အင်္ဂါနေ့နဲ့ သောကြာနေ့တွေမှာ တစ်ပတ်နှစ်ကြိမ်သာ ပြေးဆွဲနေပြီး တစ်ခါတလေ အင်္ဂါနေ့တစ်ရက်တည်းသာ ပြေးဆွဲတယ်လို့ သိရပါတယ်။
ဒါကြောင့် ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး၊ မချမ်းဘော့နဲ့ မြစ်ကြီးနားအပါအဝင် ဒေသတွင်း ခရီးသွားပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ မလောက်ငှဘူးလို့ သိရပါတယ်။
လက်ရှိ ပူတာအိုနဲ့ မြစ်ကြီးနားကြားမှာ Myanmar National Airlines (MNA)၊ Myanmar Airways International (MAI) နဲ့ မန်းရတနာပုံ စတဲ့ လေကြောင်းလိုင်းတွေ ပြေးဆွဲနေပြီး လေယာဉ်လက်မှတ်ဈေးနှုန်းက ကျပ် ၅ သိန်းကျော်ကနေ ကျပ် ၆ သိန်းကျော်အထိ ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းအထိ ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်းမှာ အသက် ၁၅ နှစ်အထက်နဲ့ အသက် ၃၀ အောက် လူငယ်၊ လူလတ်ပိုင်းတွေကို ခရီးသွားလာခွင့် တားမြစ်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာလမတိုင်ခင်အထိ လူငယ်နဲ့ လူလတ်ပိုင်းတွေ ကားနဲ့ ခရီးသွားမယ်ဆိုရင် စစ်ကောင်စီတပ်ဘက်ကို ကြိုတင်အကြောင်းကြားရတာနဲ့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေရဲ့ ထောက်ခံစာပါမှ သွားလာခွင့်ပြုတာတွေ ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ အသက် ၁၅ နှစ်အထက်နဲ့ အသက် ၄၀ အောက်သူတွေကို ကားလမ်းကနေ ခရီးသွားလာခွင့် ထပ်မံတားမြစ်ထားပါတယ်။
By – Zaw Zaw




