ကချင်မှာ ART ဆေးပြတ်လပ်လာလို့ HIV လူနာတွေ စိုးရိမ်နေရ

ကချင်ပြည်နယ်အတွင်း HIV ပိုးထိန်းဆေး ART ပြတ်လပ်နေတဲ့အတွက် HIV လူနာတွေ စိုးရိမ်မှု မြင့်တက်နေတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး မြစ်ကြီးနား၊ မိုးညှင်း၊ ဖားကန့်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ HIV လူနာတွေကို ပုံမှန်ပေးနေကျ ART ဆေးပမာဏ နည်းလာပြီး အရင်က သုံးလစာအထိ ထုတ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့ စက်တင်ဘာလကစပြီး  ရက်စာသာရရှိတော့တယ်လို့ ကျန်းမာရေးဝန်ထမ်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အရင်က သုံးလစာလောက် ထုတ်ပေးနိုင်တယ်။ အခုတော့ ဆေးခွဲတမ်းနည်းလာလို့ ၅ ရက်စာလောက်ပဲ ပေးနိုင်တဲ့အခြေအနေ ရှိနေတယ်။ ဆေးပြန်ရမယ့်အချိန်ကို မသေချာတော့ လူနာတွေအနေနဲ့လည်း စိုးရိမ်နေကြတယ်” လို့ ကျန်းမာရေးဝန်ထမ်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization – WHO) ရဲ့ HIV ကုသရေးလမ်းညွှန်ချက်မှာလည်း တစ်လအတွင်း ART ဆေး သုံးကြိမ်ထက်ပိုပြီး သောက်ဖို့ ပျက်ကွက်တာဟာ ဆေးယဉ်ပါးမှု ဖြစ်လာနိုင်ပြီး အန္တရာယ်ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်  ART ဆေးဟာ HIV ပိုးပွားမှုကို ထိန်းချုပ်ပြီး ကိုယ်ခံအားစနစ် အားနည်းမသွားအောင် ထိန်းထားပေးတဲ့ဆေးဖြစ်တာကြောင့် ဆေးကို အချိန်မှန် ပုံမှန်သောက်နိုင်ဖို့ အရေးကြီးတယ်လို့ ဖော်ပြထားပါတယ်။

ဆေးရက်ဆက်ပြတ်တာ၊ ပျက်ကွက်သောက်တာတွေ ရှိလာရင် သွေးထဲက HIV ပိုးပမာဏ ပြန်တက်လာနိုင်ပြီး ရောဂါအခြေအနေ ပိုဆိုးလာနိုင်တယ်လို့လည်း WHO က သတိပေးထားပါတယ်။

ဒါကြောင့် ART ဆေးကို ပုံမှန်ရရှိပြီး အချိန်မှန်သောက်နိုင်ဖို့ အရေးကြီးပေမယ့် လက်ရှိ ဆေးခွဲတမ်းနည်းလာတာကြောင့် လူနာတစ်ချို့မှာ ဆေးပြတ်သွားနိုင်တဲ့ အခြေအနေတွေ ရှိလာနေပါတယ်။

ဒါပေမယ့် လတ်တလောမှာတော့ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးမှာ ART ဆေးအစား ခုခံအားကို ထိန်းပေးတဲ့ဆေးနဲ့ တူညီတဲ့ အစားထိုးဆေးတစ်မျိုးကို ရက်အနည်းငယ်စာ ပေးနေတယ်လို့ ART ဆေးသောက်နေတဲ့ လူနာတစ်ဦးက ပြောပါတယ်။

ပြည်သူ့ဆေးရုံကြီးမှာ ခုခံဆေးနဲ့ တူညီတဲ့ အစားထိုးဆေးပေးနေတယ်တဲ့။ ရက်အနည်းငယ် သောက်ဖို့အတွက်တဲ့” လို့  ပြောပါတယ်။

ခုလို ဆေးပမာဏနည်းလာတာကြောင့် ဆေးထုတ်ဖို့ မကြာခဏ လာရတဲ့ မြို့နဲ့ဝေးတဲ့ဒေသတွေက လူနာတွေအတွက်လည်း ဆေးကို ရက်ရှည်သောက်ဖို့ မထုတ်နိုင်တဲ့အခြေနေကြုံနေတယ်လို့သူက ဆက်ပြောပါတယ်။

ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ရွှေ့ပြောင်းများပြားတဲ့ဒေသတွေရှိတာကြောင့် HIV ကာကွယ်ကုသရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ကျန်းမာရေးလုပ်ငန်းမှာ ပါဝင်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်ကစပြီး ဆေးဝါးတင်သွင်းခွင့်တွေကို စတင်တင်းကျပ်လာခဲ့တာလည်းဖြစ်ပါတယ်။

အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်မှာ ကချင်ပြည်နယ်အတွင်း ART ဆေး ပုံမှန်သောက်နေသူ ၂၅,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

By – Zami

Show More

Leave a Reply

Back to top button