ဂိတ်ကြေးတွေလျော့ကောက်ပေးဖို့ ကုန်သည်တွေပြော

တရုတ်နယ်စပ်ကနေ မြစ်ကြီးနားကို ကုန်ပစ္စည်းသယ်ယူရာမှာ တရားဝင်အခွန်အပြင် လမ်းတလျှောက် ဂိတ်ကြေးတွေ အဆင့်ဆင့်ပေးနေရတာကြောင့် ဂိတ်ကြေးတွေလျော့ကောက်ပေးဖို့ ကုန်သည်တွေက ပြောပါတယ်။

မြစ်ကြီးနားမြို့ထဲကို ကုန်ပစ္စည်းဝင်ရောက်နိုင်တဲ့ လမ်းကြောင်းနှစ်ခုထဲမှာ တရုတ်နယ်စပ်ကနေ ဝါရှောင်၊ ဂွေထူ၊ နောင်ချိန်းမိုင်းနားဘက်ကနေ ဝင်လာတဲ့ လမ်းကြောင်းမှာ ပြည်သူ့စစ်အဖွဲ့နဲ့ KIA ပူးပေါင်းတပ်တွေက ဖွင့်ထားတဲ့ ဂိတ်တွေကို ဖြတ်သန်းရာမှာ ဂိတ်ကြေးအဆင့်ဆင့် ပေးနေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

လမ်းတစ်လျှောက် နှစ်ဖက်စလုံး ပေးရတယ်။ ဒါတွေမပြီးသေးဘူး၊ မြစ်ကြီးနားမြို့ထဲရောက်ဖို့ဆို ဗလမင်းထင်မှာလည်း အခွန်ထပ်ပေးရတာလေ။ အဲတော့ အဆင့်ဆင့်ပေးရတာ ဖြစ်နိုင်ရင်တော့ လျော့ကောက်ပေးစေချင်တယ်လို့ အမည်မဖော်လိုတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။

ကုန်သည်တွေပြောပြချက်အရ တရုတ်ဘက်ကနေ မြန်မာနိုင်ငံထဲကို ကုန်ပစ္စည်းတွေ ဝင်လာတဲ့အခါ နယ်စပ်ကုန်သွယ်ရေးနဲ့ သက်ဆိုင်တဲ့ အခွန်အခတွေ ပေးဆောင်ရတာထက် မြစ်ကြီးနားဘက်ကိုလာတဲ့ လမ်းတလျှောက် ဖြတ်သန်းရတဲ့ ဂိတ်တွေမှာ ဂိတ်ကြေးပေးရတာ ပိုများတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

အထူးသဖြင့် ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအနီးမှာ ဦးနော်လီဦးဆောင်တဲ့ ဂွေထုပြည်သူ့စစ်ဂိတ်မှာ ကုန်ကားအမျိုးအစားအလိုက် ဂိတ်ကြေးအများအပြား ကောက်ခံနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

လတ်တလော ဂွေထုပြည်သူ့စစ်ဂိတ်မှာ ဆီတင်ကားတစ်စီးကို ကျပ်သိန်း ၂၀၀၊ ဘိလပ်မြေတင်ကားတစ်စီးကို ကျပ်သိန်း ၁၀၀ နဲ့ အခြားအခြေခံစားသောက်ကုန်တင်ကားတစ်စီးကို ကျပ်သိန်း ၅၀ ပေးနေရတယ်လို့ ဆိုပါတယ်။

ကုန်တစ်ခုက မြစ်ကြီးနားရောက်တဲ့အခါ လမ်းမှာ ပေးရတာတွေ၊ ကားခနဲ့ ဆီဖိုးတွေ အကုန်ပေါင်းရတယ်။ အဲဒါတွေ များလာရင် ကုန်ဈေးနှုန်းကလည်း တက်လာမှာပဲလို့ နောက်ထပ်ကုန်သည်တစ်ဦးက ပြောပါတယ်။

ဒီလို ဂိတ်ကြေးတွေ ပေးရတဲ့အပြင် အစိုးရဘက်က တရားဝင်ကောက်ခံတဲ့ ကုန်သွယ်ရေးအခွန်အခတွေကိုလည်း ပေးနေရတာကြောင့် မြစ်ကြီးနားဈေးကွက်မှာ အခြေခံစားသောက်ကုန်တွေ ဈေးကျတာမရှိဘဲ ဆက်တက်နေတယ်လို့ သိရပါတယ်။

အလားတူ KIA ပူးပေါင်းတပ်တွေ ထိုင်ထားတဲ့ ဂိတ်တွေမှာတော့ ကုန်ကားတွေကို တစ်နှစ်ချုပ်အခွန် သတ်မှတ်ထားတာကြောင့် ကုန်ပစ္စည်းအမျိုးအစားအလိုက် ကောက်ခံတာမျိုး မရှိဘူးလို့ ကုန်သည်တွေက ပြောပါတယ်။

ဒါ့အပြင် လတ်တလောမှာဆိုရင် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နယ်ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားမှာ ကုန်ကားတွေ ဝင်ခွင့်မရှိတာ နှစ်လဝန်းကျင်ရှိလာပြီလို့ သိရပါတယ်။

ဒါကြောင့် ကုန်သည်တချို့က ကုန်ပစ္စည်းတွေကို စက်လှေနဲ့ အဆင့်ဆင့် သယ်ယူနေရပြီး ဒီလို စက်လှေနဲ့ သယ်ယူခွင့်ကိုလည်း ဗလမင်းထင်တံတားမှာ တာဝန်ကျနေတဲ့ ရဲတွေက အခွန်ကောက်ပြီး ခွင့်ပြုထားတာလို့ ဒေသခံတချို့က ပြောပါတယ်။

အခုလို သယ်ယူစရိတ်တွေ အဆင့်ဆင့် ပေးဆောင်နေရတာဟာ ကုန်သည်တွေထက် စားသုံးသူပြည်သူတွေအပေါ် ပိုပြီး သက်ရောက်နေတဲ့အတွက် ဂိတ်ကြေးတွေ လျော့ကောက်ပေးဖို့ ကုန်သည်တွေနဲ့ ဈေးသည်တွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

By – Zami

Show More

Leave a Reply

Back to top button