သတင်း

ဝိုင်းမော်မြို့တွင် မီးပွိုင့်တစ်ခုထပ်မံတပ်ဆင်ရန် အဆင်မပြေဟု ယာဉ်ထိန်းအဖွဲ့ပြော

ဝိုင်းမော်မြို့တွင် နောက်ထပ် မီးပွိုင့်တစ်ခု တပ်ဆင်ရန် လျှောက်ထားမှုများ ရှိသော်လည်း လမ်းကြောင်းအခြေအနေအရ ချပေးရန်အဆင်မပြေသေးကြောင်း အမှတ်(၁၅) ယာဉ်ထိန်းရဲ ဒုတပ်ခွဲမှူးရုံး မှသိရသည်။

“လမ်းမကြီး မိန်းလမ်းက အကျယ်ကြီးဘဲ ဒါပေမယ့် ကျောင်းဘက်သွားတဲ့ လမ်းသွယ်က သေးသေးလေးဖြစ်နေတော့ ပေးလို့အဆင်မပြေသေးဘူး။ တစ်ဖက်မှာ နီနေပြီဆိုရင် ကားတွေက အတန်းလိုက်ဖြစ်သွားမှာ လမ်းမကြီးပေါ်မှာတော့ ကားတွေက အဆင်ပြေပြေသွားလို့ ရနိုင်ပေမယ့် လမ်းကြားဘက်ကို ဝင်ဖို့ကျတော့ အခက်အခဲများကြီးဖြစ်သွားမယ်။ ကားတွေကွေ့ဖို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ တစ်ချို့နေရာတွေကျတော့ မီးပွိုင့်တပ်လိုက်မှ ပိုဆိုးသွားမယ့်နေရာတွေရှိတယ်။ အနည်းဆုံး မိန်းလမ်း ၂လမ်းရှိမှ တပ်လို့အဆင်ပြေမယ်။” ဆိုပြီး အမှတ်(၁၅) ယာဉ်ထိန်းရဲ ဒုတပ်ခွဲမှူးရုံး ရဲမှူးရဲလွင် ပြောသည်။

လက်ရှိတွင် ဈေးကြီးလမ်းထောင့်၌ မီးပွိုင့်တစ်ခုတည်းသာ ထားရှိပြီး၊ လိုအပ်ချက်အရ အ.ထ.က (၁) ကျောင်းနားရှိ လမ်းဆုံတွင်လည်း ထပ်မံချပေးရန်လိုနေသေးကြောင်း ဝိုင်းမော်မြို့နယ် အရပ်ဘက်အဖွဲ့စည်းမှ တာဝန်ရှိသူများ ထောက်ပြ ပြောဆိုပါသည်။

“ကျောင်းလမ်းဆုံမှာက ကျောင်းသားတွေ ပို့တဲ့ကားတွေ၊ သုံးဘီးတွေပြီးတော့ လမ်းဘေး ဈေးလည်း ရှိနေပြန်တော့ လမ်းသွားလမ်းလာအရမ်းအန္တာရယ်ကြီးတယ်။ ဖြစ်နိုင်ရင်တော့ လမ်းချဲ့ပြီး စနစ်တကျ လုပ်ပေးထားရင် ယာဉ်အန္တာရယ်လည်း လျော့နည်းသွားမယ်။ လမ်းသွားလမ်းလာလည်း လွှတ်လွှတ်လပ်လပ် သွားလို့ရမယ်။ အဲကြောင့် သက်ဆိုင်ရာများအနေနဲ့ လမ်းအခြေနေများကို အမြန်ဆုံးစီမံခန့်ခွဲပြီး လုပ်ပေးစေချင်တယ်” ဝိုင်းမော် အရပ်ဘက်အဖွဲ့စည်းမှ ဦးဘောမ်ဆောင်က ဆိုသည်။

ဝိုင်းမော်မြို့ဈေးလမ်းရှိ တစ်ခုတည်းသော မီးပွိုင့်ကို လွန်ခဲ့သည့် ၂၀၁၈ခုနှစ်တွင် စတင်တပ်ဆင်ခဲ့ခြင်းဖြစ်ပါသည်။

 

Show More

Related Articles

Back to top button