သတင်း

နမ်ဆန်ယန်ဒေသခံတစ်ဦး မိုင်းနင်းမိ၊ ခြေထောက်ဖြတ်လိုက်ရ

ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာရှိ ပထမဆုံး နေရပ်ပြန် စစ်ရှောင်တစ်ဦး မြေမြုပ်မိုင်းနင်းမိခဲ့သဖြင့် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည့်အခြေအနေထိ ဖြစ်ခဲ့ကြောင်း သိရသည်။

အသက် ၅၅နှစ်အရွယ် Salang Je Hpwi (ဦးဂျေဖွေ) သည် လွန်ခဲ့သော ဖေဖော်ဝါရီလ ၁၄ရက် နေ့ကျေးရွာအနီး အင်ဘူယန်ချောင်း (Nbu Yang Hka) အတွင်း ငါးဖမ်းရှာထွက်ခဲ့ရာ မိုင်းနင်းမိပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရပါသည်။

လက်ရှိအချိန် နီးစပ်ရာ KIO ဗဟိုဌာနချုပ် လိုင်ဇာ ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေရပြီး၊ ဘယ်ဖက်ခြေထောက် ဖြတ်လိုက်သဖြင့် သွေးသွင်းရန်ပင် လိုအပ်နေကြောင်း နီးစပ်ရာ မိသားစုများထံမှ သိရပါသည်။

နမ်ဆန်ယန်ကျေးရွာသည် မြစ်ကြီးနား-ဗန်းမော်ကားလမ်မကြီးအလယ်တွင် တည်ရှိပြီး၊ တစ်ကျော့ပြန်တိုက်ပွဲ ၈ နှစ်ခန့်အကြာ၂၀၁၉ နှစ်ဆန်းပိုင်းတွင် တပ်မတော်နှင့် အစိုးရအစီစဉ်ဖြင့် ပထမဆုံး နေရပ်ပြန်ပို့သောကျေးရွာဖြစ်ကာ ယခု ဒေသခံ ၅၀၀ ခန့် နေထိုင်နေပြီဖြစ်သည်။

ထို့အပြင် လွန်ခဲ့သည့် နိုဝင်ဘာ ၂၉ ရက်နေ့တွင်လည်း နမ်ဆန်ယန်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် နေရပ်ပြန်အခြေချသူများ တဖန်ထွက်ပြေးရန်အထိ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

နမ်ဆန်ယန်ကျေးရွာသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာ့တပ်မတော်တို့ အနီးကပ်စောင့်ကြည့်နေသော ရှေ့တန်းနေရာဖြစ်နေဆဲဖြစ်သည်။

ယခုနှစ်နွေရာသီတွင်လည်း စစ်ရှောင် ၃၀၀၀ ခန့်ကို ပြန်လည်အခြေချပေးနိုင်ရန် ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC စီစဉ်နေကြောင်း လွန်ခဲ့သည့် ဒီဇင်ဘာလတွင် သတင်းစာရှင်းလင်းခဲ့သည်။

 

Show More

Related Articles

Back to top button