ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

ထိန်းသိမ်းခံ ကချင်ဓမ္မဆရာ ၂ ဦးနှင့် တရားစွဲခံရသူ စုစုပေါင်း ၄ ယောက် လွတ်မြောက်

ကချင်တော်လှန်ရေးနေ့ အခမ်းအနားပြုလုပ်မှုကြောင့် မြစ်ကြီးနားအကျဉ်းထောင်တွင် ၂ ပတ်ကြာ ထိန်းသိမ်းထားခံခဲ့ရသော ကချင်ဓမ္မဆရာ ၂ဦးကို ယနေ့ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လွတ်ပေးလိုက်ပြီဟု သိရသည်။

လွတ်မြောက်လာသည့် ဆရာ ၂ ဦးအပြင် ဖေဖော်ဝါရီ ၅ ရက်နေ့ ကချင်တော်လှန်ရေးနေ့ သရုပ်ဖော်ပြဇတ်တွင် ဦးဆောင်ခဲ့သော ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့မှ ဆရာ ၂ ဦးကိုလည်း အမှုမှ ရုပ်သိမ်းပေးလိုက်သည်ဟု သိရသည်။

မတရားအသင်း ဆက်သွယ်ရေး ပုဒ်မ ၁၇/၁ဖြင့် တရားစွဲခဲ့သော တပ်မတော်ဘက်မှ ယနေ့ မြစ်ကြီးနား မြို့နယ်တရားရုံးတွင် အမှုကိုအပြီး ရုပ်သိမ်းပေးလိုက်ခြင်းကြောင့် ဖြစ်သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မြစ်ကြီးနားဇုံနယ်မှ သိက္ခာတော်ရ ဆရာ La Wawm ယခုလိုပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ဘက်ကနေ ကျနော်တို့ရဲ့ ဆရာ ၄ ဦးကို ၁၇/၁ပုဒ်မနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် သူတို့အနေနဲ့ ဒီကနေ့ အမှုအားလုံးကို မြို့နယ်တရားရုံးမှာ လုပ်ထုံးလုပ်နည်းအရ ပြုလုပ်ပြီး ရုတ်သိမ်းပေးလိုက်ပြီ။ ဘာလို့ရုပ်လိုက်လဲဆိုတော့ သူတို့အနေနဲ့ အခုစွဲထားတဲ့ ပုဒ်မနဲ့ မညိစွန်းမှန်းလည်း သူတို့ သိမယ်ထင်တယ်။ အဲ့ကြောင့် ထင်တာဘဲ။ ကျနော်တို့လည်း တိတိကျကျတော့ မသိရဘူး”ဟု ကချင်သတင်းဌာန KNG သို့ပြောသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ လားတပ်ဖွဲ့မှ ဗိုလ်မှူးကြီး ဝင်တင် ကိုယ်တိုင် ယနေ့ လာရောက်ကာ အမှုရုပ်သိမ်းပေးခဲ့ကြောင်း ဆရာက ဆက်လက်ပြောဆိုခဲ့သည်။

တရားစွဲဆိုခံရသည့် ၄ဦးအနက် ဓမ္မဆရာ လူငယ်ဆရာတူးထန်းနှင့် သိက္ခာတော်ရ ဆရာဘီမာဒေါင်လွမ်းတို့ ၂ဦးကို ဖေဖဝါရီလ ၆ရက်နေ့ မြစ်ကြီးနား အမှတ်(၁)မြို့နယ် ရဲစခန်းတွင် စတင်ထိန်းသိမ်းစစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် မြစ်ကြီးနား အကျဉ်ထောင်သို့ ရွှေပြောင်းခဲ့သည်။

ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) မှ ဦး Zau Jat နဲ့ ဆရာ Lung Aung တို့ ၂ဦးကိုလည်း တရားစွဲဆိုထားခဲ့သည်။

ဖေဖော်ဝါရီ ၅ ရက်နေ့ မြစ်ကြီးနား နောင်နန် ဂျော်ဘွမ် ဆုတောင်းတောင်တွင်ပြုလုပ်တွင် ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို လူငယ်များဦးစီးပြုလုပ်ခြင်းဖြစ်ပြီး ဥပဒေဘောင်ကျော်လွန်လုပ်ဆောင်မှုများ ရှိခဲ့သဖြင့် နောက်နောင်တွင် ထပ်မံ မဖြစ်စေရန် ထိန်းသိမ်းမည့်အကြောင်း တပ်မတော် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ သို့ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ဖေဖော်ဝါရီ ၇ရက်နေ့တွင် စာတင်ပြ တောင်းဆိုခဲ့သည်။

ဓမ္မဆရာ ၂ ဦး ထိန်းသိမ်းထားရာမှ လွတ်မြောက်လာသည့်အခြေအနေ နှင့်ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၁ရက်နေ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Show More

Related Articles

Back to top button