Covid-19 Reportingသတင်းအင်တာဗျူး

“ဗဟိုထိန်းချုပ်မှု မဖြစ်သင့်တော့ဘူး။” အင်တာဗျူး

Kachin State Covid-19 Prevention Network သည် ကချင်အရပ်ဖက်အဖွဲ့အစည်းများစုစည်းထားသော ကွန်ရက်ဖြစ်ပြီး စစ်ရှောင်စခန်းများနှင့် လူထူထပ်သော နေရာများတွင် ပိုးသတ်ဆေးဖြန်းခြင်းနှင့် ပညာပေးအစီစဉ်များပြုလုပ်နေသည်။

အထူးသဖြင့် တရုတ်ပြည်တော်ပြန်များကို ယာယီထားသော မြစ်ကြီးနား ကုန်တင်ကုန်ချစခန်းတွင် ပိုးသတ်ဆေးဖြန်းခြင်းကို လုပ်ဆောင်နေသည်မှာ ၁ ပတ်ကျော်လာပြီဖြစ်သည်။

ကချင်ပြည်နယ်အတွင်း Covid-19 ကာကွယ်နေသော ကချင်အရပ်ဖက်အဖွဲ့အစည်းကွန်ရက်၏အကြောင်းကို ဦးဆောင်သူတစ်ဦးဖြစ်သော ဒူဝါကွမ်ကရောင်အောင်ခမ်းကို ကချင်သတင်းဌာန KNG မှ မေးမြန်းထားပါသည်။

ဦးကွမ်ကရောင်အောင်ခမ်း

မေး။ ။Kachin State Covid-19 Prevention Network ကို ဘာကြောင့်ဖွင့်ရသလဲ သိချင်တယ်။
ဖြေ။ ။ ကျနော်တို့ ဒေသကိုကာကွယ်ဖို့အတွက် ဖွင့်တာဖြစ်တယ်။ ကျနော်တို့ဒေသကို ဘယ်သူမှ လာကူညီမှာ မဟုတ်ဘူး ကိုယ့်ခြေတောက်ပေါ် ကိုယ်ရပ်တည်နိုင်ရမယ်။ ကိုယ့်ဒေသ နဲ့ ကိုယ့်လူမျိုးကို ကာကွယ်ဖို့ ဒီ Covid-19 ကူးစက်ရောဂါကို တိုက်ထုတ်ရတော့မယ်ဆိုပြီး ဖွင့်ရတာဖြစ်တယ်။

မေး။ ။ ဒီအဖွဲ့ကို ဘယ်အချိန်ထိ အလုပ်လုပ်သွားမယ်လို့ မျှော်မှန်းထားလဲ။
ဖြေ။ ။ ဒါကတော့ လုပ်နိုင်တဲ့ အခြေအနေအပေါ်မူတည်ပြီး လုပ်မယ်လို့တော့ ဆုံးဖြတ်ထားတယ်။ ကျနော်တို့ ကူးစက်ရောဂါမဖြစ်ပွားတော့တဲ့အချိန်ထိ လုပ်ဆောင်သွားမှာဖြစ်တယ်။

မေး။ ။ အခုလက်တွေ့လုပ်ဆောင်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေကြုံရလဲ။
ဖြေ။ ။ လုပ်ဆောင်တဲ့အပိုင်းက အများကြီးရှိတယ်။ အဆင်ပြေတဲ့အပိုင်းရှိသလို မပြေတာလည်းရှိတယ်။ အလုပ်ထဲမှာ ပါဝင်ကူညီပေးနေတဲ့ လူငယ်တွေက စိတ်သဘောထားပြည့်ပြည့်၀၀ လုပ်ဆောင်ကြတဲ့အတွက် အလုပ်လုပ်ရတာ အဆင်ပြေတယ်။ တစ်ခုက ကျနော်တို့ အခုလို လုပ်တဲ့အတွက် ပြည်သူတွေထဲက ငွေကြေးချမ်းသာတဲ့သူတွေက ငွေကြေး နဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေကိုလည်း ကူညီထောက်ပံ့ပေးတာရှိတယ်။ အခက်အခဲက ငွေကြေးထောက်ပံ့မှု ၊ လိုအပ်တဲ့ အသုံးအဆောင်တွေ မလုံလောက်တာ။ ပိုပြီးတော့က ဆေးဖြန်းတဲ့ ပစ္စည်းတွေ ၊ PPE ဝတ်စုံတွေ လိုအပ်နေတယ်။ အစိုးရအနေနဲ့လည်း ဒီရောဂါအတွက် အထူးသဖြင့်ငွေကြေးထောက်ပံ့ပေးတာ၊ စက်ပစ္စည်းကူညီထောက်ပံ့တာတွေ အခုချိန်ထိ မတွေ့ရဘူး။

မေး။ ။ Kachin State Covid-19 Prevention ကို ဖွင့်ပြီးနောက် အစိုးရအနေနဲ့ ကူညီတာတွေရှိနေပြီလား။
ဖြေ။ ။ အစိုးရနဲ့တော့ ကျနော်တို့တိုက်ရိုက်ကြီး ဆက်သွယ်တာ သိပ်တော့မရှိဘူး။ ဒါပေမယ့် တစ်ခါတစ်လေ အစိုးရကျန်းမာရေးဌာနတွေနဲ့ တွေ့ပြီး တင်ပြတာတွေ ရှိတယ်။ နောက်ဘယ်လိုဆက်ဖြစ်လာမလဲမသိပေမယ့် အခုထိတော့ ခက်ခက်ခဲခဲနဲ့ လုပ်နေရပါတယ်။

မေး။ ။ လက်တွေ့လုပ်ဆောင်တဲ့အပိုင်းမှာ ဘယ်အတိုင်းအတာထိလုပ်နေပြီလဲ။၊ ဘယ်လိုနေရာတွေမှာ လုပ်နေပြီလဲ။
ဖြေ။ ။ ကျနော်တို့ရဲ့ လုပ်ငန်းတွေဟာ ဖယ်ဒရယ်စနစ်ကို ပုံဖော်ပြီး သွားနေတာဖြစ်တယ်။ ဘာလို့လည်းဆိုတော့ ဗဟိုထိန်းချုပ်ပြီး သူတို့ပဲ လုပ်မှရမယ်ဆိုတဲ့ဟာတွေ အချက်တွေတွေ့ရတော့ ကိုယ့်ဒေသကို ကိုယ် ကိုယ်တိုင်ဖြေရှင်းမယ်ဆိုတဲ့အတွေးအခေါ်က ဖယ်ဒရယ်စနစ်ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုတိုင် လုပ်ဆောင်မှ ရတော့ဆိုပြီး ဖယ်ဒရယ်လမ်းစဉ်အတိုင်းလုပ်သွားမှာပါ။ အခုလက်တွေ့လုပ်ငန်းတွေမှာတော့ Covid-19 ရောဂါ မပြန့်ပွားဖို့ ဈေးတွေမှာ ဆေးဖြန်းပေးတယ် ၊ ပညာပေးလုပ်တယ် ၊ နှာခေါင်းစည်းတွေ ဝေတယ်။ တရုတ်ပြည်တော်ပြန်တွေကိုလည်း ဆေးဖြန်းပေးတယ်။ Q ဝင်နေတဲ့သူတွေကိုလည်း ကူညီပေးတယ်။ ပြီးတော့ စားနပ်ရိက္ခာပြတ်တောက်လာတဲ့ နေရာတွေလည်း ရှိလာပြီလို့ သိရတယ်။ ဒါကြောင့် ကျနော်တို့က Kachin State Covid-19 Emergency Relief Team ဆိုတဲ့အဖွဲ့ကို ဖွဲ့ပြီး အရမ်းခက်ခဲတဲ့ မိသားစုတွေကို စတင်ကူညီနေပါပြီ။

မေး။ ။ ဆရာတို့အတွက် အဓိကစိန်ခေါ်မှုက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ အခက်အခဲ စိန်ခေါ်မှုတွေက အများကြီးပါ။ တကယ်လို့ ရောဂါကူးစက်ခံရရင် အားလုံးကို ထိခိုက်လာနိုင်လို့ အရမ်းသတိထားရတယ်။ တခြားကတော့ ငွေကြေး၊ စားနပ်ရိက္ခာတွေလိုတယ်။ လူထုကို ပညာပေးဖို့ ထောက်ပံ့ဖို့ ပစ္စည်းတွေလိုတယ်။ ဒါပေမယ့် ကျနော်တို့အတွက်တော့ အဲဒါတွေမရှိလည်း လုပ်ဆောင်သွားမှာပါ။

Kachin State Covid-19 Prevention Network အဖွဲ့များ

မေး။ ။ အစိုးရဘက်ကလည်း ကိုဗစ်တိုက်ဖျက်ရေးလုပ်ငန်းတွေလုပ်နေတယ်။ ဆရာတို့ဘက်လည်း အခုလိုလုပ်လာတော့ ဘယ်လောက်ထိ လုပ်နိုင်မယ်လို့ ယုံကြည်လဲ။
ဖြေ။ ။ အစိုးရကလည်း သူနိုင်သလောက် လုပ်ပါလိမ့်မယ်။ ကချင်ပြည်နယ်မှာ အစိုးရလက်လှမ်းမမှီတဲ့ နေရာတွေအများကြီးပဲ။ မြို့တွင်းမှာလည်း အစိုးရတစ်ခုတည်း အားလုံး မတတ်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့က မပါဝင်လို့ကို မရတော့ဘူး။ လုပ်ကို လုပ်ရတော့မယ်ဆိုတဲ့ တာဝန်ကြောင့် ဘယ်သူမှ ခိုင်းတာမဟုတ်ဘူး။ ကိုယ်လုပ်တဲ့ လုပ်ငန်းအပေါ်မှာတော့ယုံကြည်မှုအပြည့်ရှိတယ်။

မေး။ ။ ဒီမှာပါဝင်ကူတဲ့ volunteer တွေမှာ ဘယ်လိုအခက်အခဲတွေရှိမလဲ။
ဖြေ။ ။ ဒါက ၂ မျိုးရှိတယ်။ တချို့ကတော့ စိတ်ရောကိုယ်နှစ်မျိုးလုပ်တာရှိပေမယ့် တချို့အတွက်တော့လည်း စိုးရိမ်မှုတွေ ရှိတာပေါ့။ လုပ်အားပေးတွေကိုလည်း မျှော်မှန်းသလောက်တော့မရဘူးပေါ့လေ။ ဒါပေမယ့် အနည်းဆုံး အယောက် ၁၀၀ ကျော်လောက်တော့ အဆင်သင့်ရှိပါတယ်။

မေး။ ။ ဆရာတို့ Kachin State Covid-19 Prevention မှာ အဖွဲ့အစည်းဘယ်လောက်နဲ့ ဖွဲ့ထားစည်းထားတာလဲ။
ဖြေ။ ။ ကျနော်တို့ အဖွဲ့အစည်း (၂၀) နီးပါးရှိတယ်။ ပူတာအို ၊ နောင်မွန်းထိဟုတ်တယ်။ မြစ်ကြီးနား ၊ ဝိုင်းမှော် ၊ ဗန်းမော် ၊ ရွေကူ ၊ မိုးညင်း ဆိုပြီး ဒေသခွဲလုပ်ဆောင်နေတယ်။

မေး။ ။ မြစ်ကြီးနားမြို့နယ်အတွင်း ရောဂါပိုးတွေ့ရှိသူ ရှိလာရင် ဆရာတို့ အနေနဲ့ ဘယ်လိုပြင်ဆင်ထားတာ ရှိလဲ။
ဖြေ။ ။ ပိုးတွေ့တာ အခု (၁) ယောက်ရှိနေပြီဆိုတော့ ဒါကို အစိုးရဘက်က တာဝန်ယူလုပ်ဆောင်နေကြတော့ ကျနော်တို့ အဲမှာ သွားပြီး ပါဝင်ဖို့အတွက်လည်း အစိုးရတွေ ခွင့်ပေးမှာလည်းမဟုတ်ဘူး။ ဖြစ်လည်းမဖြစ်နိုင်ဘူး။ ဆိုတော့ ကျနော်တို့ကတော့ ဖြစ်နိုင်တဲ့ဘက်ကိုဘဲ ကျနော်တို့ ပါဝင်ဆောင်ရွက်မှာ ဖြစ်တယ်။

မေး။ ။ Covid-19 ကာကွယ်တိုက်ဖျက်ရေးအတွက် နိုင်ငံတကာကလည်း မြန်မာပြည်တွက် ရံပုံငွေတွေ ပေးထားတယ်လို့ သိရတယ်။ ဆရာတို့ကချင်အဖွဲ့အစည်းတွေအနေနဲ့ကော ဒီငွေကြေးကို ဘယ်လို စီမံစေချင်လဲ။
ဖြေ။ ။ နေရာဒေသအသီးသီးကို ညီညီမျှမျှပေးပေါ့။ လူများတဲ့ ဒေသဆိုရင် များသလို ခွဲပေးရမယ်။ ဖက်ဒရယ်စနစ်ကို ကြည့်ရမှာဖြစ်သလို လူဦးရေကိုလည်း ကြည့်ရမယ်။ အခုချိန်ထိတော့ ငွေကြေးရောက်တယ်လို့ သိရပေမယ့် ဘယ်နေရာမှာသုံးလဲ မသိရသေးဘူး။ ကျနော်တို့ကတော့ ကိုယ့်ခြေတောက်ပေါ်ကိုယ်ရပ်ပြီး ပြည်သူတွေရဲ့အင်အားနဲ့ပဲ လုပ်နေတာဖြစ်တယ်။

မေး။ ။ အခု ကိုဗစ်ကာကွယ်ရေး ဆေးဖြန်းတဲ့နေရာမှာ တခြားနေရာတွေမှာသုံးတဲ့ ပစ္စည်းတွေအတွက် ဘယ်လိုစီမံရလဲ။
ဖြေ။ ။ ရှိတဲ့ပစ္စည်းတွေနဲ့ပဲ သုံးတယ်။ ကျနော်တို့က မြစ်ကြီးနားအဓိကဆိုတော့ ဒီမှာအခြေချတယ်။ ပြီးတော့ တခြားဒေသ ဗန်းမော်၊ ပူတာအို၊ မိုးညှင်းတွေမှာလည်း ပစ္စည်းလိုပြီလို့ အကြောင်းကြားလာရင် ပို့ပေးတယ်။ မျှဝေပြီး သုံးစွဲနေတာပေါ့လေ။

မေး။ ။ ကချင်ပြည်နယ်မှာ ကိုဗစ်ကာကွယ်ရေး အစိုးရလုပ်ဆောင်ချက်တွေအပေါ် သုံးသပ်ချင်တာရှိလား။
ဖြေ။ ။ အစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်တဲ့အပိုင်းမှာ လိုအပ်ချက်တွေရှိနေတယ်။ ပြည်နယ်အစိုးရကလည်း ကြိုတင်လုပ်ဆောင်တာ ဘာမှမရှိဘူး။ ရောက်လာမှ လုပ်နေတယ်။ ဒါတွေက အားနည်းချက်ဖြစ်တယ်။ အစိုးရအနေနဲ့ အားလုံးနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ရမှာ ဖြစ်တယ်။ နိုင်ငံရေးပါတီဖြစ်ဖြစ် ခွဲခြားနေမဲ့အချိန်မဟုတ်တော့ဘူး။ လူမျိုးဘာသာမရွေး တိုင်းရင်းသားအားလုံး အတူတကွ ရောဂါကို တိုက်ထုတ်ရမဲ့ အချိန်ဖြစ်တယ်။ အစိုးရဘက်တော့ လမ်းဖွင့်ထားသင့်ပြီး။ နေရာဒေသအစုံမှာလုပ်ဖို့ အခွင့်ပေးသင့်ပြီ။ ဗဟိုထိန်းချုပ်မှုတစ်ခုတည်း မဖြစ်သင့်တော့ဘူး။ ဖက်ဒရယ်စနစ်သုံးရတော့မယ်။

မေး။ ။ ဆရာပြောသွားတဲ့ အစိုးရမှာလည်း ပြင်ဆင်မှု လုပ်ဆေင်မှုမှာ လိုအပ်ချက်ရှိနေတယ်လို့ပြောတာက ဘယ်အချက်တွေဖြစ်မလဲ။
ဖြေ။ ။ လိုအပ်ချက်ရှိတယ်ဆိုတာက ဗဟိုကနေပဲ အမိန့်ချနေတယ်။ ဒီဘက်ကလည်း တစ်ဖန်ပြန်လုပ် ဆိုတော့ အချိန်က ဒီလိုကုန်နေတာ။ ဒီကနေတဆင့် ရပ်ကျေးကိုပြန်သွားဆိုတော့ အချိန်ကြန့်ကြာပြီး အလုပ်သိပ်မတွင်ဘူးပေါ့။ မြစ်ကြီးနားဆိုတာ ကချင်ပြည်နယ်အတွက် အရေးကြီးတယ်။ ဖြစ်နိုင်ရင် စစ်ဆေးရေးစက်ကြီးတွေလည်း ထားရမယ်။

မေး။ ။ နောက်ဆုံး အနေနဲ့ ထပ်မံ ဖြည့်စွက်ပြောချင်လာရှိလား။
ဖြေ။ ။ အခုချိန်မှာတော့ ခွဲခြားမှုတွေအဆုံးသတ်ပြီး ပူးပေါင်းလုပ်ဆောင်ရမယ့်အချိန်ရောက်ပြီ။ သတ်မှတ်ထားတဲ့အချိန်ထိ မိမိပတ်ဝန်းကျင် အပြင်ထွက်တာကို ရှောင်ပြီး အိမ်မှာပဲ ကောင်းကောင်းမွန်မွန်နေရအောင်။ ဒီရောဂါက ဆင်းရဲချမ်းသာမရွေး ၊ အသက်အရွယ်မရွေး ကူးစက်သေဆုံးနိုင်လို့ အားလုံးသတိနဲ့ နေထိုင်ကြဖို့ ပြောချင်တယ်။ ကျေးဇူးတင်ပါတယ်။

Show More

Related Articles

Back to top button