သတင်း

ဖားကန့်မြို့အဝင် ကျောက်စိမ်းရိုင်းတုံးထားတော့မည်

ဖားကန့်မြို့အဝင်တွင် အစိမ်းရောင် ဆေးခြယ်ထားသည့် ကျောက်တုံးအစား ကာလတန်ဖိုး ကျပ်သိန်း ၃၀၀ကျော်ခန့်ရှိသည့် ကျောက်စိမ်းရိုင်းတုံးကို ယာယီထားရန်စီစဉ်နေသည်ဟု သိရသည်။

“ဒီနေရာမှာလွန်ခဲ့တဲ့ ၂နှစ်တုန်းကတော့ ကျောက်စိမ်းအရိုင်းနဲ့ရောထားတဲ့ ကျောက်တုံးအတုကို ဆေးသုတ်ပြီးမှ ထားတာဟုတ်တယ်။ ဒါပေမယ့် ပြည်နယ်အစိုးရကနေ ကမ္ဘာကျော်ကျောက်စိမ်းထွက်တဲ့ဒီလိုနေရာမှာ ကျောက်စိမ်းမဟုတ်တဲ့ ဒီလိုဆေးသုတ်ထားတဲ့ ကျောက်တုံးအတုထားတာက မသင့်တော်ဘူးဆိုပြီး အဲကျောက်တုံးကိုဖယ်ပြီး ကျောက်စိမ်းအစစ်ထားဖို့ရန်တွက် စီစဉ်ပါဆိုတော့ လူထုကလည်းပြောတဲ့စကားသံတွေထွက်လာလို့နေမှာ။ ဒါကြောင့် အစစ်ထားနိုင်ဖို့စီစဉ်နေခြင်းဖြစ်တယ်။” ဟု ဖားကန့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျော်မင်းကပြောသည်။

ယင်းကျောက်စိမ်းအရိုင်းတုံးကို အလှူရှင်တစ်ဦးမှ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အလေးချိန်အားဖြင့် ၁တန်ကျော်ရှိကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါ ကျောက်တုံးအား ကလပ်ပြားပေါ်တွင်ထားနိုင်ရန်စီစဉ်နေပြီး၊ ကလပ်ခုံပြား ပြုလုပ်ရာတွင် ငွေကျပ်သိန်း ၈၀ခန့်ကုန်ကျမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ယင်းကုန်ကျမည့်အသုံးစရိတ်သည် ပြည်နယ်အစိုးရ၏ ရံပုံငွေဖြင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲ အလှူရှင်များထည့်ဝင်ထားသည့်အလှူငွေဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

ကျောက်စိမ်းရိုင်းတုံးသည် ခိုးယူရန်လွယ်ကူမည် မဟုတ်သော်လည်း လုံခြုံရေးအရ CCTV တပ်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဖားကန့်ဒေသခံတစ်ဦးဖြစ်သည့် Green Land အရပ်ဘက်အဖွဲ့စည်းမှ ဦးယိန်းခေါက ယခုလိုသုံးသပ်သည်။

“ဖြစ်နိုင်ရင်တော့ ကမ္ဘာကျော် ကျောက်စိမ်းထွက်တဲ့နေရာမှာ ဘီလျံချီတဲ့ကျောက်ထွက်တဲ့နေရာမှာ ရာတန်လောက်ဘဲထားတာတော့ သိပ်သဘောမကျဘူး။ ကျနော်တို့ ဖားကန့်ပြည်သူတွေအတွက်ရော ကချင်ပြည်နယ်တွက်ရော စဉ်းစားပေးစေချင်တယ်။ တစ်ကယ်တမ်းတော့ ပြည်နယ်အစိုးရအနေနဲ့ တရားဝင်တူးဖော်နေတဲ့ နိုင်ငံနဲ့အကျိုးတူဆောင်ရွက်နေတဲ့ ကုမ္မဏီတွေကို ကူညီတောင်းသင့်တယ်။ နိုင်ငံကနေဘဲဖြစ်ဖြစ် ဈေးဖြတ်ပြီးတော့ ဖားကန့်မြို့မှာ ဒီထက်ပိုကောင်းတဲ့ကျောက်ထားခိုင်းစေချင်တယ်။ ဖားကန့်ကထွက်တဲ့ကျောက်စိမ်းကြောင့် တစ်ခြားဒေသတွေ တစ်ခြားသူတွေကောင်းစားနေကြပြီ။ ကမ္ဘာကျော် ကျောက်ထွက်တဲ့ဖားကန့်မြို့ကတော့ ခုထိ စုတ်ပြတ်နေတုန်းဘဲ” ဟု ပြောသည်။

အဆိုပါကျောက်စိမ်းတုံးကို နောက်ထပ် ၁ လကြာမှ ထားနိုင်မည်ဖြစ်သည်။

Show More

Related Articles

Back to top button