အင်းတော်–မဲဇာကြား တိုက်ပွဲဆက်ဖြစ်နေဆဲ
ကချင်နဲ့စစ်ကိုင်းအစပ်က မြစ်ကြီးနား−မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ အင်းတော်နဲ့ မဲဇာကြား လမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ခရီးသွားပြည်သူတွေအနေနဲ့ သတိထားသွားလာဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက KNG ကိုပြောပါတယ်။
မြစ်ကြီးနား–မန္တလေးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ထားနိုင်တဲ့ စစ်တပ်က ယာဉ်တွေကို ဖြတ်သန်းသွားလာခွင့် ပြန်ဖွင့်ပေးခဲ့ပေမယ့် လမ်းတစ်လျှောက် စစ်ရေးတင်းမာမှုတွေကတော့ လျော့ကျသွားတာ မဟုတ်ဘဲ ဒီရက်ပိုင်းအတွင်း နေရာအလိုက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ အင်းတော်မြို့ဘက်ကနေ မဲဇာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး အဲဒီစစ်ကြောင်း လှုပ်ရှားတဲ့ လမ်းတစ်လျှောက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်လို့ အခြေအနေကို စောင့်ကြည့်နေတဲ့ ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။
“အင်းတော်ကနေက စစ်ကြောင်းထွက်တာက မဲဇာဘက်ကို ထွက်တာ။ အင်းတော်နဲ့ မော်လူးကို စစ်တပ်ဘက်ပါသွားပေမဲ့ မဲဇာက ကျန်နေသေးတာ”လို့ သူက ပြောပါတယ်။
မဲဇာကျေးရွာဟာ အင်းတော်မြို့ရဲ့ တောင်ဘက် ၁၀ မိုင်ခန့်အကွာမှာ တည်ရှိပြီး မြစ်ကြီးနား–မန္တလေး ပြည်ထောင်စုလမ်းမကြီး ပေါ်မှာရှိတဲ့ အရေးပါတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
အင်းတော်ဘက်ကနေ တောင်ဘက်ကို ဆင်းလာတဲ့ ယာဉ်တွေအတွက်လည်း မဖြစ်မနေ ဖြတ်သန်းရတဲ့ လမ်းပိုင်းဖြစ်တာကြောင့် အဲဒီနေရာမှာ စစ်ရေးတင်းမာလာတာက လမ်းအသုံးပြုနေတဲ့ ပြည်သူတွေအပေါ် တိုက်ရိုက် သက်ရောက်မှုရှိနေပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ တိုက်ပွဲတွေဟာ မဲဇာရွာအတွင်း ဖြစ်နေတာမဟုတ်သေးပေမယ့် အင်းတော်ကနေ မဲဇာဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာတဲ့ လမ်းပိုင်းတစ်လျှောက်မှာ ဆက်တိုက်ဖြစ်နေတယ်လို့ သိရပါတယ်။
“တိုက်ပွဲကတော့ ဖြစ်နေတာဟုတ်တယ်။ အင်းတော်ကနေ မဲဇာဘက်ကို စစ်တပ်က စစ်ကြောင်းထွက်တဲ့အချိန် လမ်းမှာဖြစ်နေ တာပေါ့။ မြစ်ကြီးနား–မန္တလေးလမ်းကလည်း ဖွင့်လိုက် ပိတ်လိုက်ပဲ။ တိုက်ပွဲငြိမ်သွားတဲ့အခါ ပြန်ဖွင့်၊ တိုက်ပွဲဖြစ်တဲ့အခါ ပြန်ပိတ်။ အဲ့လိုဖြစ်နေတာ”လို့ ဒေသခံက ပြောပါတယ်။
အဲဒီအခြေအနေကြောင့် မြစ်ကြီးနား–မန္တလေး လမ်းပိုင်းကို အသုံးပြုမယ့် ခရီးသည်တွေအနေနဲ့ လမ်းဖွင့်ထားတယ်ဆိုတဲ့ သတင်း တစ်ခုတည်းကို ယုံကြည်ပြီး ခရီးမထွက်သင့်ဘဲ လမ်းအခြေအနေကို အချိန်နဲ့တပြေးညီ စုံစမ်းပြီးမှသာ သွားလာသင့်တယ်လို့ ဒေသခံတွေက အကြံပြုနေပါတယ်။

လက်ရှိမှာ စစ်ကြောင်းဟာ မဲဇာအထိ မရောက်သေးပေမယ့် အင်းတော်နဲ့ မဲဇာကြား လမ်းပိုင်းမှာတော့ ဇူလိုင် ၁ ရက် တစ်နေ့လုံး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။
“မဲဇာတော့ စစ်ကြောင်းက မရောက်သေးဘူး။ တိုက်ပွဲဖြစ်နေတယ်လို့ပဲ သိရတာ။ ဒီနေ့တစ်နေ့လုံးလည်း တိုက်ပွဲတွေဖြစ်နေ တယ်တဲ့။ မဲဇာနဲ့ အင်းတော်ကြား လမ်းပိုင်းမှာပေါ့”လို့ သူက ဆိုပါတယ်။
မြစ်ကြီးနား–မန္တလေး ပြည်ထောင်စုလမ်းမကြီးဟာ ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို ဆက်သွယ်ထားတဲ့ အဓိကကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သလို ခရီးသည်တင်ကားတွေ၊ ကုန်တင်ယာဉ်တွေနဲ့ လူမှုရေး၊ စီးပွားရေး လှုပ်ရှားမှုတွေ အားလုံးနီးပါး မှီခိုအသုံးပြုနေတဲ့ လမ်းကြောင်းလည်း ဖြစ်ပါတယ်။
ဒါကြောင့် လမ်းပိုင်းတစ်နေရာမှာ တိုက်ပွဲဖြစ်ပွားတာနဲ့ ယာဉ်သွားလာမှုတစ်ခုလုံး ရပ်သွားတာ၊ လမ်းပိတ်လိုက်ပြန်ဖွင့်လိုက် ဖြစ်တာတွေ မကြာခဏ ကြုံတွေ့နေရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကလည်း နဘားလမ်းဆုံအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် လမ်းပိုင်းတွေ ပိတ်ထားခဲ့တာကြောင့် ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကား စုစုပေါင်း ၅၀၀ နီးပါး ပိတ်မိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတချို့ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်ပျက်စီးခဲ့သလို ခရီးသည်နဲ့ ယာဉ်မောင်းတချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒီလိုဖြစ်စဉ်တွေကြောင့် မြစ်ကြီးနား–မန္တလေး လမ်းပိုင်းမှာ လက်ရှိအချိန်အထိ လုံခြုံစိတ်ချစွာ သွားလာနိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အထူးသဖြင့် အင်းတော်၊ နဘား၊ မဲဇာ၊ ကသာဘက် လမ်းပိုင်းတွေမှာ စစ်ရေးအခြေအနေက နာရီပိုင်းအတွင်း ပြောင်းလဲနိုင်တာကြောင့် မနက်ပိုင်း လမ်းဖွင့်ထားပေမယ့် ညနေပိုင်းမှာ တိုက်ပွဲပြန်ဖြစ်ပြီး လမ်းပြန်ပိတ်သွားတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏ ဖြစ်ပေါ်နေပါတယ်။
By – အမိုး




