မန္တလေး–မြစ်ကြီးနားလမ်းပိုင်း ကုန်တင်ကားတွေပိတ်မိနေတာ တစ်ပတ်ခန့်ရှိလာ
ကချင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးမှာ စစ်ရေးအခြေအနေတွေ ပြန်လည်တင်းမာလာတာနဲ့အတူ လမ်းပိုင်းတချို့ပိတ်ဆို့နေပြီး ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်အများအပြားပိတ်မိနေတာ တစ်ပတ်ကြာရှိလာပြီလို့သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်ဝန်းကျင်ကစပြီး ပိတ်မိနေတဲ့ယာဉ်တချို့ ဇူလိုင်လ ပထမပတ်အထိ ခရီးဆက်မသွားနိုင်သေးသလို တချို့ယာဉ်တွေကတော့ ရက်ပေါင်းများစွာ စောင့်ဆိုင်းပြီးနောက် နောက်ပြန်လှည့်ခဲ့ရတယ်လို့ ကားလိုင်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
“နဘားမရောက်ခင် ငါးရက်လောက် ပိတ်မိနေတဲ့ အဆင်းကားတချို့ကတော့ လမ်းဖွင့်မယ့်အချိန် မသေချာသေးတာကြောင့် နောက်ပြန်လှည့်ပြီး ပြန်လာနေကြပါတယ်။“လို့ ကားသမားတစ်ဦးကပြောပါတယ်။
လက်ရှိမှာ အဓိကပိတ်ဆို့နေတဲ့ လမ်းပိုင်းနှစ်ခုရှိနေပြီး ပထမတစ်ခုက နဘား–ကသာ ကားလမ်းပိုင်းနဲ့ ဒုတိယတစ်ခုကတော့ မဲဇာ–နန့်သဲ–အင်းတော် ကွင်းလမ်းပိုင်းတို့ဖြစ်ပါတယ်။

အလားတူ ရှောင်ကွင်းအသုံးပြုဖို့ ကြိုးစားတဲ့ ယာဉ်တွေဟာလည်း ရွာစဉ်အလိုက် ပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့နေရတာကြောင့် ရှေ့ဆက် မသွားနိုင်ဘဲ လမ်းပြန်ဖွင့်မယ့်ရက်ကိုသာ စောင့်ဆိုင်းနေကြရတဲ့ အခြေအနေဖြစ်ပါတယ်။

ခရီးသည်တင်ကားလိုင်းတချို့ရဲ့ အသိပေးချက်တွေအရ မြစ်ကြီးနား–မန္တလေး လမ်းကြောင်းတစ်ခုလုံးရဲ့ မြေပြင်အခြေအနေဟာ နေ့စဉ်အပြောင်းအလဲရှိနေပြီး ဘယ်လမ်းကို ဖွင့်မယ်၊ ဘယ်လမ်းကို ပိတ်မယ်ဆိုတာ တိတိကျကျ ခန့်မှန်းလို့မရသေးဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ အခြေအနေကို စောင့်ကြည့်ပြီးမှ ခရီးစဉ်ကို ဆုံးဖြတ်ဖို့ တိုက်တွန်းထားပါတယ်။
“အခု မြစ်ကြီးနား–မန္တလေးလမ်းကြောင်းက နေ့တိုင်းလိုလို အခြေအနေပြောင်းနေတယ်။ ဘယ်လမ်းဖွင့်မလဲ၊ ဘယ်လမ်း ပိတ်မလဲဆိုတာ မသေချာသေးတော့ ခရီးသွားမယ့်သူတွေအနေနဲ့ ချက်ချင်းမထွက်သေးဘဲ အခြေအနေကို နည်းနည်း စောင့်ကြည့်ပြီးမှ ဆုံးဖြတ်တာ ပိုကောင်းပါတယ်“လို့ အထက်ပါကားသမားကဆက်ပြောပါတယ်။
ရွှေဘို–အင်းတော် လမ်းပိုင်း ဒါမှမဟုတ် ထီးချိုင့်တံတား–ခုနစ်ရွာတန်းလမ်းခွဲ–အင်းတော် လမ်းကြောင်းကို ယာယီဖွင့်ပေးမလားဆိုတာကိုသာ ကားသမားတွေစောင့်ကြည့်နေကြပေမဲ့ ဘယ်လမ်းကို ပြန်ဖွင့်မယ်ဆိုတဲ့ တရားဝင် အတည်ပြုချက်တော့ မရှိသေးပါဘူး။
လက်ရှိအချိန်မှာ အခက်အခဲအများဆုံး ကြုံတွေ့နေရတဲ့ လမ်းပိုင်းကတော့ ကသာ–ထီးချိုင့် လမ်းပိုင်းဖြစ်ပြီး အဲဒီလမ်းပိုင်းမှာ လမ်းတချို့ ဖျက်ဆီးခံထားရတာကြောင့် မကြာခင်မှာ ပြန်လည်အသုံးပြုနိုင်ဖို့ မလွယ်ကူသေးဘူးလို့ ကားလိုင်းသမားတွေက သုံးသပ်ထားပါတယ်။
ကသာဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ ညောင်ခြေထောက်–သံပုရာကျေးရွာအနီး ထီးချိုင့်–ကသာ လမ်းပိုင်းမှာ ဘက်ဟိုးယန္တရား တွေနဲ့ တူးဖော်ဖျက်ဆီးထားတဲ့ နေရာ နှစ်နေရာကနေ သုံးနေရာခန့် ရှိနေပြီး ယာဉ်တွေ လုံးဝဖြတ်သန်းလို့ မရတော့ဘူးလို့ ဆိုပါတယ်။
By – အမိုး




