ကန့်ကွက်နေတဲ့ကြားက လယ်ယာမြေတွေပေါ် ရွှေတူးဖော်ဖို့ပြင်ဆင်နေ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာမှာ လယ်ပိုင်ရှင်တချို့ကန့်ကွက်နေတဲ့ကြားက အတင်းအဓမ္မ ရွှေတူးဖော်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေ KNG ကိုပြောပါတယ်။

ပူတာအိုမြို့ရဲ့ အရှေ့ဘက် မြို့နဲ့  မိုင်ကျော်အကွာရှိ မကပ်မုံကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွှေလုပ်ငန်းရှင်တွေက ဒေသခံတချို့ကန့်ကွက်နေတဲ့ကြား လယ်ယာမြေတွေပေါ် ရွှေတူးဖော်ဖို့ လုပ်နေတယ်လို့ မကပ်မုံကျေးရွာနေ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

အခုလောလောဆယ်တော့ မတူးသေးဘူး။ ဒါပေမယ့် တူးဖို့ အဆင်သင့်လုပ်နေပြီ။ ဘတ်ဟိုးနှစ်စီးလည်း ရောက်ထားပြီ။ ဘေးမှာ ဒီနှစ်မှ စိုက်ထားတဲ့ စပါးခင်းတွေရှိတယ်။ အဲဒီစပါးခင်းတွေနဲ့ ကပ်လျက်ရှိတဲ့ လယ်တွေကို တူးတော့မှာ။ အဲဒါကြောင့် ဒေသခံတွေက အရမ်းစိုးရိမ်နေကြတာ။ ရွှေမတူးစေချင်ဘူး။ တူးလိုက်ရင် စပါးခင်းတွေပျက်စီးသွားမှာကို ကြောက်နေကြတယ်လို့ အသက် ၆၀ ကျော်အရွယ် အထက်ပါအမျိုးသားက ပြောပါတယ်။

ဒေသခံတွေ ပြောပြချက်အရ မကပ်မုံကျေးရွာအုပ်ချုပ်ရေးမှူး၊ ရွှေလုပ်ငန်းရှင်တွေနဲ့ လယ်ပိုင်ရှင်တချို့ ပူးပေါင်းပြီး မကပ်မုံပူတာအို ကားလမ်းဘေးရှိ လယ်ကွက်တွေမှာ ရွှေတူးဖော်ဖို့ ပြီးခဲ့တဲ့ ဇွန်လကတည်းက စတင်ပြင်ဆင်နေတာလို့ပြောပါတယ်။

ကားလမ်းဘေးက လယ်ကွက်တွေပါ အဲဒီမှာ လယ်ကွက်တွေ အများကြီးရှိတယ်။ တချို့က လယ်စိုက်ထားတယ်၊ တချို့က မစိုက်ဘူး မစိုက်တဲ့ လယ်ကွက်တွေကိုတော့ လယ်ပိုင်ရှင်တွေက ရွှေတူးဖို့ ရောင်းပြီးပြီ။ တချို့ကတော့ မရောင်းချင်ဘူး စပါးစိုက်ထားတယ်။ လယ်တွေကလည်း ကပ်လျက်ရှိတော့ တစ်ဖက်မှာ ရွှေတူးလိုက်ရင် ဒီဘက် စပါးစိုက်ထားတဲ့ လယ်တွေအကုန် ထိခိုက်သွားမယ်။ ရေစီးကြောင်းတွေ ပိတ်သွားမယ်၊ ရေတွေက ရွှေတူးတဲ့ဘက်ကို စီးသွားပြီး လယ်တွေ ရေခမ်းသွားနိုင်တယ်။ အဲဒါကြောင့် လယ်စိုက်ထားတဲ့သူတွေက ကန့်ကွက်နေကြတာ။ မတူးစေချင်ဘူး လို့ အခြားဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ ရွှေတူးဖော်ဖို့ ပြင်ဆင်နေတဲ့ နေရာတစ်လျှောက်မှာ လယ်ဧက ၅၀ လောက်ရှိပြီး အဲဒီအထဲက ဧက ၂၀ ဝန်းကျင်ကို ရွှေတူးဖော်ဖို့ စီစဉ်နေတယ်လို့ သူကဆက်ပြောပါတယ်။

PSA

ဒီလယ်တွေဟာ ကပ်လျက်ရှိတဲ့ လယ်ကွက်တွေဖြစ်တာကြောင့် တချို့ကို ရွှေတူးဖော်လိုက်မယ်ဆိုရင် ကျန်တဲ့ လယ်ကွက်တွေဘက်ကို ရေစီးဆင်းမှု ပိတ်သွားတာ၊ ရေခမ်းခြောက်တာ၊ မြေစာပုံတွေ ဖုံးလွှမ်းလာတာနဲ့ မိုးရာသီမှာ မြေပြိုမှုတွေ ဖြစ်လာနိုင်တာကြောင့် လယ်ပိုင်ရှင်တချို့က ကန့်ကွက်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဌာနဆိုင်ရာတွေအနေနဲ့ လာရောက်စစ်ဆေးပေးစေချင်တယ်။ တကယ် ရွှေတူးလိုက်ရင် ကျန်တဲ့လယ်တွေအကုန် ပျက်စီးသွားမှာ။ ဘာမှဆက်လုပ်လို့ရတော့မှာ မဟုတ်ဘူး။ တာဝန်ရှိတဲ့သူတွေ ကွင်းဆင်းပြီး စိစစ်ပေးရင် ကောင်းမယ်” လို့ အခြားဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

လက်ရှိမှာတော့ မကပ်မုံကျေးရွာအတွင်း လယ်ယာမြေတွေကို ရွှေတူးဖော်ဖို့ ပြင်ဆင်နေတဲ့အပြင် လယ်ကွက်တွေရဲ့ တစ်ဖက်ခြမ်းရှိ မြေလွတ်၊ မြေရိုင်းနေရာ အများအပြားမှာလည်း စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတယ်လို့ သိရပါတယ်။

မကပ်မုံကျေးရွာမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း မလိခမြစ်ကမ်းတစ်လျှောက်နဲ့ ကျေးရွာခြံစည်းရိုးအနီးအထိ ရွှေတူးဖော်ခဲ့တာကြောင့် ဒေသခံတွေ ကန့်ကွက်ခဲ့ဖူးပါတယ်။

ပူတာအိုဒေသမှာ စစ်အာဏာမသိမ်းခင်က လက်လုပ်လက်စား ရွှေတူးဖော်မှုသာ ရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပူတာအိုမြို့အနီးဝန်းကျင်၊ မချမ်းဘော့နယ်၊ နောင်ခိုင်၊ မကပ်မှော်၊ မူလာရှီးဒီ စတဲ့နေရာအနှံ့မှာ စက်ယန္တရားကြီးတွေနဲ့ အကြီးစားရွှေတူးဖော်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

မကပ်မုံကျေးရွာဟာ အိမ်ခြေ ၆၀ ကျော်၊ လူဦးရေ ၅၀၀ ဝန်းကျင်ရှိတဲ့ ကျေးရွာငယ်တစ်ရွာ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button