KIO အရာရှိတစ်ဦးကို ဆွေးမျိုးအရင်းချာက လုပ်ကြံခဲ့တယ်လို့ KIO ပြော

လွတ်မြောက်သွားတဲ့တရားခံတစ်ဦးလည်း ဆွဲကြိုးချသေဆုံး

ဖားကန့် ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာအုပ်စု ဖားပြင်ကျေးရွာမှာ KIO မြို့နယ်အုပ်ချုပ်ရေးမှူး မရှော့ဆိုင်းအောင်နန်(Mashaw Seng Aung Nan) သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ဟာ ဆွေမျိုးသားချင်းရဲ့ လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်တယ်လို့ KIO ပြောပါတယ်။

အသက် ၄၀ ဝန်းကျင်အရွယ်ရှိတဲ့ မရှော့ဆိုင်းအောင်နန်ကို အတူနေထိုင်တဲ့ ဆွေးမျိုးအရင်းချာ အမျိုးသား ၃ ဦးက သတ်ဖြတ်ပြီး ရုပ်အလောင်းကို ဖားပြင်ကျေးရွာသင်္ချိုင်းနေရာအနီးက ရေကန်မှာ ပစ်ချထားတယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

ကျနော်တို့ရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦးသတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ရှိခဲ့တယ်။ အဲ့ဒီသတ်ဖြတ်ကို ကျူးလွန်တဲ့သူတွေက သူ့ရဲ့ ဆွေးမျိုးအရင်းချာတွေဖြစ်ကြပါတယ်။ ၃ ယောက်ပေါင်းပြီး လုပ်ကြံသတ်ဖြတ်လိုက်တယ်။ တစ်ယောက်က လွတ်မြောက်နေတယ်။ ၂ ယောက်ကိုက ဖမ်းမိထားပါတယ် အခုစစ်ဆေးမှုတွေလုပ်နေပါတယ်လို့ပြောပါတယ်။

မရှော့ဆိုင်းအောင်နန် သတ်ဖြတ်ခံရတဲ့အခြေအနေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမေးမြန်းနေဆဲဖြစ်တယ်လို့ ဆက်ပြောပါတယ်။

သတ်ဖြတ်ခံရမှုမတိုင်မှီ KIO အုပ်ချုပ်ရေးအရာရှိ မရှော့ဆိုင်းအောင်နန်က မနက်ပိုင်း ၂ နာရီလောက်မှာ ဆိုင်းတောင်ရွာထဲကနေ မမုံရွာထဲကိုပြန်သွားပြီးနောက် နေအိမ်မှာ အိပ်ပျော်နေတဲ့အချိန် အိပ်ခန်းထဲမှာ သတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

ရုပ်အလောင်းကို မနေ့က တစ်ရက်လုံး ရှာဖွေခဲ့ပေမယ့် ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်း ၄ နာရီမှာ ဖားပြင်သင်္ချိုင်းအနီးက ရေကန်မှာ ပစ်ချထားတဲ့ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဖားကန့်ဒေသခံ သတင်းအရင်းအမြစ်တွေပြောပါတယ်။

ဖားကန့်ပြည်သူတွေရဲ့ ပြောဆိုချက်အရ သတ်ဖြတ်ခံထားရတဲ့ ကိုယ်ပေါ်မှာ ဦးခေါင်းပေါ် ဓါးခုတ်ဒဏ်ရာ၊ လက်နှစ်ဖက်ကို တုတ်ချီထားပြီး ရိုက်နှက်ထားတဲ့ သွေးထွက်ဒဏ်ရာများစွာနဲ့ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး ပြစ်မှုကျူးလွန်တဲ့ အမျိုးသားသုံးဦးစလုံးဟာ KIA တပ်သားတွေမဟုတ်ဘဲ မရှော့ဆိုင်းအောင်နန်နဲ့အတူအမြဲမြင်တွေ့ရတဲ့ ဆွေမျိုးအရင်းချာတွေသာဖြစ်ကြတယ်လို့လည်း နောက်ထပ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဆိုင်းအောင်နန် လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်က ကျနော်တို့တွေလည်း သူ့ရဲ့ လူတွေလို့ပဲသိရတာ။ သူအမြဲတမ်းခိုင်းနေတဲ့သူတွေလည်းဖြစ်တယ်။ အခုအဓိကတရားခံတွေဖြစ်ကြတဲ့သူတွေလည်း ဆွေမျိုးမကင်းတဲ့သူတွေဖြစ်ကြတယ်။ သိရသလောက်က မိန်းမဘက်က တူလား ညီလားတော်စပ်ကြတယ်။ တစ်ယောက်က မုန်ဂျာအောင်လို့ခေါ်တယ်။ အခုဖမ်းထားတဲ့ နှစ်ယောက်ကလည်း သူခိုင်းနေတဲ့ လူတွေပဲဖြစ်တယ်လို့ပြောပါတယ်။

ပြစ်မှုကျူးလွန်တဲ့ ၃ ဦးထဲကနေ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး တစ်ဦးက ငွေသား သိန်း ၅၀၀ နဲ့ အတူ landcruiser ကားတစ်စီးမောင်းနင်ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

ဒါပေမယ့် အဲဒီထွက်ပြေးလွတ်မြောက်နေတဲ့ မုန်ဂျာအောင်ဆိုသူကလည်း ဒီကနေ့ ဇွန် ၃၀ ရက်နေ့မှာ ထွက်ပြေးတိမ်းရှောင်နေတဲ့နေရာမှာ ဆွဲကြိုးချသေဆုံးသွားတယ်လို့လည်း ဆက်သိရပါတယ်။

ဆွဲကြိုးချသေဆုံးသွားတဲ့ မုန်ဂျာအောင်ဆိုသူက အလောင်းစကားသမားတစ်ဦးလည်းဖြစ်သလို အဓိက ပြစ်မှုကျူးလွန်သူလည်းဖြစ်တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူဖြစ်တဲ့ မုန်ဂျာအောင်ဆွဲကြိုးချသေဆုံးသွားတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဒီကနေ့ ညနေပိုင်းမှာ ‘မောင်မုန်ဂျအောင်’နိုင်သားစီစစ်ရေးကပ်ပြား၊ လုယူသွားတဲ့ငွေးသားနဲ့ သူကိုယ်တိုင်ဆွဲကြိုးချသေဆုံးသွားတဲ့ မှတ်တမ်းဓါတ်ပုံတွေ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့တာလည်းဖြစ်ပါတယ်။

အခုလို KIO အရာရှိတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရတဲ့အခြေအနေမှာ KIO အစိုးရရဲ့ တာဝန်ကစ္စကြောင့်မဟုတ်ဘဲ ဆွေးမျိုးအတွင်းရေးကစ္စတွေကြောင့်ဖြစ်တယ်လို့ KIO ပြောပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button