မြေးဖြစ်သူ ဓားဖြင့်ခုတ်သဖြင့် အဖွားသေဆုံး
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ အဖွားဖြစ်သူကို အသက် ၁၂ နှစ်အရွယ် မြေးဖြစ်သူက ဓားနဲ့ အချက်ပေါင်းများစွာ ခုတ်ခဲ့တာကြောင့် အဖွားဖြစ်သူ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖြစ်စဉ်ကတော့ ဇူလိုင် ၄ ရက် သန်းခေါင်ယံ ၁၂ နာရီဝန်းကျင်မှာ အပြင်ကနေပြန်လာတဲ့ အသက် ၁၂ နှစ်အရွယ် မြေးဖြစ်သူက အဖွားကိုဓားနဲ့ အချက်ပေါင်းများစွာခုတ်ခဲ့တာကြောင့် အဖွားဖြစ်သူသေဆုံးသွားတာဖြစ်တယ်လို့ မိုးကောင်းမြို့ခံအမျိုးသားတစ်ဦး KNG ကို အခုလို ပြောပါတယ်။
“ညပြန်လာတာ ၁၂ ကျော်လောက်ကတော့ ဘာဖြစ်မှန်းမသိဘူး။ သူ့အဖွားကို ဓားနဲ့ ၇ ချက်လောက်ခုတ်တယ်။ ဓားကတော့ ကျွန်တော်တို့သွားရှင်းတဲ့ ဓားမဘဲနေမှာ”လို့ ဆိုပါတယ်။
အဲဒီနောက် လူမှုကူညီရေးအသင်းကနေပြီးတော့ ဇူလိုင်လ ၅ ရက် မနက် ၂ နာရီဝန်းကျင်မှာ အဖွားဖြစ်သူကို မြစ်ကြီးနားဆေးရုံကြီးပို့ထားလိုက်နိုင်ပေမယ့် အဖွားဖြစ်သူဟာ ထိခိုက်ဒဏ်ရာပြင်းထန်လွန်းတာကြောင့် ဇူလိုင်လ ၅ ရက် ညနေပိုင်းမှာ ဆုံးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်တဲ့ ကလေးဟာ မိဘနှစ်ပါး၊အဖွားဖြစ်သူနဲ့အတူ မိုးကောင်းမြို့၊ရွာသစ်ရပ်ကွက်မှာနေထိုင်ကြတာဖြစ်တယ်လို့ သိရပြီး လက်ရှိမှာတော့ ကလေးကို မိုးကောင်းမြို့မရဲစခန်းမှာဖမ်းဆီးထားတယ်လို့ မိုးကောင်းမြို့ခံတွေပြောပါတယ်။
ဒါ့အပြင် ပြစ်မှုကျူးလွန်ခဲ့တဲ့ ကလေးဟာ အမြဲလျှောက်သွားတဲ့ကလေးတစ်ဦးဖြစ်သလိ ညဘက်တွေဆို ဖဲဝိုင်းတွေသွားလေ့ရှိပြီး မူးယစ်ဆေးဝါးသုံးစွဲမှုလည်း ရှိတယ်လို့ ရပ်ကွက်နေပြည်သူခံတစ်ဦးပြောပါတယ်။
“ကလေးက မူးယစ်ဆေးဝါးသုံးတယ်လဲ ပြောကြတယ်။ ရပ်ကွက်ကပြောပုံအရတော့ အမြဲလျှောက်သွားနေတာတဲ့ နည်းနည်းဆိုးတာပေါ့”လို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသက် ၁၂ နှစ်အရွယ် ကလေးငယ်က အဖွားဖြစ်သူကို ဓားနဲ့ခုတ်သတ်ခဲ့ရတဲ့ အကြောင်းရင်းကိုတော့ လက်ရှိအချိန်အထိ တိတိကျကျ မသိရသေးဘဲ သက်ဆိုင်ရာက ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
မိုးကောင်းမြို့ဟာ မူးယစ်ဆေးဝါးတွေကို ပေါ်တင်ရောင်းချနေပြီး အရေးယူမှုမရှိတဲ့နေရာဖြစ်သလို အဆိုးရွားဆုံးက လက်ရှိအခင်းဖြစ်တဲ့ ရွာသစ်ရပ်ကွက်နဲ့ ဈေးကုန်းအကြားနေရာတွေမှာဖြစ်တယ်လို့သိရပါတယ်။
ဒီရပ်ကွက်တွေဟာ စာသင်ကျောင်းနဲ့လည်း နီးနေပြီး ကျောင်းသွားကျောင်းလာ ကလေးတွေလည်း အမြဲမြင်တွေ့နေရတဲ့ နေရာမှာဖြစ်တာကြောင့် မူးယစ်ဆေးဝါးပေါ်ပေါ်တင်တင်ရောင်းချနေကြတဲ့အပေါ် ထိထိရောက်ရောက်အရေးယူပေးဖို့ ရပ်ကွက်နေပြည်သူတွေတောင်းဆိုနေပါတယ်။
မိုးကောင်းမှာ ၂၀၂၆ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါးသုံးစွဲပြီး ရှော့ဖြစ် သေဆုံးသူ ၃ဦးထိ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
By – Hope




