စစ်သင်္ဘောတက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် မြစ်ကမ်းနဘေး ဒေသခံတွေ စိုးရိမ်နေ
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဧရာဝတီမြစ်ကမ်းနဘေးမှာနေထိုင်တဲ့ ဒေသခံတွအကြား စိုးရိမ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ သင်္ဘောတွေ ကချင်ပြည်နယ်ဘက်ကို တကယ်ပဲ ဆက်တက်လာမလားဆိုတာ အတည်ပြုနိုင်တာ မရှိသေးပေမယ့် သင်္ဘောတက်လာတယ်ဆိုတဲ့ သတင်းကြားတာနဲ့တင် အရင်တုန်းကလို လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို စိုးရိမ်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေး ကျေးရွာတစ်ရွာမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက သင်္ဘောသတင်းကြားတိုင်း အိမ်မှာလိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားရတဲ့ အခြေအနေကို အခုထိ မမေ့နိုင်သေးဘူးလို့ ပြောပါတယ်။
“အခုလိုကြားနေရတော့ ကြောက်တာပေါ့။ စိုးရိမ်စိတ်ကများတယ်။ သင်္ဘောတက်ပြီဆိုရင် ကျနော်တို့က အမျိုးစုံပြင်ဆင်ခဲ့ကြရတာ။ သင်္ဘောတက်လာပြီဆိုတာနဲ့ ကျနော်တို့က တစ်ပတ်လောက်ကြိုပြီး ပြင်ဆင်ထားတယ်။ အခုက သူတို့လူတွေထိန်းချုပ်ထားတော့ နည်းနည်းကြောက်စိတ်က နည်းတယ်”လို့ သူက ပြောပါတယ်။
အရင်က သင်္ဘောတွေ တက်လာချိန်တိုင်း မြစ်ကြောင်းတစ်လျှောက်မှာ လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက် တာတွေ ဖြစ်ခဲ့တာကြောင့် ဒေသခံတွေအတွက် သင်္ဘောသတင်းဆိုတာ သာမန်သတင်းတစ်ခုမဟုတ်တော့ဘူးလို့လည်း သူက ဆိုပါတယ်။
ကသာမြို့ခံတစ်ဦးဖြစ်ပြီး လက်ရှိမှာ မြစ်ကြီးနားမြို့ကို စစ်ရှောင်ရောက်နေတဲ့ ဒေသခံတစ်ဦးကတော့ ကသာမှာ အခြေအနေ ပြန်ငြိမ်လာပြီထင်ပြီး နေရပ်ပြန်သူတွေများလာချိန်မှာ အခုလို သင်္ဘောသတင်းတွေ ထွက်လာတာကြောင့် စိုးရိမ်နေကြသူတွေ လည်း ရှိနေတယ်လို့ ပြောပါတယ်။
“တိုက်ပွဲကတော့ မဖြစ်ဘူးလို့ ထင်နေတာပေါ့။ နယ်မြေစိုးမိုးမှုကလည်း စစ်တပ်ဘက်ကပဲကို။ သူတို့ကလည်း ကာကွယ်ပေးမယ် ဆိုပြီး ပြောတော့ မဖြစ်နိုင်တော့ဘူးလို့ ထင်ကြတာပေါ့။ အခုက ကသာဒေသခံတွေက သုံးပုံမှာ နှစ်ပုံလောက် ပြန်ဝင်သွားကြပြီ လေ။ တကယ်လို့ ပြန်ဖြစ်ရင်တော့ မလွယ်ဘူးပေါ့”လို့ သူက ပြောပါတယ်။

အဲဒီဒေသခံဟာ ဒီရက်ပိုင်းမှာပဲ ကသာကနေ မြစ်ကြီးနားမြို့ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တဲ့ အခြေအနေကို စိုးရိမ်တာကြောင့် ပြောင်းလာခဲ့တာလို့ သိရပါတယ်။

လက်ရှိ သင်္ဘောအုပ်စုရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဝက်လက်ဒေသအခြေစိုက် သတင်းရင်းမြစ်တစ်ဦးကတော့ သင်္ဘောတွေဟာ ဝက်လက်မြို့နယ် ရှိန်းမကားအနီးမှာပဲ ရပ်နားထားပြီး အထက်ဘက်ကို ဆက်မတက်သေးဘူးလို့ ပြောပါတယ်။
“အခုက သင်္ဘောတွေက ဝက်လက်မြို့နယ် ရှိန်းမကားမှာပဲ။ အထက်လည်းမသွားဘူး။ အောက်လည်းမဆင်းဘူးဗျ။ အခုက ရှိန်းမကားမှာပဲ သုံးရက်တောင်ရှိပြီ ဆိုက်ထားတာ။ လောလောဆယ်တော့ အထက်တော့ မတက်သေးဘူး။ မန္တလေးမှာလည်း ပြင်ဆင်နေတာတွေ ရှိတယ်လို့ သိရတယ်။ ဒါပေမယ့် လောလောဆယ်တော့ တက်မလာသေးဘူး”
လို့ သူက ပြောပါတယ်။
သင်္ဘောအုပ်စုရဲ့ လှုပ်ရှားမှုတွေနဲ့ တိုက်ဆိုင်ပြီး ဝက်လက်နဲ့ စစ်ကိုင်းဘက်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ လည်း သူက ပြောပါတယ်။
“လေကြောင်းတိုက်ခိုက်မှုကတော့ ရှိတယ်။ သူတို့တက်လာတာနဲ့ တိုက်ဆိုင်တာလားတော့ မသိဘူး။ ကျနော်တို့ ဝက်လက်နဲ့ စစ်ကိုင်းဘက်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေတော့ ရှိတယ်”လို့ ဆိုပါတယ်။
ဒီအတောအတွင်း Banmaw Scout Team ကတော့ မန္တလေးဂေါဝန်ဆိပ်ကမ်းမှာ ကချင်ပြည်နယ် ဗန်းမော်ဘက်ကို ဦးတည်ပြီး ရေကြောင်းနဲ့ စစ်ကြောင်းထိုးဖို့ သင်္ဘောအစီးရေ ၂၀ ဝန်းကျင် ပြင်ဆင်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဧရာဝတီမြစ်ရေ မြင့်တက်နေတဲ့အတွက် ရေကြောင်းသွားလာဖို့ အခြေအနေကောင်းနေပြီး သင်္ဘောတွေ မကြာခင် အထက်ဘက် ကို ဆန်တက်လာနိုင်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သင်္ဘောတွေ ဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက် လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဖြစ်လာနိုင် တာကြောင့် မြစ်ကမ်းနားမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ သတင်းအခြေအနေကို စောင့်ကြည့်ပြီး လိုအပ်ရင် ဘေးလွတ်ရာကို ကြိုတင်ရွှေ့ပြောင်းထားဖို့လည်း တိုက်တွန်းထားပါတယ်။
လက်ရှိ ရွှေကူမြို့နယ်မှာတော့ လေးလမ်းဆုံ၊ ပန်းတင်၊ ငါးပတ်ဝနဲ့ တော်လှန်ကျေးရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်နေတယ်လို့ အဲဒီအဖွဲ့က ဆိုထားပြီး လက်နက်ကြီးကျည်တွေကြောင့် အရပ်သားထိခိုက်မှုတွေလည်း ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိအချိန်ထိတော့ သင်္ဘောအုပ်စုဟာ ဝက်လက်မြို့နယ်အနီးမှာပဲ ရှိနေသေးပြီး ကချင်ပြည်နယ်ဘက်ကို ဆက်တက်လာမယ့် အခြေအနေကို သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ဒါပေမယ့် မြစ်ကမ်းတစ်လျှောက်မှာ နေထိုင်တဲ့ ဒေသခံတွေကတော့ သတင်းအခြေအနေကို နေ့စဉ်စောင့်ကြည့်နေပြီး စစ်ဘေး ပြန်ကြုံရနိုင်တဲ့ အခြေအနေအတွက် ကြိုတင်ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။
By – အမိုး



