သတင်း

လူနာအမှတ်စဉ် ၂၄၉ တွင် ဒုတိယအကြိမ်ထိ ပိုးထပ်မံ မတွေ့

ကချင်ပြည်နယ် မိုးမောက်မြို့ရှိ ပိုးတွေ့အတည်ပြုလူနာ အမှတ်စဉ် ၂၄၉ ကို ဒုတိယအကြိမ်အထိ ပြန်လည်စစ်ဆေးရာ ပိုးမတွေ့ကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဌာနက ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပိုးတွေ့လူနာအမှတ်စဉ် ၂၄၉ ကို ဇွန်လ ၁၉ ရက်တွင် ပထမဆုံးအကြိမ် နှင့် ဇွန်လ ၂၈ ရက်နေ့တွင် ဒုတိယအကြိမ် ပြန်လည်စစ်ဆေးရာတွင် ပိုးမတွေ့တော့ကြောင်း ဖော်ပြထားသည်။

လူနာမှတ်စဉ် ၂၄၉ သည် တရုတ်-ကချင်-လွယ်ဂျယ်နယ်စပ်ဂိတ်တွင် တရုတ်နိုင်ငံမှ ပြန်လာသူများကို ကျန်းမာရေးစစ်ဆေးပေးနေသည့် ဝန်ထမ်းဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့တွင်ပိုးတွေ့ရှိခဲ့သဖြင့် ထိုသူကို ဗန်းမော်အထွေထွေဆေးရုံကြီးတွင် ဆေးကုသခံယူစေခဲ့ခြင်းဖြစ်သည်။

ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သူ စုစုပေါင်း ၂၂၆ ဦးတွင်လည်း ပိုးမတွေ့ရကြောင်း ဖော်ပြချက်များမှ သိရသည်။

ကချင်ပြည်နယ်တွင် Covid-19 ဓာတ်ခွဲအတည်ပြုလူနာ ၂ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ပထမပိုးတွေ့လူနာအမှတ်စဉ် ၁၄၄ သည် ရောဂါပိုးကင်းစင်သွားပြီဖြစ်သည့်အတွက် ၎င်းနေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီး၊ ဒုတိယမြောက် မိုးမောက်မှ လူနာအမှတ်စဉ် ၂၄၉ တွင်လည်း ဒုတိယအကြမ်ထိ ပြန်လည်စစ်ဆေးရာ ပိုးမတွေ့တော့ခြင်းဖြစ်သည်။

ဇူလိုင်လကုန်အထိ ကချင်ပြည်နယ်တွင် Quarantine သတ်မှတ်နေရာ စုစုပေါင်း ၄၁၂ နှင့် Qurantine လူဦးရေ ၁၉၈၉ ဦး ကျန်ရှိနေသေးကြောင်း ပြည်နယ်ကျန်းမာရေးဌာနမှ သိရသည်။

Related Articles

Back to top button