သတင်း

သီတာရပ်ကွက် လမ်းနယ်တွင် အငြိမ်းစားရဲမှူးတစ်ဦးအတွက် အိမ်ယာမြေချထားပေးမှုကို ကန့်ကွက်

မြစ်ကြီးနားမြို့၊ သီတာရပ်ကွက် ကားကြီးကွင်းဟောင်းအနီးရှိ လမ်းမတစ်ခု၏ နောက်ဆုံးနေရာတွင် ပြည်နယ်အစိုးရက အငြိမ်းစားရဲမှူးဦးအောင်မင်းကြည်အတွက် မြေနေရာချထားပေးရာတွင် နေအိမ်တစ်ခု၏ အိမ်ရှေ့မျက်နှာစာလမ်း ဖြစ်နေသောကြောင့် တရားဥပဒေနှင့်အညီ အမြန်ပြည်ဖြေရှင်းပေးရန် ဦးအင်ဂန်လတောင်က တောင်းဆိုထားသည်ဟု သိရသည်။

အငြိမ်းစားရဲမှူးအောင်မင်းကြည်မှ မိသားစုအခက်အခဲကြောင့် အိမ်မဲ့ယာမဲ့ဖြစ်နေသဖြင့် ပလပ်မြေနေရာလျှောက်ထားခဲ့ရာ ၂၀၁၈ ခုနှစ်တွင် သီတာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မြေစာရင်းဌာနတို့က ဦးအင်ဂန်လတောင်၏ အိမ်ရှေ့လမ်းမတွင် ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ်ပြီးနောက် ၂၀၂၀ခုနှစ် ဇွန်လ ၂၂ရက်၊ ရက်စွဲဖြင့် အငြိမ်းစားရဲမှူး ဦးအောင်မင်းကြည်အတွက် မြေဧရိယာ(ဝ.၀၅၅)ဧကကို ခရိုင်အထွေအထွေ အုပ်ချုပ်ရေးကော်လိတ္တော်အရာရှိမှ မြေနေရာချထားပေးခဲ့ကြောင်းသိရသည်။

မိမိနေအိမ် တံခါးဝ အိမ်ရှေ့လမ်းမတွင် တစ်ဦးပိုင်မြေနေရာချပေးရေးလုပ်ငန်းများ ဆောင်ရွက်လာသဖြင့် အဆိုပါကိစ္စကို ကန့်ကွက်ကြောင်း ဦးအင်ဂန်လတောင်သည် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ၂ကြိမ်တိုင်တိုင် သွားရောက်တက်ပြခဲ့ပြီဟု ဆိုသည်။

“အဓိကကျနော့်အနေနဲ့ ဘာကြောင့်ကန့်ကွက်ရသလဲဆိုတော့ သူတို့က ကျနော့်အိမ်ရှေ့တံခါးဝကို ပိတ်ပေးလိုက်တယ်။ အစိုးရရဲ့စာမှာက လမ်းနဘေးမှာလို့ပါတယ်။ အခုကလမ်းနဘေးမှာမဟုတ်ဘူး။ လမ်းကိုဖျက်ပြီး ဆောက်ဖို့လုပ်နေကြတယ်။ ကျနော်က ဘယ်အပေါက်ကနေထွက်ရမလဲ။ ကျနော့်သွားဖို့လမ်းမရှိတော့ဘူး။ ၂၀၁၈ မှာ ရဲမှူးအောင်မင်းကြည်နဲ့ လူတစ်ယောက်က ရဲဝတ်စုံတွေနဲ့လာပြီး အိမ်ရှေ့မှာ မြေလာတိုင်းတာကို တွေ့ရတယ်။ ကျနော်မေးတော့ ဝန်ကြီးချုပ်ကိုတောင်းထားတဲ့ မြေကွက်ကိုလာတိုင်းနေပါတယ် ဆိုပြီးပြောတယ်။ နောက်ကျနော်လည်း ဝန်ကြီးချုပ်ဆီ ရပ်ကွက်က ကန့်ကွက်တဲ့ ရပ်မိရပ်ဖတွေရဲ့ကန့်ကွက်စာအပါ ဝန်ကြီးချုပ်နဲ့ သွားတွေ့ခဲ့တယ်။ အဲ့မှာဝန်ကြီးချုပ်က ဘာမှမပူနဲ့ အစိုးရအဖွဲ့ဝင်အဆင့်မှာ ပျယ်ချပေးလိုက်မယ်လို့ ပြောခဲ့တယ်။ နောက်ပြီး ဒုတိယအကြိမ် ပြန်သွားတဲ့အခါမှာလည်း သူက အခုအိမ်မြေနေရာချပေးတာက အိမ်နဘေးမှာဖြစ်တယ်။ တကယ်လို့ လမ်းပေါ်မှာသာဖြစ်ရင် ပြန်ဖျက်သိမ်းပေးလိုက်မယ်” ဟု ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်ဟု ဦးအင်ဂန်လတောင်က ပြောသည်။

အဆိုပါလမ်းနယ်ကို အိမ်ခြံမြေအဖြစ် ချပေးလိုက်မည်ဆိုပါက မီးရေးထင်းရေး သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့လျှင် ထွက်လမ်းမရှိဖြစ်သွားနိုင်ကြောင်းသူကဆက်လက်ပြောဆိုသည်။

အငြိမ်းစား ရဲမှူးဦးအောင်မင်းကြည် တင်ပြလျှောက်ထားသည့် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၊ ကွင်းအမှတ်(၉) ဂေါက်ရိုက်ကွင်းအရှေ့မြောက်ရပ်တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့မှုအရ ချထားပေးနိုင်သည့် မြေနေရာဖြစ်သောကြောင့် ဧရိယာ (ဝ.၀၅၅) ဧကအား လုပ်ထုံးလုပ်နည်းနှင့်အညီ မြေနေရာခွင့်ပြုချထားဆောင်ရွက်သွားရန် ဝန်ကြီးချုပ်ကိုယ်စား ဦးထွန်းဇော်မှ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ လွန်ခဲ့သည့် ဧပြီလ ၃ရက်နေ့ ညွန်ကြားစာပို့ခဲ့ကြောင်းသိရသည်။

ပြည်နယ်အစိုးရက ယခုလိုလမ်းနယ်တွင် အိမ်ယာမြေအဖြစ်နေရာချပေးသည့်အစီစဉ်ကို ရပ်ကွက်သူ/သားတစ်ချို့ကလည်း ဝိုင်းဝန်းကန့်ကွက်ထားသည်ကို တွေ့ရသည်။

ဥပဒေလုပ်ထုံးလုပ်နည်းနှင့်မညီပဲလုပ်ဆောင်သဖြင့် ကန့်ကွက်မှုတွင်ပါဝင်ခြင်းဖြစ်သည်ဟု ရပ်မိရပ်ဖ ဦးဒရှီအောင်ဒွန်းက ယခုလိုပြောဆိုသည်။

“ဒီလမ်းက အရင်ကလည်း ဖြစ်သလို အခုထိလည်း လူသွားတဲ့လမ်းပါ။ တကယ်လို့ လမ်းမြေပေါ်မှာ အိမ်မြေနေရာချ ပေးသွားမယ်ဆိုရင် ရပ်ကွက်ပြည်သူလူထုကြားမှာ မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်လာသေချာတယ်။ အစိုးရအနေနဲ့ ဥပဒေမရှိဘဲ လုပ်ဆောင်နေတဲ့ ပုံစံဖြစ်လာမှာဖြစ်တယ်။ အခုလုပ်ရပ်က ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အပိုင်းမှာ ဖြစ်နေတယ်” ဟု ပြောဆိုသည်။

အဆိုပါ အိမ်မြေနေရာချပေးမှုကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၁၉.၃.၂၀၂၀ ရက်နေ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ဦးအောင်မင်းကြည်(ရဲမှူးငြိမ်း)က မြေကွက်တန်ဖိုး မြန်မာကျပ်ငွေ ၁၈၀၀၀၀၀ ကျပ် ပေးသွင်းပြီဖြစ်၍ အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်တော် နည်းဥပဒေပုဒ်မ – ၆၈အရ ယာယီမြေပေးမိန့်လိုင်စင်ထုတ် ပေးလိုက်ကြောင်းသိရသည်။

အစိုးရအနေဖြင့် လက်ရှိအချိန်အထိလမ်းမြေအဖြစ် အသုံးပြုနေသည့် ကတ္တရာခင်းလမ်းကို အိမ်ဘေးပလပ်မြေဟု လွဲမှားသုံးသပ်ပြီး အိမ်ခြံမြေအဖြစ်ချထားပေးမှုကို ဥပဒေနှင့်အညီပြန်လည်ရုတ်သိမ်းပေးပါရန် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးအရ ရပိုင်ခွင့်ကို တောင်းဆိုခြင်းဖြစ်ကြောင်း ဦးအင်ဂန်လတောင် ကပြောဆိုသည်။

ကန့်ကွက်စာကိုလည်း ၂၀၁၈ အောက်တိုဘာလ ၁၂ရက်နေ့တွင် မြို့နယ်အထွေထွေဦးစီးဌာန ၊ ၂၀၂၀ ဇူလိုင်လ ၂၁ရက်နေ့တွင် ကချင်ပြည်ဝန်ကြီးချုပ်တို့ထံ ၂ကြိမ်တိတိ တင်ပြတောင်းဆိုထားသည်ဟု သိရသည်။

ထိုကန့်ကွက်တင်ပြမှုတွင် သီတာရပ်ကွက် NLD ပါတီ ဥက္ကဌ ဦးချစ်အပါအဝင် ရပ်မိရပ်ဖ အယောက် ၂၀ဦး၏ ကန့်ကွက်စာအပါ တင်ပြထားကြောင်းလည်းသိရသည်။

Show More

Related Articles

Back to top button