Covid-19 Reportingသတင်း

လူဦးရေ ၃၀ အထက် လူစုလူဝေးပြုမည်ဆိုပါက ခွင့်ပြုမိန့်တင်ရမည်ဟုဆို

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ကချင်ပြည်နယ်တွင် Covid-19 ကပ်ကာလ လူဦးရေ ၃၀ ထက်ပိုပြီး လူစုလူဝေးပြုလုပ်မည်ဆိုပါက ပြည်နယ်အစိုးရထံ ခွင့်ပြုမိန့်တင်ရမည်ဖြစ်ကြောင်း သိရသည်။

“ခုသင်တန်းတွေလုပ်တာရှိကြတယ်၊ ဒါလည်း ၃၀ထက်မပိုရဘူး။ အရင်ကတည်းကလည်း ဘာသာရေးအခမ်းနားတွေ လုပ်မယ်ဆိုခဲ့ရင် ခွင့်ပြုချက်တောင်းရတယ်။ ပြီးတော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်း လက်ဆေးဖို့ ဘေစဉ်တွေထားရတယ်။ အဲကြောင့် အဲတိုင်းဘဲဆက်သွားမယ်။ သို့သော်လည်း ဒါကိုအမှီပြုပြီးတော့ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ တရားစခန်းတွင်ပြန်ဖွင့်နေကြတယ်။ ဒါကိုတရားဝင် ခွင့်မပြုသေးပါဘူး။” ဟု ပြည်နယ် ညွှန်ကြားရေးမှူး ဦးဇော်ဇော်ကပြောသည်။

အဆိုပါ ခွင့်ပြုမိန့်များတောင်းမည်ဆိုပါက ခွင့်ပြုစာအား ၂ပတ်ကြိုတင်ရမည်ဖြစ်ပြီး အခမ်းနားလုပ်မည့်အချိန်၊ နေရာအား တစ်ပါတည်း ဖော်ပြတောင်းခံရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံတွင် Covid-19 ကပ်ရောဂါနှင့်ပတ်သက်ပြီး ပြည်သူများအနေဖြင့် မပေါ့ဆရန် ကျန်းမာရေးဝန်ကြီးဌာနမှ သြဂုတ်လ(၁၅)ရက်တွင် သတိပေးစာများထပ်မံထုတ်ပြန်ထားသည်။

“ခုနောက်ထပ် ဒုတိယလှိုင်းပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ဟာကို ပြောနေကြတာတွေ့ရတယ်။ နောက်တစ်ခုက စစ်ဆေးရေးဂိတ်တွေမှာ ခုဆိုစစ်တာအားနည်းသွားတဲ့အပိုင်းတွေရှိနေတယ်။ ဒီရောဂါက လွယ်လွယ်နဲ့ပျောက်ကင်းသွားမယ့် ရောဂါမဟုတ်တဲ့အတွက် ခရီးသွားရာဇဝင်တွေ သေချာရှိရမယ်။ ဘာဖြစ်လို့လဲဆိုရင် ပြည်ပကပြန်လာပြီး ကူးတာတွေများနေတဲ့တွက် ခရီးသွားရာဇဝင်တော့ သေချာလုပ်ထားဖို့ လိုအပ်တယ်။” ဟု ကချင်ပြည်နယ် Covid-19 ကာကွယ်ထိန်းချုပ်ရေး အရပ်ဘက်အဖွဲ့စည်းတစ်ခုမှ ရှေ့နေဦးခွန်မြတ်မင်းအောင်က ဆိုသည်။

ကချင်ပြည်နယ် Covid-19 ရောဂါပိုးတွေ့ရှိသူ ၂ဦးရှိခဲ့သော်လည်း ပြီးခဲ့သည့် ဇွန်လတွင်ပင် ရောဂါပျောက်ကင်းသွားသဖြင့် ဆေးရုံမှဆင်းသွားပြီဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO က လည်း ၎င်း၏နယ်မြေသို့ဝင်လာသောသူများတွင် ကိုယ်အပူချိန်မြင့်တက်နေသူများကလွဲပြီး မည်သူမျှ ကွာရန်တင်းဝင်ရန်မလိုတော့ကြောင်း ပြောဆိုထားသည်။

ကချင်ပြည်နယ်တွင် သြဂုတ်လ ၁၈ ရက်နေ့ထိ ဓါတ်ခွဲနမူနာပေါင်း ၅၃၆၃ဦး၊ ပိုးတွေ့ရှိသူ ၂ဦးရှိခဲ့ပြီး ပိုးမတွေ့ရှိသူ ၅၃၆၁ ဦးရှိခဲ့သည်။ လက်ရှိနောက်ဆုံးအခြေအနေတွင် ဆေးရုံ၊ နေအိမ် သတ်မှတ်ထားသောကွာရန်တင်း ၄၃၅ နေရာရှိကာ အသွားလာကန့်သတ်ခံရသူ ၄၄၇ဦး ရှိကြောင်း ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

သြဂုတ်လ(၁၉)ရက်နေ့အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာပြည်တွင် ပြည်တွင်းကူးစက်မှု အတည်ပြုလူနာ(၃)ဦးထပ်တိုးလာသည်ဟု ဖော်ပြထားသည်။

တစ်နိုင်ငံလုံးအတိုင်းတာအားဖြင့် ဓါတ်ခွဲစစ်ဆေးခဲ့သူ ၁၃၇၇၄၉ ဦး၊ အတည်ပြုလူနာ ၃၇၉ ဦး၊ သေဆုံးသူ(၆)ဦးနှင့် ပြန်လည်ကောင်းမွန်လာသူ ၃၃၁ ဦးရှိကာ စောင့်ကြည့်လူနာ ၇၀၈၅ ဦးရှိကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button