သတင်း

ပန်ဆိုင်း (ကြူကုတ်) မြို့အနီး စစ်ကောင်စီနဲ့ MNDAA ထိတွေ့ တိုက်ပွဲ ဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ် ပန်ဆိုင်းမြို့အနီးက နမ့်ဘာတက်ရွာ နားမှာ ယမန်နေ့ညနေပိုင်းက စစ်ကောင်စီနဲ့ MNDAA တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဒီနေ့ ညနေ ၅ နာရီ ၅၀ မိနစ် လောက်ကစ ကြူကုတ် (ပန်ဆိုင်း) မြို့ပြင် နမ့်ဘာတက်ရွာ နားမှာ မုံးကိုးဘက်က ဆင်းလာတဲ့ မအလ စစ်ကားတွေကို MNDAA တပ်ဖွဲ့‌တွေရဲ့ ပိန်းဥ အတော်လေးစားလိုက်ရပြီ။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လက်နက်ငယ်ရော လက်နက်ကြီးရော နှစ်ဖက် အပြန်အလှန် ပစ်ခတ်သံတွေကြားနေရပြီး တိုက်ပွဲကြောင့် ရွာခံတရုတ်အမျိုးသား ၁ ဦး လက်နက်ငယ်ကျည် အနည်းငယ် ရှပ်ထိသွားတယ် လို့သူက ပြောပါတယ်။

” ကျွန်တော်တို့ကိုမထိဘူး။ ကံကောင်းသွားတယ်။ ကျွန်တော်တို့ ၃ ယောက်က အပြင်ထွက် ကြည့်လိုက်သေးတာ။ ‌အိမ်ဘေးနား ကျည်ဆံ လာကျတယ်။ တရုတ် ၁ ယောက်ကို ရှပ်ထိသွားတယ်” လို့ အနီးနားမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

ညနေ ၅ နာရီ ၅၀ မိနစ်ကနေ ည ၈ နာရီ ကျော်အထိ ၂ နာရီခန့်ကြာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကာ အစပိုင်း ဆက်တိုက် အပြန်အလှန် ပစ်ခတ်သံ ကြားနေရပေမယ့် နောက်ပိုင်းတော့ ကြိုကြား တချက် တချက် အသံကြားပြီး ငြိမ်သွားတယ်လို့ ဆိုပါတယ်။

ပန်ဆိုင်း မြို့နယ်အတွင်း စစ်ကောင်စီနဲ ကိုးကန့် MNDAA တို့အကြား ဩဂုတ်လ ၄ ရက်နေ့ကစ တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ရွာပေါင်း ၉ ရွာက ပြည်သူ ၁၄၀၀ ကျော် စစ်ဘေးရှောင်နေကြရပြီး ပန်ဆိုင်း နမ့်ဟူးရွာက သားအမိ ၂ ဦးလည်း လက်နက်ကြီး ထိမှန် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button