လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်ကောင်စီတပ်များ တိုက်ခိုက်မှု မခံရအောင် ပြည်သူတစ်ဦးကို ပြန်ပေးဆွဲ ခေါ်ဆောင်

ဟူးကောင်း လီဒိုလမ်းမပေါ်တွင် သွားလာနေသော စစ်ကောင်စီတပ်များသည် ၎င်းတို့စစ်ကြောင်း တိုက်ခိုက်မှု မခံရအောင် နောင်းမီကျေးရွာမှ လူငယ် တစ်ဦးကို ပြန်ပေးဆွဲကာ ရှဒူးဇွပ်မှ ဒွမ်ဘန်အထိ ဖြတ်ကျော်သွားကြောင်း သိရသည်။

ယနေ့နံနက် ၈နာရီဝန်းကျင်တွင် ရှဒူးဇွပ်ကျေးရွာမှ နောင်းမီဘက်သို့ ဆင်းလာခဲ့သော စစ်ယာဉ်တန်းကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ကျော်ကို နောင်းမီကျေးရွာအထွက်တွင် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် နောင်းမီ ကျေးရွာမှ လူငယ်တစ်ဦးကို ပြန်ပေးဆွဲကာ စစ်ကားများကို ဒွမ်ဘန်အထိ မောင်းနင်သွားခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

“နောင်းမီမှာ ရောက်နေတဲ့ စစ်သားတွေက လုံခြုံရေးယူပေးဖို့ ၈နာရီလောက်မှာ ရွာကနေ ထွက်ခွာသွားကြတယ်။ မကြာဘူး KIA က ရွာထွက်အနားမှာဘဲ မိုင်းတစ်ကြိမ်ဖောက်ခွဲလိုက်တယ်။ မိုင်းကွဲတဲ့အချိန်မှာ လူငယ်တစ်ယောက်က ဆိုင်ကယ်နဲ့ ဖြတ်လာတယ်။ အဲ့ဒီလူငယ်ကို ဖမ်းဆီးပြီး ပြန်ပေးဆွဲသဘောနဲ့ခေါ်သွားတယ်” ဟု ပြောဆိုသည်။

ပြန်ပေးဆွဲ ဖမ်းဆီးခံရသည့် လူငယ်မှာ အသက် ၂၀ အရွယ် ဇင်ထုန်းနောင်လတ် (ZingHtung Nawng Lat) ဖြစ်သည်။

ထို လူငယ်ကိုပြန်လွတ်ပေးရန်အတွက် နောင်းမီရပ်မိရပ်ဖများက တောင်းဆိုမှုပြုလုပ်ခဲ့သော်လည်း နောင်းမီကျေးရွာအနီးတွင် ‘KIA ထပ်မံ တိုက်ခိုက်ရင် မလွတ်ပေးဘူး။ ပြန်မတိုက်ရင်လွတ်ပေးမယ်’ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ယာဉ်တန်းများတိုက်ခိုက်ခံရမှု မရှိသောကြောင့် နေ့လည် ၁၁ နာရီခွဲခန့်တွင် ဖမ်းဆီးခံရသော လူငယ်ကို ပြန်လွတ်ပေးလိုက်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

ယနေ့နံနက် ၈နာရီခွဲဝန်းကျင် နောင်မီကျေးရွာအထွက် အာဏာသိမ်းစစ်တပ်ကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင် စစ်တပ်ဘက်က ၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းမှာ စစ်ကောင်စီ ယာဉ်တန်းများ တနိုင်းထိ တက်သွားနိုင်ရန် လမ်းကြောင်းတစ်လျှောက် လုံခြုံရေး ယူပေးနေသော အဖွဲ့ဖြစ်သည်။

Show More

Related Articles

Back to top button