သတင်း

အရာတော် ဘောင်းကျကျေးရွာအတွင်း အာဏာသိမ်းတပ် တပ်စွဲထားကာ ညမထွက်ရ အမိန့်ထုတ်ပြန်

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ဘောင်းကျကျေးရွာသား ၃၀ ခန့်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ်တပ်စွဲထားပြီး ဒေသခံများကိုလည်း ညမထွက်ရ မာရှယ်လော လိုက်လံအော်နေကြောင်း ဒေသခံများထံမှ သိရသည်။

“နေ့လည် ၂ နာရီ ဝန်းကျင်လောက်မှာ စစ်ကြောင်း ၂ ကြောင်းရောက်လာတာ ဝက်လက်နယ်ဘက်က စစ်ကြောင်းတစ်ခု၊ အရာတော်နယ် ငြိမ်းစံရွာဘက်မှ စစ်ကြောင်းတစ်ခုဝင်လာတာ သူတို့လာတဲ့ လမ်းတစ်လျှောက်တွေ့တဲ့ပြည်သူတွေ ၃၀ လောက်ကို လူသားဒိုင်းအဖြစ်ခေါ်လာတယ်။ ခုရွာထဲတပ်စွဲပြီး ညမထွက်ရ မာရှယ်လောဆိုပြီး လိုက်အော်နေတယ်လို့ သိရတယ်” ဟု အဆိုပါဒေသနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိ စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်သည် ဘောင်းကျ ကျေးရွာဘုန်းကြီးကျောင်းများဖြစ်သည့် အရှေ့ကျောင်းနှင့် မြောက်ကျောင်းတို့တွင် အင်အားခွဲဝေ၍ နေရာချတပ်စွဲထားပြီး ဒေသခံများကို ည ၉ နာရီမှ နံနက် ၆နာရီထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်များရွာတွင်းသို့ ဝင်ရောက်လာစဉ် သေနတ်ဖောက်ကာဝင်လာသည့်အတွက် ဒေသခံတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိထားကြောင်း သိရသည်။

လက်ရှိ ရွာအတွင်းစစ်ကောင်စီတပ်များ တပ်စွဲထားသည့်အတွက် ဒေသခံပြည်သူအများစု ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာလဆန်းမှစကာ စစ်ကိုင်းတိုင်းမြို့နယ်အချို့ရှိ ကျေးရွာများအား ဝင်ရောက် သောင်းကျန်းမှုပိုများလာကြောင်း စစ်ကိုင်းတိုင်း ‌ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၂၂ ရက် တစ်ရက်တည်း၌ပင် စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ညောင်ပင်သာရွာနှင့် အရာတော်မြို့နယ်တွင်းရှိ ကန်ရင်းကျေးရွာ၊ဘောင်ကျကျေးရွာများတွင် စစ်ကောင်စီတပ်များ ဝင်ရောက်ကာ ရွာတွင်း စစ်ဆေးဖမ်းဆီးမူများ ပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းဒေသခံများက‌ အတည်ပြုပြောဆိုသည်။

Show More

Related Articles

Back to top button