မူဆယ် ကမ္ဘောဇဘဏ် (၃) တွင် ပစ်ခတ်မှုဖြစ်ပွားသဖြင့် ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ကားဝင်းထဲရှိ ကမ္ဘောဇဘဏ် ၃ တွင် ယနေ့ ပစ်ခတ်မှုဖြစ်ပွားသဖြင့် ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ နေ့လည် ၁ နာရီဝန်းကျင် လက်နက်ကိုင်ထားသည့် အမည်မသိ လူငယ် ၄ ဦးရောက်လာကာ ဘဏ်စောင့် စစ်တပ်ကို ပစ်ခတ်ခဲ့ချိန် ပြည်သူ့စစ် ၂ ဦး နှင့် ဘဏ်ထဲမှ လူငယ် ၁ ဦးသေဆုံးကြောင်း သိရသည်။
“မျက်စိရှေ့တင်ပဲ ဦးနောက်ချီးပြူးထွက် ပွဲချင်းပြီး ၃ ယောက်သေတယ်။ ပြည်သူ ၁ ဦးက ထိသွားတယ်“ ဟု မျက်မြင် တစ်ဦးက ပြောသည်။
ဒေသခံများ၏ ပြောပြချက်အရ အဆိုပါလူငယ် ၄ ဦးသည် ဘဏ်ကိုဓားပြတိုက်ခြင်းမဟုတ်ဘဲ ဘဏ်စောင့်များကို တမင်လာရောက် ပစ်ခတ်သွားကြောင်း သိရသည်။
“သူက ဘဏ်ကို ဓါးမြတိုက်တာ မဟုတ်ဘူး။ တမင်လာပစ်သွားတဲ့ ပုံစံဘဲ သေနတ်တောင် ကောက်သွားသေးတယ်” ဟု နောက်ထပ် ဒေသခံ တစ်ဦးက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားရာ နေရာ ဝန်းကျင်၌ စစ်ကောင်စီမှ လုံခြုံရေး တင်းကျပ်ထားသည်ဟု သိရသည်။
မူဆယ်တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပစ်ခတ်မှုမကြာခဏ ဖြစ်ပွားနေမြဲဖြစ်သည်။