ဆောင်းပါးသတင်း

လွတ်လပ်တဲ့ငှက်တွေဟာ စိတ်ဒဏ်ရာတွေကိုယ်စီ 

အာဏာမသိမ်းခင်တုန်းက အားလုံးသောလူငယ်တွေဟာ ရည်မှန်းထားတဲ့ အိမ်မက်တွေကို အသက်သွင်းဖို့ ကြိုးစားရုန်းကန် နေကြတာပါ။

လူငယ်တစ်ဖွဲ့ဆိုရင် ကဗျာပြပွဲလုပ်ဖို့ စီစဉ်ထားခဲ့ကြပေမဲ့ အာဏာသိမ်းလိုက်တော့ သူတို့ စိတ်ကူးတွေကို တစ်စုံတယောက်က အပိုင်းအစတွေဖြစ်အောင် မစ်ဇိုင်းဒုံးကျည်နဲ့ ပစ်ခွဲလိုက်သလို ခံစားရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းကာလကြာလာတာနဲ့အမျှ ဒီအပိုင်းအစတွေကို ပြန်ပြီးတည်ဆောက်ရမှာလား၊ ဘာလုပ်ရမလဲဆိုတာ လမ်းပျောက်နေကြပါတယ်။

နိုင်ငံရေးအခြေအနေကြောင့် လူငယ်တွေရဲ့ စိတ်ဟာ မလွတ်လပ်တော့ဘဲ အကျဥ်းကျနေသလို ဖြစ်နေကြတယ်။ ပိုပြီးဆိုးတာက အောက်ခြေဘဝက လူငယ်တွေအတွက် စိတ်အပန်းဖြေနိုင်ဖို့အတွက် ခက်ခဲလွန်းတာကြောင့်လဲ ပါပါတယ်။

လူငယ်တွေဟာ အရင်က သွားလာလှုပ်ရှားဖူးတဲ့ လွတ်လပ်မှုတွေမရှိတော့တာကြောင့် ဝေးဝေဝါးဝါး မလန်းဆန်းတဲ့အခြေအနေကို ရင်ဆိုင်လာရပါတယ်။

“ငါအခု သူငယ်ချင်းတယောက်နဲ့မှ စကားမပြောဖြစ်ဘူး။ သူတို့ဆီသွားပြီးတော့လဲ စကား မပြောချင်ဘူး။ သူတို့ဆီ မလည်ဖြစ်တာလည်း သုံးလေးလရှိပြီ တယောက်ထဲ အေးဆေးအိမ်မှာပဲ နေချင်တဲ့စိတ်က ငါ့စိတ်ထဲမှာဖြစ်နေတယ်။ စိတ်ကကွာ တယောက်ထဲပဲ ဖြစ်နေချင်တယ် ညဆိုလဲ တယောက်ထဲ အိမ်ဝရံတာမှာ ဆေးလိပ်ထိုင်သောက်ပြီး အတွေးတွေနောက်လိုက်ရင်းနေတယ် ကောင်းတာလဲတွေးဖြစ်တယ်။ ဘာမှမဟုတ်တဲ့အရာလဲ တွေးဖြစ်တယ်” ဟု ကို မျိုးလတ်က သူရဲ့ လက်ရှိဖြစ်တည်နေတဲ့ စိတ်အခြေအနေကိုပြောပြပါတယ်။

ဒီလိုဖြစ်စေတဲ့အကြောင်းရင်းတွေထဲမှာ နေ့စဥ် ကြားနေရတဲ့ ပြည်သူတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု၊ ကုန်စျေးနှုန်းမြင့်တက်လာမှု၊ အခြားအနှုတ်လက္ခာဆောင်တဲ့ သတင်းအကြောင်းအရာတွေဟာ လူကိုပိတ်လှောင် မွန်းကျပ်ရူးသွပ်စေတဲ့ ဒဏ်ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအခြေအနေကြောင့် စိတ်တွေ မွန်းကျပ်နေတဲ့အချိန် ထိလွယ်ရှလွယ်စိတ်အခြေအနေဖြစ်နေတဲ့အချိန် မိသားစုပြဿနာများ၊ ဖိအားများ၊ အလုပ်အကိုင်ရှားပါးမှုများ၊ မီးခဏခဏပျက်တဲ့ မပျော်ရွှင်မှုတွေ၊ ချစ်သူက ထားပစ်ခဲ့တဲ့ ဝေဒနာတွေ တော်လှန်ရေးရဲဘော်တွေ ကျဆုံးတဲ့သတင်းတွေဟာ လူငယ်တွေခံစားနေရတဲ့ ပိတ်လှောင်မှုတွေပဲဖြစ်ပါတယ်။

ပိုပြီးဆိုးတာက လောင်းကစား အပလီကေးရှင်း1xbet တွေကြောင့်လဲ စိတ်ဒဏ်ရာ ရပြီးကြေကွဲနေကြတဲ့သူတွေလည်း ရှိနေပါတယ်။

“နိုင်ငံရေးအခြေအနေကြောင့် ညသန်းခေါင်ယံ​အမှောင်ထဲမှာ လမ်းလျှောက်နေရသလိုပဲ မျှော်လင့်ချက်တွေ အလုပ်အကိုင် အခွင့်လမ်း ပညာရေးအစီစဥ်တွေ အားလုံးပျက်သွားတယ် လမ်းပျောက်နေတယ်” ဟု လူငယ်ဖြစ်တဲ့ Ma Hkaw Swang က ပြောပါတယ်။

ဒီလို နိုင်ငံရေးအခြေအနေတွေမှာ စိတ်ဒဏ်ရာ စိတ်ဖိစီးမှုတွေဖြစ်နေတဲ့လူတွေကို ကြင်နာဂရုပြုမှုနဲ့ ဂရုစိုက်အကူအညီတွေ ပေးသင့်ပါတယ်။ ဒီလိုဖိအားတွေ သက်သာစေဖို့ ညဘက်စောစောအိပ်ခြင်း၊ အစာပုံမှန်စားခြင်း၊ အရက်ဆေးလိပ် သောက်သုံးတာကို လျှော့ချခြင်း၊ ယုံကြည်ရတဲ့သူတွေကိုရင်ဖွင့်စကားပြောခြင်း၊ ကျွမ်းကျင်သူများထံအကူအညီရယူခြင်းတို့ပြုလုပ်ပြီး ပိတ်လှောင်နေတဲ့ခံစားချက်တွေ ဖိစီးမှုတွေကို ဒီလိုနည်းနဲ့ပျော်ရွှင်စွာ ကုသသင့်ပါတယ်။

ဘာတွေပဲဖြစ်ဖြစ် ရှေ့ကိုဆက်သွားဖို့ ယုံကြည်ချက်ထားရပါမယ်။ မပြိုလဲတဲ့ စိတ်တွေကို ပိုင်ဆိုင်ထားရပါမယ်။ ကြေကွဲလူငယ် မဖြစ်နေဘဲ တက်ကြွတဲ့လူငယ်ဖြစ်နေရပါမယ်။

ကြေကွဲတဲ့သူဟာ လူငယ်တွေရဲ့ အိပ်မက်ကို တစ်စစီ ဖြစ်စေတဲ့ အာဏာသိမ်း စစ်တပ်ပဲ ဖြစ်ရပါမယ်။

အာဘရာဟမ်

Show More

Related Articles

Back to top button