စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် တောင်ဘက်ခြမ်းသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီ ဗျူဟာမှူးအပါအဝင် ၅၀ ဦးခန့် ကျဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့မှ စတင်ကာ ဧပြီလ ၂၄ ရက်နေ့အထိ နှစ်ဖက်ပြင်းထန်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗျူဟာမှူးအပါအဝင် အကျအဆုံး များပြားခဲ့သောကြောင့် ဂျက်လေယာဉ်ဖြင့် ၇ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ထီးချိုင့်ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
“တိုက်ပွဲကတော့ သုံးရက်ဆက်တိုက် သူတို့ဘက်ကတော့ အနည်းဆုံး ၅၀ လောက်ကျတယ်။ ကိုယ့်ဘက်ကတော့ ၁ယောက်ကျတယ် ၅ ယောက်ဒဏ်ရာ ရတယ်။ သူတို့ဘက်ကတော့ ဗျူဟာမှူးပါကျတာ မနေ့ညနေ ၅ နာရီလောက်ကတော့ ဗျူဟာမှူးအလောင်းကို ရဟတ်ယာဥ်နဲ့ လာကောက်သွားတယ်။ ဗျူဟာမှူးကျတော့ မနေ့က ဝေဟင်ကနေ ၈ ကြိမ်ဝဲတယ်။ ၇ကြိမ် လာပစ်သွားတယ်”ဟုကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
တိုက်ပွဲတွင် ကျဆုံးသွားသော စစ်ကောင်စီ ဗျူဟာမှူးသည် စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံး၏ ဒုဗျူဟာမှူးအဆင့်ရှိသူ ကိုကိုသက် ဆိုသူဖြစ်သည်ဟုသိရသည်။
စစ်ကောင်စီဘက်မှ ထိခိုက်မှုများပြားသဖြင့် လေကြောင်းဖြင့် ပြန်လည်ပစ်ခတ်မှုတွင် ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့သော်လည်း စစ်ကောင်စီတပ်သည် ကျေးရွာ ၃ ရွာကို စီးနင်း မီးရှို့ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“ကျေးရွာ ၃ ရွာကိုတော့ မီးရှို့တယ် ဝဲကြီး၊ တောမ၊ ဖုန်ကုန်းပေါ့ ဝဲကြီးရွာက ၅လုံးရှို့တယ်။ တောမရွာကတော့ မနေ့ကရော ဒီနေ့ကောရှို့နေတာ အိမ်ခြေများနိုင်တယ်။ ဖုန်ကုန်းကိုတော့ ဒီမနက်ရှို့တာ“ဟု ဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများကြောင့် ထီးချိုင့်မြို့နယ်တောင်ဘက်ခြမ်းရှိ ဝါးပိုးချောင်း၊ မရသိမ်၊ တောမ၊ ဖုန်ကုန် ၊ ဝဲကြီး၊ ဒိုးပင်၊ မိကျောင်းအိုက်စသည့် ကျေးရွာများမှ ဒေသခံတစ်ထောင်ကျော်သည် ဘေးလွှတ်ရာသို့ ဆက်လက် ထွက်ပြေးတိမ်းရှောင် နေရဆဲဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
အဆိုပါ စစ်ကြောင်းသည် ဧပြီလ၂၁ ရက် နေ့လည်ပိုင်းမှစတင်ကာ ထီးချိုင့်မြို့နယ် တောင်ဘက်ခြမ်းမှ ညောင်ပင်သာကျေးရွာသို့ ဝင်ရောက်လာသောကြောင့် KIA ၊ PDFပူးပေါင်းတပ်တို့ဖြင့် တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။