လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဖမ်းဆီးခံသွားရတဲ့ Non-CDM ကျောင်းဆရာနဲ့ဆရာမနှစ်ဦး မိသားစုဝင်တွေနဲ့အဆက်အသွယ်ပြတ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်က အမည်မသိလက်နက်ကိုင်အဖွဲ့ဖမ်းဆီးသွားတဲ့  Non-CDM ကျောင်းဆရာတစ်ဦးနဲ့ ဆရာမတစ်ဦးတို့ ပြန်လွတ်လာခြင်းမရှိသေးတဲ့အပြင် မိသားစုဝင်တွေနဲ့လည်းအဆက်အသွယ်ပြတ် နေတယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့နယ် နောင်ဖာမူကျေးရွာအုပ်စု တာပန်ကျေးရွာက စစ်ကောင်စီအစိုးရဖွင့်လှစ်ထားတဲ့မူလတန်းကျောင်းမှာ စာသင်ပြပေးနေတဲ့ ကျောင်းဆရာတစ်ဦးနဲ့ ကျောင်းဆရာမတစ်ဦးတို့ ဇွန်လ ၃၀ ရက်နေ့ ညပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းက ကျောင်းဝင်းထဲမှာရှိတဲ့ ဆရာ၊မတွေရဲ့အဆောင်ကနေ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသမီးက KNG ကိုအခုလိုပြောပါတယ်။

“ဟုတ်တယ် အဲ့တာ PDF ကဖမ်းတာလား ရှမ်းနီကဖမ်းတာလား မသိဘူး။ သူတို့က Non- CDM တွေဟုတ်တယ် စာသင်ပေးနေတာ ကျန်တဲ့ဆရာတွေကိုတော့ မခေါ်သွားဘူး အဲ့ဆရာတစ်ယောက်နဲ့ဆရာမတစ်ယောက်ကိုပဲ ခေါ်သွားတယ်။မိသားစုဝင်တွေလည်းလိုက်တော့စုံစမ်းတာပါ့ ခုထိတော့ဆက်သွယ်မရသေးဘူး”လို့ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းဆရာနဲ့ဆရာမနှစ်ဦးက ဆရာ ဦးအောင်မင်းသူနဲ့ ဆရာမဒေါ်မြထွေးယဥ်တို့ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့ ညပိုင်း ၅နာရီဝန်းကျင်မှာ ကျောင်းဝင်းထဲက အဆောင်မှာရှိနေစဉ် အရပ်ဝတ် ဝတ်ဆင်ထားတဲ့လူငယ်တွေ အိမ်စီးကား ၂စီးနဲ့လာဖမ်းသွားကြောင်း ဒေသခံတွေဆီကနေသိရပါတယ်။

ဒေသခံတွေပြောတာကတော့ ဖမ်းဆီးခံသွားရတဲ့ Non-CDM ကျောင်းဆရာနဲ့ဆရာမနှစ်ဦးဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေလုပ်နေတယ်ဆိုတဲ့ သတင်းထွက်နေတဲ့အတွက် ဖမ်းဆီးခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုပါတယ်။

“ကြားတာကတော့သူတို့က Non-CDM ဘိန်းဖြူရောင်းလို့ လို့ပြောတာပဲ။ကျန်တဲ့ဆရာ ဆရာမတွေရှိတယ် မဖမ်းသွားဘူး။ကျောင်းကလည်းဆက်ဖွင့်နေတုန်းပဲ”လို့ သူကဆက်ပြောပါတယ်။

ဟုမ္မလင်း နောင်ဖာမူကျေးရွာအုပ်စုဟာSNA တပ်တွေစိုးမိုးထားသလို PDF အားကောင်းတဲ့နေရာဒေသ လည်းဖြစ်တာကြောင့် ကျောင်းဆရာနဲ့ဆရာမကို ဘယ်အဖွဲ့အစည်းက ဖမ်းဆီးသွားတာလဲဆိုတာကိုတော့ သိနိုင်ဖို့ လက်နက်ကိုအဖွဲ့နှစ်ဖွဲ့စလုံးကို KNG  သတင်းဌာနက ဆက်သွယ်နေပေမယ့် ဖုန်းလိုင်းအခက်ခဲကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။

ဟုမ္ပလင်းမြို့နယ်မှာ လွန်ခဲ့တဲဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ကလည်း CDM ကျောင်းအုပ်ကြီးဦးအောင်ဆန်းဝင်းကို SNA တပ်ကပစ်သတ်ခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့ကလည်း ဟုမ္မလင်းမြို့ပေါ်က CDM ကျောင်းဆရာမဒေါ်မေနှင်းအေးကိုလက်နက်ကိုင်လူတစ်စုက ပစ်သတ်ခဲ့တဲ့ဖြစ်စဥ်မျိုးရှိခဲ့ပါတယ်။

Show More

Related Articles

Back to top button