ICJ စီရင်ချက်အပေါ် အိမ်နီးချင်းနှင့် နိုင်ငံကြီးများ တုံ့ပြန်ချက် ကွဲပြား
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ စီရင်ချက် ချမှတ်ပြီးနောက် မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့ရဲ့ ကွဲပြားတဲ့ ရပ်တည်ချက်တွေ ထွက်ပေါ်လာပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က နိုဝင်ဘာ ၂၀ ရက်နေ့မှာ ICJ ဟာ လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန် ကျင့်သုံးနေပြီး အဲဒီလို လုပ်ဆောင်မှုတွေဟာ အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ အထောက်အကူ မဖြစ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ဒီပြဿနာ ပိုမို ရှုပ်ထွေးမသွားစေရေး ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ သူက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရကွန်းကလည်း ICJ စီရင်ချက်ကြောင့် ထိုင်း–မြန်မာ ဆက်ဆံရေးမူဝါဒ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်မှာ သတင်းထောက်တွေကို သူက ထိုင်းနိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံအကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်မယ့် ရပ်တည်ချက်ကို ချမှတ်ရမှာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကိုလည်း ဆက်လက် ထိန်းသိမ်းသွားမယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကတော့ ICJ ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပြီး အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။
တစ်ဖက်မှာလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စီရင်ချက်ချမှတ်တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာပဲ တုံ့ပြန်ခဲ့ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး ကွန်ဗင်းရှင်းကို မှန်ကန်စွာ အဓိပ္ပာယ်ဖွင့်ဆိုဖို့ အရေးကြီးသလို ICJ ကို နိုင်ငံရေးအရ အသုံးချတာမျိုး မဖြစ်အောင် တားဆီးဖို့လည်း အရေးကြီးတယ်လို့ ဆိုပါတယ်။ စီရင်ချက်ရဲ့ သက်ရောက်မှုတွေကို အပြည့်အဝ သုံးသပ်နိုင်ဖို့ လေ့လာနေတယ်လို့လည်း ပြောပါတယ်။
တရုတ်နဲ့ အမေရိကန်လို နိုင်ငံကြီးတွေရဲ့ တုံ့ပြန်ချက်တွေအပေါ် Oxford တက္ကသိုလ်မှာ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ (International Human Rights Law) မဟာဘွဲ့ တက်ရောက်နေသူ Jaw Tu Hkawng က အခုလို သုံးသပ်ပါတယ်။
“အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့က ကမ္ဘာ့တရားစီရင်ရေးပုံစံကို ဘာလို့ မကြိုက်ကြတာလဲဆိုရင် သူတို့ကိုယ်တိုင် ထိခိုက်လာလို့ပါ။ ရုရှားသမ္မတ ပူတင်ဆိုရင် ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ICC က ဖမ်းဝရမ်း ထုတ်ထားခံရတဲ့သူ ဖြစ်တယ်။ တရုတ်ဆိုရင်လည်း လူ့အခွင့်အရေးရှုထောင့်က ကြည့်ရင် လူမျိုးစုတစ်စုရဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှုတွေ ပျောက်ကွယ်အောင် လုပ်နေတာတွေ ရှိတယ်။ အမေရိကန်ကတော့ နိုင်ငံတွင်းမှာ တရားဥပဒေစိုးမိုးမှု ရှိတဲ့အတွက် ကျူးလွန်သူတွေကို အရေးယူနိုင်ပေမဲ့ တခြားနိုင်ငံတွေမှာ အမေရိကန်စစ်သားတွေ ပြစ်မှုကျူးလွန်ရင် နိုင်ငံတကာဥပဒေက ဘယ်လို အရေးယူလာနိုင်မလဲဆိုတာကို သူတို့ မကြိုက်ကြဘူး” လို့ သူက ဆိုပါတယ်။

ICC က ၂၀၂၃ ခုနှစ် မတ်လမှာ သမ္မတပူတင်အပေါ် ထုတ်ထားတဲ့ ဖမ်းဝရမ်းဟာ ယူကရိန်းကလေးငယ်တွေကို တရားမဝင် ပြည်နှင်ပို့ဆောင်မှုနဲ့ ပတ်သက်တာ ဖြစ်ပါတယ်။
ဥရောပဘက်မှာတော့ EU၊ ဗြိတိန်နဲ့ နော်ဝေတို့က စီရင်ချက်ကို လိုက်နာဖို့နဲ့ တာဝန်ခံမှုရှိဖို့ အလေးထား ပြောကြားခဲ့ကြပြီး ပြင်သစ်ကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဆင့်အထိ ဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။
တရုတ်လို ICJ စီရင်ချက်ကို မနှစ်သက်တဲ့ နိုင်ငံတွေ ရှိသလို စစ်အေးကာလက အိန္ဒိယ ဦးဆောင်ခဲ့တဲ့ ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှု (Non-Aligned Movement) လို ရုရှား၊ အမေရိကန် ဘယ်ဘက်မှ မပါဝင်တဲ့ နိုင်ငံတွေ၊ ထိုင်းလို ကြားနေရပ်တည်တဲ့ နိုင်ငံတွေကိုလည်း အများအပြား တွေ့ရတယ်လို့ အမေရိကန်ရောက် မြန်မာ့အရေး လေ့လာသူ ဆရာ Ah Le (Steering Committee, Burma Advocacy Group) က သုံးသပ်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင် ၁၅ နိုင်ငံ ရှိပြီး အဲဒီထဲက အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်တဲ့ ပြင်သစ်၊ ဗြိတိန်၊ ရုရှား၊ တရုတ်နဲ့ အမေရိကန်တို့ရဲ့ အာဏာဟာ ICJ ဆုံးဖြတ်ချက်တွေအပေါ် များစွာ သက်ရောက်နိုင်တယ်လို့ ဆရာ Ah Le က ဆက်ပြောပါတယ်။
“သူတို့ သဘောမတူရင် ICJ က ဆုံးဖြတ်ထားတာကိုလည်း ပိတ်ပင်နိုင်တဲ့ အစွမ်းရှိတယ်။ ဒါကြောင့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံက ဒီဆုံးဖြတ်ချက်အပေါ်မှာ အရမ်းအရေးကြီးတယ်။ ICJ ဆုံးဖြတ်တာကို ကုလအဖွဲ့ဝင်တွေ လိုက်နာရမယ်၊ မြန်မာနိုင်ငံ လိုက်နာရမယ်။ ဒါပေမဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်ကို ပိတ်ပင်နိုင်တဲ့ အစွမ်းကလည်း လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေမှာ ရှိတယ်” လို့ သူက ဆိုပါတယ်။
ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ပုဒ်မ ၉၄ အရ ICJ စီရင်ချက်ကို တစ်ဖက်နိုင်ငံက မလိုက်နာရင် ကျန်တစ်ဖက်က လုံခြုံရေးကောင်စီကို တင်ပြနိုင်ပြီး အဲဒီအဆင့်မှာ အမြဲတမ်းအဖွဲ့ဝင်တွေရဲ့ ဗီတိုအာဏာက အရေးပါလာတာ ဖြစ်ပါတယ်။
ဥရောပနိုင်ငံများနည်းတူ နိုင်ငံတကာနဲ့ ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA၊ အဖွဲ့တွေကလည်း ICJ စီရင်ချက်ကို ကြိုဆိုခဲ့ကြပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားတဲ့ အမှုမှာ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ ICJ က နိုဝင်ဘာ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ စီရင်ချက် ချမှတ်ခဲ့တာပါ။
ဒီဆုံးဖြတ်ချက်ကို တရားသူကြီး ၁၅ ဦးအနက် ၉ ဦးက ထောက်ခံ၊ ၆ ဦးက ကန့်ကွက် မဲပေးခဲ့ပါတယ်။ ICJ ဥက္ကဋ္ဌ Yuji Iwasawa က မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာ ၁၀,၀၀၀ ခန့်ကို သတ်ဖြတ်ခဲ့ကြောင်း အထောက်အထားတွေက ပြသနေတယ်လို့ ပြောပါတယ်။
တရားရုံးက မြန်မာနိုင်ငံကို ၂၀၁၇ ခုနှစ် စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး တရားစွဲဆိုဖို့၊ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာတွေ ဘေးကင်းစွာ၊ ဆန္ဒအလျောက်နဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးနဲ့ မိသားစုတွေ ပြန်လည်ဆုံစည်းနိုင်ရေး ဆောင်ရွက်ဖို့၊ ဒီလို ပြန်လည်ပြင်ဆင်ပေးရုံနဲ့ မပြေလည်တဲ့ ထိခိုက်နစ်နာမှုတွေအတွက် ရိုဟင်ဂျာအုပ်စုနဲ့ အဖွဲ့ဝင်တွေကို လျော်ကြေးပေးဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
လျော်ကြေးငွေ ပမာဏနဲ့ ပေးဆောင်ရမယ့်ပုံစံကိုတော့ တရားရုံးက သတ်မှတ်ခြင်း မရှိသေးပါဘူး။ မြန်မာနိုင်ငံအနေနဲ့ စီရင်ချက်ချမှတ်တဲ့နေ့ကနေ ၂ နှစ်အတွင်း ပြန်လည်ပြင်ဆင်ပေးရေး ဆောင်ရွက်ချက်တွေနဲ့ လျော်ကြေးပမာဏ၊ ပေးဆောင်မယ့်ပုံစံတွေကို တရားရုံးကို အစီရင်ခံ တင်ပြရမှာ ဖြစ်ပါတယ်။
ICJ ပြဋ္ဌာန်းဥပဒေ (ICJ Statute) ပုဒ်မ ၆၀ အရ ဒီစီရင်ချက်ဟာ အပြီးသတ် စီရင်ချက်ဖြစ်ပြီး အယူခံဝင်ခွင့် မရှိပါဘူး။
ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင် ၅၇ နိုင်ငံ ကိုယ်စား ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ICJ မှာ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှာ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) က ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်ခြားစောင့်ရဲစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က “နယ်မြေရှင်းလင်းရေး” စစ်ဆင်ရေး ဆင်နွှဲခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း စစ်တပ်က ရိုဟင်ဂျာ အရပ်သားတွေကို သတ်ဖြတ်တာ၊ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ နေအိမ်နဲ့ ကျေးရွာတွေကို ဖျက်ဆီးမီးရှို့တာတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေနဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲအနေနဲ့ ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရပြီး ယနေ့အချိန်ထိ ဒုက္ခသည်ဘဝနဲ့ နေထိုင်နေရဆဲ ဖြစ်ပါတယ်။
၂၀၁၈ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့မှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော အချက်အလက်ရှာဖွေရေးအဖွဲ့က ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး တွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့သလို ရိုဟင်ဂျာလူမျိုးတွေအပေါ် သတ်ဖြတ်တာတွေ၊ မုဒိမ်းမှုနှင့် ကျေးရွာမီးရှို့တွေ ပြုလုပ်ခဲ့တာတွေဟာ ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံး သတ်ဖြတ်မှု ဟုတ် မဟုတ်ကို ပြန်လည် စစ်ဆေးအတည်ပြုဖို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်အထိ ICJ မှာ ကျင်းပခဲ့တဲ့ ပထမဆုံး ကြားနာမှုကို မြန်မာနိုင်ငံဘက်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အမှုဆိုင်ရာ ကိုယ်စားလှယ် အဖြစ်တက်ရောက်ခဲ့ပါတယ်။ အဲဒီကြားနာမှုမှာတော့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည့်က နှုတ်နဲ့ လျှောက်လဲချက်ပေးခဲ့ပြီး ရိုဟင်ဂျာလူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပက်သက်ပြီး ငြင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးကျော်တင့်ဆွေတို့ နေရာမှာ ဦးကိုကိုလှိုင် နဲ့ ဒေါ်သီတာဦးကို ကိုယ်စားလှယ်အဖြစ် အစားထိုးခဲ့ပါတယ်။ ၂၀၂၂ နဲ့ ၂၀၂၆ ခုနှစ် ကြားနာမှုတွေမှာ ဦးကိုကိုလှိုင်က မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့ပြီး နိုဝင်ဘာ ၁၉ ရက် စီရင်ချက်ချမှတ်ပွဲကိုလည်း သူ တက်ရောက်ခဲ့ပါတယ်။
By – Hope




