ဖားကန့်မှာ စစ်တပ်ဂိတ်အသစ်တွေတိုးချဲ့ ပြီး ဖမ်းဆီး စစ်ဆေးမှုကြမ်းနေ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ခိုင်ခံ့တဲ့ စစ်တပ်ဂိတ်အသစ် ၂ ခု တိုးချဲ့ဆောက်လုပ်ပြီးနောက် လမ်းသွားလမ်းလာပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ် လုပ်နေတယ်လို့ ပြည်သူတွေဆီကနေ သိရပါတယ်။
အများပြည်သူ မဖြစ်မနေ အသုံးပြုနေရတဲ့ အေးမြသာယာရပ်ကွက်ကနေ ရှရော်ခနဲ့ ဆန်းကြွယ်ကျေးရွာတွေကို ဖြတ်သန်းသွားတဲ့ လမ်းပိုင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်ကျော်ကစပြီး စစ်တပ်ဂိတ်ဆောက်လုပ်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဂိတ်ဆောက်လုပ်ပြီး တစ်ပတ်အတွင်းမှာပဲ ဖြတ်သန်းသွားလာသူတိုင်းကို စစ်ဆေးနေပြီး သံသယရှိသူတွေကို နာရီပေါင်းများစွာ ရပ်စောင့်ခိုင်းကာ စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
“ဂိတ်လုပ်ပြီးတာနဲ့ ဆိုးဆိုးရွားရွားစစ်ဆေးတာတွေလုပ်နေပြီ။ ဂိတ်ဆောက်ပြီးတာက တစ်ပတ်ကျော်လောက်ရှိလာပြီ။ အဲ့ဂိတ်က ဖြတ်တဲ့ လူတိုင်းကို စစ်တယ်။ သူတို့မသင်္ကာတဲ့ လူတွေဆိုရင် ဂိတ်မှာ ၃ နာရီ၊ ၄ နာရီလောက် မတ်တပ်ရပ်ခိုင်းထားပြီး စစ်တယ်။ ကား၊ ဆိုင်ကယ်၊ လက်ကိုင်ဖုန်းအကုန်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် သံသယနဲ့ စစ်ဆေးခံရသူတွေကို နာရီပေါင်းများစွာ ရပ်စောင့်ခိုင်းတာ၊ ငွေတောင်းခံတာနဲ့ ကားနံပါတ်တွေကို အသေးစိတ်စစ်ဆေးတာတွေ လုပ်နေတဲ့အတွက် ပုံမှန်သွားလာနေတဲ့ ပြည်သူတွေ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။

အေးမြသာယာကနေ ရှရော်ခနဲ့ ဆန်းကြွယ်ကို သွားတဲ့ လမ်းပိုင်းမှာ အရင်က စစ်တပ်ဂိတ်မရှိပေမဲ့ လက်ရှိမှာ စစ်တပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းပြီး ဂိတ်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
လက်ရှိဂိတ်မှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဝင် ဦးမရစ်တူးခေါင်ဆိုသူက ဦးဆောင်ပြီး စစ်ဆေးကြပ်မတ်နေတယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ကားနံပါတ်တွေကအစ အသေးစိတ်ကြည့်ပြီး တင်ထားတဲ့ပစ္စည်းတွေ အကုန်ချခိုင်းတဲ့အထိ စစ်တယ်။ သိရသလောက်က တနိုင်းဘက်က ပြောင်းလာတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဦးမရစ်တူးခေါင်ဆိုသူက အဲ့ဒီဂိတ်မှာ တာဝန်ယူလုပ်နေတယ်။ အဲ့တစ်ယောက်က အရင်က နန့်ယား၊ နန့်တိန်ဘက်မှာ လုပ်ပြီးတော့ ဒီဘက်ပြန်ရောက်လာတာ” လို့ ပြောပါတယ်။
ဖားကန့်မှာ အသစ်တိုးချဲ့ဆောက်လုပ်ထားတဲ့ စစ်တပ်ဂိတ် ၂ ခုဟာ အေးမြသာယာရပ်ကွက်ထိပ်နဲ့ ဆန်းကြွယ်ရွာအထွက်တို့မှာ ဖြစ်ပြီး ရှရော်ခနဲ့ ဆန်းကြွယ်ကျေးရွာတွေကို သွားလာရာမှာ အဓိကအသုံးပြုနေရတဲ့ လမ်းပိုင်းတွေလည်း ဖြစ်ပါတယ်။
ဖားကန့်မြို့၊ လုံးခင်းနဲ့ ဆိုင်းတောင်ကျေးရွာအုပ်စုတွေကို အဓိကသွားလာတဲ့ ယူမာလမ်းပိုင်းကို ပိတ်ထားပြီးနောက် ဖားကန့်ဒေသခံတွေဟာ အေးမြသာယာကနေ ရှရော်ခနဲ့ ဆန်းကြွယ်ကို ဖြတ်သန်းတဲ့ လမ်းပိုင်းကိုသာ အဓိက အသုံးပြုနေရတာပါ။
နောက်ထပ် ဒေသခံတစ်ဦးကလည်း အေးမြသာယာရပ်ကွက် ကုတ်ကုတန်းလျားအနီးမှာ ဂိတ်အသစ်ဖွင့်ပြီးနောက် ကားတစ်စီးချင်းစီကို စစ်ဆေးနေတာ တွေ့ရတယ်လို့ ပြောပါတယ်။
“ဒီတလောက ဂိတ်အသစ်ထပ်လုပ်ပြီးတော့ကို စစ်နေတာ။ အခုဂိတ်အသစ်ထုတ်ထားတဲ့ နေရာက အေးမြသာယာ ကုတ်ကုတန်းလျားလေးရှိတယ်။ အဲ့မှာ တစ်စီးပြီးရင် တစ်စီးစစ်နေတာ တွေ့ရတယ်” လို့ ပြောပါတယ်။
ဂိတ်အသစ်ဆောက်လုပ်မယ့်နေရာတွေမှာ အရင်ဆုံး သီတင်းကျွတ်အလှူခံတဲ့ပုံစံနဲ့ နေရာယူခဲ့ပြီးနောက် စစ်တပ်ဂိတ်အဖြစ် ပြောင်းလဲဆောက်လုပ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ လက်ရှိဂိတ်တွေမှာလည်း စစ်ရေးအတွက် အသုံးပြုနိုင်ဖို့ ဘန်ကာနဲ့ ကတုတ်ကျင်းတွေ အခိုင်အမာ ဆောက်လုပ်ထားတယ်လို့ သိရပါတယ်။
စစ်တပ်ဘက်က ဂိတ်အသစ်တွေ တိုးချဲ့လာတဲ့အပေါ် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ဖို့ ကြိုးစားခဲ့ပေမဲ့ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ငဲ့ကွက်ပြီး လက်ရှိမှာ စောင့်ကြည့်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်တပ် ဂိတ်တွေကြောင့် ပြည်သူတွေ ထိခိုက်လာရင် တာဝန်ယူနိုင်မှာမဟုတ်ကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့ဘက်က သတိပေးထားတယ်လို့ သိရပါတယ်။
ဖားကန့်ဒေသမှာ လယ်ပြင်ဂိတ်နဲ့ မရှီကထောင်ဘက် ပန်းတင်တံတားပေါ်က စစ်တပ်ဂိတ်တွေဟာ အခိုင်အမာ ဆောက်လုပ်ထားတဲ့ ဂိတ်တွေဖြစ်ပြီး လက်ရှိမှာတော့ အဲဒီဂိတ်တွေအပြင် ခိုင်ခံ့တဲ့ ဂိတ်အသစ် ၂ ခု ထပ်တိုးလာတာ ဖြစ်ပါတယ်။
စစ်ရေးအရ ၆ လဝန်းကျင် ငြိမ်သက်နေခဲ့တဲ့ ဖားကန့်ဒေသမှာ နိုဝင်ဘာလအတွင်း စစ်တပ်ဘက်က ဂိတ်တွေတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေ ဆက်လုပ်လာတာကြောင့် နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာလာနိုင်တယ်လို့ ဖားကန့်မှာနေထိုင်တဲ့ပြည်သူတွေက သုံးသပ်နေကြပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




