စစ်ပြေးဒုက္ခသည်များသတင်း

ရွှေညောင်ပင်ဒေသခံများ အောင်မြေ (၁) သို့ တိမ်းရှောင်

ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင် ကျေးရွာမှာ တိုက်ပွဲဖြစ်လာမယ့်အခြေအနေတွေကြောင့် ဒေသခံပြည်သူတွေ ကြိုတင် ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ သိရပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်း ၂ နာရီလောက်က ဒေသခံတွေဟာ နီးစပ်ရာ အောင်မြေ ၁ ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရွှေညောင်ပင် ဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်။

“အခုဆို ရွာထဲမှာ စစ်သားတွေအပြည့်ဘဲ ၊ နေ့နေ့ညည အချိန်မတော် သေနတ်တွေနဲ့ လည်းပစ်တယ်၊ လေယာဉ်တွေနဲ့ လည်း ပစ်တော့ ပြည်သူတွေမနေရဲတော့ဘူးလေ၊ ဒီနေ့လည်း ရွာထဲမှာတောင်ပစ်နေကြပြီ၊ အခုလည်း လေယာဉ်တွေ ပျံနေတယ်” လို့ပြောပါတယ်။

လက်ရှိမှာတော့ နေအိမ်စောင့်ဖို့အတွက် ယောကျ်ားသားတစ်ချို့ကျန်နေခဲ့ပြီး သက်ကြီးရွယ်အို၊ အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ရွာကနေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ထွက်ပြေးလာတဲ့ ရွှေညောင်ပင်ဒေသခံတွေဟာ အောင်မြေ (၁) KBC ခရစ်ယာန်ဘုရားကျောင်းဝန်းထဲ ယာယီခိုလှုံနေရတယ်လို့ ဆိုပါတယ်။

“ရုတ်တရက်ဆိုတော့ ကျွန်တော်တို့လည်း အကုန်အံ့ဩနေကြတာပေါ့၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်းမသိ လူတွေအများကြီးဆိုတော့လေ အိမ်သာတွေလည်း မလောက်တော့ အခုအဲ့တာတွေ လုပ်ဖို့စီစဉ်နေကြတာပေါ့၊ ပစ္စည်းတွေတောင် အကုန် ဒီအတိုင်းဘဲ ရှိနေသေးတယ်၊ ဟောခန်းမှာဘဲ မိုးကာခင်းပြီး ဖြစ်သလိုဘဲ လုပ်ထားရသေးတယ်” လို့ အောင်မြေ (၁) ရှိ Bansa Zi-Un အသင်းတော်က ဆရာတစ်ပါးက ပြောပါတယ်။

ရွှေညောင်ပင်ကျေးရွာမှာ အိမ်ထောင်စု ၅၀၀ ဝန်းကျင်နဲ့ လူဦးရေ ၂ထောင်ကျော်ရှိရာကနေ အောင်မြေ (၁) ကျေးရွာအတွင်း ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွှေညောင်ပင်ဒေသခံ အယောက် ၃၀၀ ဝန်းကျင်လောက်ရှိပြီးတော့ ကျန်တဲ့ဒေသခံတွေကတော့ နီးစပ်ရာကျေးရွာ၊ ဆွေမျိုးတွေရှိတဲ့နေရာနဲ့ တစ်ချို့ကတော့ ကျေးရွာနဲ့ ဝေးတဲ့ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း ရွှေညောင်ပင် ကျေးရွာအတွင် စစ်ရေးအခြေအနေ တွေ မကောင်းတာကြောင့် သက်ကြီးရွယ်အိုတွေကို အောင်မြေ ၁ ကျေးရွာမှာ ရွေ့ပြောင်း ပေးခဲ့ပေမဲ့ ဒီဇင်ဘာ ၁၆/၁၇ လောက်မှာ ပြန်သွားကြပြီဖြစ်ပေမဲ့ ဒီကနေ့မှာတော့ ကျေးရွာအတွင်းကနေ တစ်ရွာလုံး ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာ ဖြစ်ပါတယ်။

ရွှေညောင်ပင်ဒေသခံတွေဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော် နဲ့ စစ်ကောင်တပ်တို့ကြား တိုက်ပွဲပြင်းထန်လာတာကြောင့် ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တွေမှာ မြစ်ကြီးနား စီတာပူ စစ်ရှောင်စခန်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးတော့ ၂၀၂၁ ခုနှစ်မှာ ပြန်လည် နေရပ်ပြန်ခဲ့တဲ့သူတွေဖြစ်ပါတယ်။

Show More

Related Articles

Back to top button